နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Eastern Economic Forum-2022 ၏ မျက်နှာစုံညီအစည်းအဝေး Plenary Session ၌ တက်ရောက် ပါဝင်ဆွေးနွေး

နေပြည်တော် စက်တင်ဘာ – ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့၊ Far Eastern Federal University (FEFU)၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျား    စီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session ၌ ယနေ့ညနေပိုင်းတွင် ပါဝင် တက်ရောက် ဆွေးနွေး သည်။

အဆိုပါ အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယား နိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ  Mr. Li Zhanshu တို့နှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊   ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး နှင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ စီးပွားရေး ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေး၌  ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာဗလာဒီမာပူတင်က ကိုယ်တိုင်တက်ရောက်၍ ရုရှားအရှေ့ဖျားဒေသ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အခြေ အနေများ၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယှဉ်ပြိုင်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးမည့် အခြေအနေများ၊ အထူးစီးပွားရေးဇုန်များ ထူထောင်ထား၍ အာရှနှင့်ပစိဖိတ်ဒေသမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ ဆိပ်ကမ်းများကို ဆက်သွယ်ရေးနည်းပညာအသုံးပြု အဆင့် မြှင့်တင်၍ ကုန်စည်သင်္ဘောများချိတ်ဆက် သွားလာနိုင်မည့်   ဆိပ်ကမ်းကြီးတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်နေမှုအခြေအနေများ၊ အာရှနှင့်ဥရောပကို ချိတ်ဆက် ပေးမည့် မြောက်ပိုင်း ပင်လယ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာရေး ဆောင်ရွက်သွား မည့် အခြေအနေများကိုဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “စားနပ် ရိက္ခာလုံခြုံရေး (Food Security) ကဏ္ဍတွင် မြန်မာနိုင်ငံ၏ အရေးပါမှုနှင့် ရင်းနှီး မြှုပ်နှံမှု အတွက် အခွင့်အလမ်းကောင်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် လူသားများ အသက်ရှင်နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သော စွမ်းအင် (Energy) ကို အစားအသောက်များမှ ရရှိခြင်းဖြစ်သည့် အားလျော်စွာ စားနပ်ရိက္ခာ လုံခြုံမှု ရှိရေး(Food Security)သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သက်ရှိ လူသား များ အားလုံးအတွက် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခုပင် ဖြစ်ပါ ကြောင်း၊ စားနပ်ရိက္ခာလုံခြုံရေး (Food Security)ဆိုသည်မှာ နိုင်ငံတစ်ခု အတွင်း နေထိုင်ရှင်သန် ရပ်တည်လျက်ရှိသည့် သက်ရှိများအားလုံးအတွက် လုံလောက်သော စားနပ်ရိက္ခာ ထောက်ပံ့ပေးနိုင်ခြင်းပင် ဖြစ်သည်ဟု လွန်ခဲ့သော ဆယ်စုနှစ် များစွာ တိုင်အောင် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါကြောင်း၊ သို့ရာတွင် ဖွံ့ဖြိုးတိုးတက်လာသော ကုန်သွယ်ရေးလုပ်ငန်းများနှင့်အပြိုင် နိုင်ငံအသီးသီးအလိုက် စားသုံးကုန်များ ထုတ်လုပ်လာရာမှ ယနေ့ခေတ်တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆိုမှုသည် ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ပြည်တွင်း၌ မထုတ်လုပ်နိုင် သည့် စားသုံးကုန်များကို နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူတင်သွင်းမှုများ ပြုလုပ် လာကြသဖြင့် ဘဏ္ဍာရေးလုံခြုံမှု (Financial Security) သည်  စားနပ်ရိက္ခာလုံခြုံရေး (Food Security)အပေါ် လွှမ်းမိုးလာလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။

စားနပ်ရိက္ခာလုံခြုံရေး (Food Security) တွင် အဓိကကျသော  စိုက်ပျိုးရေး အတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ အပါအဝင် အထောက်အကူ ပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့ နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲ ပြီး ဖြစ်လာသည့် ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိသည့်အတွက် နိုင်ငံငယ်များသည် နိုင်ငံကြီးများ၏ ဒေါ်လာအနိုင်ကျင့်မှု ခံနေရပြီး နိုင်ငံရေး၊ စီးပွားရေး ကိစ္စရပ်များတွင် နိုင်ငံကြီးများအား လွန်ဆန်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ပါကြောင်း၊  မိမိတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းတွင် ရူဘယ်၊ ယွမ်၊ ရူပီး စသည့် ငွေကြေးများအား ဒေါ်လာအစားထိုးအဖြစ် အသုံးပြုသွားနိုင်ပါကြောင်း၊ ထို့အပြင် တိုက်ရိုက် ကုန်စည်ဖလှယ်မှုစနစ် (Barter System)ကိုလည်း ဒေါ်လာ အစားထိုး ဆောင်ရွက်နိုင်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံငယ် များအနေဖြင့် ငွေကြေးအနိုင်ကျင့်ခံရမှုအခက်အခဲကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း၊ အင်အားကြီး မိတ်ဆွေနိုင်ငံများကလည်း ဝိုင်းဝန်းကူညီပေးနိုင်ပါရန် မေတ္တာရပ်ခံလို ပါကြောင်း။

နိုင်ငံတစ်ခုတွင် စားနပ်ရိက္ခာလုံခြုံရေးကို ပြီးပြည့်စုံစွာ အကောင်အထည် ဖော်ရာ၌ လုံလောက်သော စားနပ်ရိက္ခာပမာဏ ရရှိနိုင်မှု၊ ဈေးနှုန်းသင့်တင့်သော စားနပ်ရိက္ခာရရှိနိုင်မှုနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားနပ်ရိက္ခာရရှိနိုင်မှုတို့ ပြည့်စုံရန် လိုအပ်ပါကြောင်း၊ နိုင်ငံတစ်ခု အတွင်း ကျန်းမာရေးနှင့်ညီညွတ်သော အစား အသောက်များကို သင့်တင့်သောဈေးနှုန်းဖြင့် လွယ်ကူလုံလောက်စွာ ဝယ်ယူနိုင်မည် ဆိုပါက အဆိုပါနိုင်ငံကို စားနပ်ရိက္ခာ ပြည့်စုံကုံလုံသောနိုင်ငံအဖြစ် မှတ်ယူနိုင်မည်ပင် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ခု၏ စားနပ်ရိက္ခာလုံခြုံရေးနှင့်ပတ်သက်၍ အဓိက စိန်ခေါ်နေ သည့် အချက်များမှာ လူဦးရေတိုးမြင့်လာခြင်း၊ စားနပ်ရိက္ခာလိုအပ်ချက် (Demand) မြင့်တက်လာခြင်း၊ စားနပ်ရိက္ခာဈေးနှုန်း အပြောင်းအလဲများရှိခြင်း၊ စိုက်ပျိုးသီးနှံပင် မျိုးစိတ်များ ရှားပါးလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် ရေနှင့်စိုက်ပျိုးမြေ ရှားပါးလာခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် စားနပ်ရိက္ခာပြုန်းတီးမှုနှင့် ဖြုန်းတီးမှုများရှိနေခြင်းတို့ပင် ဖြစ်ပါ ကြောင်း။

ကမ္ဘာ့လူဦးရေသည် လွန်ခဲ့သည့်နှစ်များအတွင်း တိုးပွားလာခဲ့ပြီး လူသားများ သက်တမ်းကြာရှည်စွာ ရှင်သန်နေထိုင်နိုင်မှု မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လတွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံသို့ ရောက်ရှိမည် ဖြစ်ပါကြောင်း၊ သုတေသီများ နှင့် ပညာရှင်များကလည်း ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၈.၅ ဘီလီ ယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉.၇၃ ဘီလီယံနှင့် ၂၁၀၀ ပြည့်နှစ်တွင် ၁၀.၄ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်ကို တွေ့ရှိရပါကြောင်း၊  လူတိုင်းအတွက် စားရေးသည် နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် အဓိကကျပါကြောင်း၊ ဝတ်ရေး၊ နေရေးသည် နေ့စဉ် လိုအပ်ချက် မဟုတ်ပါကြောင်း၊ ထို့ကြောင့် စားရေးကို အဓိကထား ဖြေရှင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လူဦးရေတိုးမြင့်လာခြင်းနှင့်အတူ စားနပ်ရိက္ခာလိုအပ်မှု (Demand) သည်လည်း အချိုးကျမြင့်တက်လာမည်ဖြစ်ပြီး အထူးသဖြင့် ဆန်၊ ဂျုံ အစရှိသည့် အခြေခံစားကုန်များ၊ ဆီနှင့် ဆီထွက်သီးနှံများ၊ အသားနှင့် အသားထွက်ကုန်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများနှင့် အသီးအနှံများ၏ဝယ်လိုအားသည်လည်း သိသာစွာ မြင့်တက် လာမည် ဖြစ်ပါကြောင်း။

မိမိတို့ မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှဒေသသည် သဘာဝ ပထဝီ ဝင်အရ သမုဒ္ဒရာကြီးနှစ်ခုကို ဆက်သွယ်ပေါင်းကူးပေးရာတွင် အချက်အချာကျသည့် နေရာ၌ တည်ရှိနေသည့်အားလျော်စွာ အင်ဒို- ပစိဖိတ်ဒေသကြီးတွင် အရေးပါသော နေရာမှ ပါဝင်နေလျက်ရှိပါကြောင်း၊ ထို့အတူ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN)၏ အဖွဲ့ဝင်နိုင်ငံများသည်လည်း ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာရှိသော နိုင်ငံများ အဖြစ် ရပ်တည်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။

အာဆီယံအဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ(၁၀)နိုင်ငံပါဝင်ပြီး လူဦးရေ စုစုပေါင်း ၆၆၀ သန်းကျော် မှီတင်းနေထိုင်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အတွင်း အဓိက စားကုန်များဖြစ်သည့် ဆန်စပါး မက်ထရစ်တန်ချိန် ၁၉၁ သန်းကျော်၊ ပြောင်း မက်ထရစ်တန်ချိန် ၄၅ သန်းကျော်၊ ကြံ မက်ထရစ် တန်ချိန် ၁၄၄ သန်းကျော်နှင့် ပီလောပီနံ မက်ထရစ်တန်ချိန် ၇၉ သန်းကျော် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြေခံစားသောက်ကုန်များအား ပမာဏ အမြောက် အမြား ထုတ်လုပ်နိုင်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ကမ္ဘာ့စားနပ် ရိက္ခာလုံခြုံရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရမှာဖြစ်ပါ ကြောင်း၊ ကုန်သွယ်မှုကဏ္ဍတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၀ ပြည့်နှစ် အတွင်း ကုန်သွယ်မှုတန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂.၆ ထရီလီယံ နီးပါးရှိခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလီ ယံ ခန့်သာရှိပြီး အာဆီယံပြင်ပနိုင်ငံများနှင့် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်သည့်အတွက် အာဆီယံပြင်ပကုန်သွယ်မှုသည် သိသိသာသာပိုများ သည်ကို တွေ့နိုင်ပါကြောင်း။

အာဆီယံဒေသကြီးတွင် အသားတင်စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃၉ သန်းကျော်ရှိပြီး အဓိကဆန်စိုက်ပျိုးသည့် နိုင်ငံများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်စိုက်ပျိုးနိုင်မှုသည် ဟက်တာ ၂၃ သန်းကျော်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယင်းမြေအားလုံးတွင် ဆန်စပါးစိုက်ပျိုးမှု ရာသီမရွေးဆောင်ရွက်နိုင် ရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အရင်းအမြစ်ကောင်းများ ဖြစ်သည့် စိုက်ပျိုးမြေနှင့် သဘာဝသစ်တောဧရိယာများ၊ သဘာဝမြစ်ချောင်း အင်းအိုင် များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ အတွင်း စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ ၁၃ သန်းကျော်ရှိပြီး ဆန်၊ ပဲနှင့် ပြောင်းကို အဓိကတင်ပို့သည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ရေအရင်းအမြစ်များစွာရှိသည့် အားလျော်စွာ စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင် နှမ်းနှင့် ဝါသီးနှံတို့ကို အများဆုံး စိုက်ပျိုးလျက် ရှိပါကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security) အတွက် ရိက္ခာထုတ်လုပ်ရန် အတွက် မျိုးကောင်းမျိုးသန့်၊ မြေဩဇာ၊ စိုက်ပျိုးရေ၊ စိုက်နည်းစနစ်များ ပြည့်စုံ ကောင်းမွန်ရန် လိုအပ်ပြီး အဓိကမှာ အပင်များအတွက် မြေဩဇာနှင့် ထွန်ယက်   စိုက်ပျိုးရန်အတွက် ဒီဇယ်ဆီလည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိတ်ဆွေနိုင်ငံများမှ ကူညီဖြည့်တင်းပေးနိုင်မည်ဆိုပါက စိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ၂ ဆခန့် တိုးမြှင့်နိုင်မည်ဖြစ်ပြီး စားနပ်ရိက္ခာလုံခြုံမှု (Food Security)အတွက် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ကပင် ပြည်တွင်းစားနပ်ရိက္ခာဖူလုံသည့်အပြင် ပိုလျှံသော စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက် ရှိပါ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင် ထားသည့်  နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း အခွင့်ကြုံခိုက် ပြောကြားလိုပါကြောင်းနှင့် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ လုပ်ကွက် ၅၁ ကွက် သတ်မှတ်ထားရှိပြီး လုပ်ကွက် ၈ ကွက်မှာ သဘာဝဓာတ်ငွေ့များ တွေ့ရှိတူးဖော်ပြီး ပြည်တွင်း၊ ပြည်ပ တင်ပို့ ရောင်းချလျက်ရှိပါကြောင်း၊ လက်ရှိတွင် လည်း ဘင်္ဂလားပင်လယ်အော်အတွင်း၌ သဘာဝဓာတ်ငွေ့ ၂ ထရီလီယံကုဗပေကျော် တွေ့ရှိခဲ့ပြီး မကြာမီ စီးပွားဖြစ်ထုတ်ယူနိုင်တော့မည်ဖြစ်ပါကြောင်း၊ အလားတူ ထိုထက်ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက်တစ်ခုကို တူးဖော်နိုင်မည့် အလားအလာများ လည်း တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နောင်လာမည့် ၃ နှစ်အတွင်း မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ် သည့်အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ပါ ဝင်စားသူများကို ဖိတ်ခေါ် အပ်ပါကြောင်းဖြင့် ပြောကြားလိုပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ရှာဖွေ ဖော်ထုတ်ခြင်း မပြုရသေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့သိုက်များစွာ ကျန်ရှိနေပါ သေးကြောင်း၊ အလားတူ ကြေးနီ၊ သံ၊ ခဲမဖြူ စသည့် သတ္တုများလည်း ကမ္ဘာ့ဈေးကွက် သို့ တင်ပို့နိုင်သည့် ထုတ်လုပ်မှု လုပ်ငန်းများရှိပါကြောင်း။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ စိုက်ပျိုးရေးနှင့် ရေထွက်ကုန် ပစ္စည်းများ တင်ပို့ လျက်ရှိသကဲ့သို့ အပြန်အလှန်အားဖြင့် ဓာတ်မြေဩဇာ၊ စက်သုံးဆီနှင့် အခြားသော ရေနံထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံမှ တင်သွင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကဏ္ဍများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက် ပိုမိုတိုးမြှင့်နိုင်မည် ဆိုပါက မိမိတို့ နှစ်နိုင်ငံအတွက် အကျိုးစီးပွား ပိုမိုဖြစ်ထွန်းလာစေမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ယခုဖိုရမ်သို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ၊ သတ္တု ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံတန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ စက်သုံးဆီ သိုလှောင်ကန်နှင့် အခြားအခြေခံအ‌ဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ရာဘာအခြေခံ စက်မှုကုန်ထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ၊ သတင်းအချက်အလက် နည်း ပညာနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍများ၊ အထည်ချုပ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် အခြား  ပြည်ပ ကုန်သွယ်ရေးအတွက်ကိုလည်း အခွင့်အလမ်းများစွာ ပေးအပ်နိုင်စွမ်းရှိသည်ကို  ပြောကြားလိုပါကြောင်း။

ယခုကျင်းပပြုလုပ်သည့် Eastern Economic Forum-2022 ကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များသည်လည်း ယူရေးရှား ဒေသတွင်း မိတ်ဖက်နိုင်ငံ များအကြား ဆက်ဆံရေးအား ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံများအကြားတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမိတ်ဖက်နိုင်ငံများ ပြုလုပ်ခြင်းဖြင့် အပြန်အလှန် ထိတွေ့ဆက်ဆံဆက်သွယ်ဆောင်ရွက်မှုလုပ်ငန်း ယန္တရားများ ရှိလာမည်ဖြစ်ကာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အရှေ့ပိုင်း ဒေသအား အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုကိုလည်း တွန်းလှန်နိုင်မည် ဖြစ်ပါကြောင်း၊ အာရှဒေသတွင်းနိုင်ငံများအကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးအား တည်ထောင်နိုင်ခြင်းဖြင့် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ဆက်သွယ်သော နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခု (International North South Transport Corridor-INSTC)ကို ဖော်ဆောင်နိုင်မည်ဖြစ်ရာ ထိုမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ ထွန်းကားလာမည်ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၏ ပထဝီ နိုင်ငံရေးအရ တည်ငြိမ်မှုရှိရေးကိုလည်း ပို၍ခိုင်မာအားကောင်းလာစေမည် ဖြစ်ပါ ကြောင်း၊ အာရှဒေသတွင်း အင်အားတောင့်တင်းခိုင်မာသည့် တရုတ်၊ အိန္ဒိယနိုင်ငံ တို့နှင့် အာဆီယံ၊ BIMSTEC အဖွဲ့တို့အနေဖြင့် ရုရှားနိုင်ငံနှင့် ခိုင်မာသောဆက်ဆံရေး အား ထူထောင်ခြင်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးပေးရာ ရောက်မည်ဟု ယုံကြည်ပါကြောင်း။

မျက်မှောက်ကာလတွင် အာရှ-ပစိဖိတ်ဒေသသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာလျက်ရှိသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သင့်တော်သော ဒေသတစ်ခု ဖြစ်သည်ကို  တွေ့ရှိရပါကြောင်း၊ အာဆီယံ အဖွဲ့သည်လည်း အာရှ-ပစိဖိတ်ဒေသတွင်း ၌ အချက်အချာကျစွာ တည်ရှိနေသည့်အားလျော်စွာ ဒေသတွင်း သံတမန်ဆက်ဆံရေး နှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ဦးဆောင်နိုင်သည့် အနေအထားတွင် ရှိနေပါကြောင်း၊ ထို့အပြင် အာဆီယံသည် မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အားပြိုင်မှုအကြားတွင် ရှိနေပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးကဏ္ဍ များတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေသည့်အပြင် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းများ သည်လည်း အရှေ့တောင်အာရှဒေသမှ တစ်ဆင့် ဖြတ်သန်းဆောင်ရွက်ရလျက်ရှိသဖြင့် အာဆီယံ၏ ဗဟိုချက်မ ကျမှု (ASEAN Centrality)ကို အထင်အရှားမြင်တွေ့နိုင်ပါ ကြောင်း။

မိမိသတိပြုမိသည့် အချက်အနေဖြင့် အာဆီယံဒေသမှ ရုရှားနိုင်ငံအလယ် ပိုင်းသို့ အနီးဆုံးကုန်းလမ်းကြောင်း ၁ ခုနှင့် အာဆီယံဒေသမှ တောင်အာရှဒေသ၊ ပင်လယ်ကွေ့ဒေသနှင့် အလယ်အာရှဒေသတို့ကို ဖြတ်သန်းပြီး ရုရှားနိုင်ငံသို့ ဆက်သွယ်ရေးလမ်းကြောင်း ၁ ခု မဖြစ်မနေ လိုအပ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ဆောင်ရွက်နေသည့် Belt and Road Initiative(BRI) နှင့် ပေါင်းစပ်ဆောင်ရွက် နိုင်ပါ ကြောင်း၊ အာဆီယံအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သော မိမိတို့ မြန်မာနိုင်ငံသည် ပထဝီ ဝင်မြေအနေအထားအရ အရှေ့တောင်အာရှ၊ တောင်အာရှဒေသတွင်းနိုင်ငံများနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ အနောက်ဥရောပ နိုင်ငံများနှင့် အာရှအရှေ့ပိုင်းဒေသများသို့ ကူးလူးဆက်သွယ်ရာတွင်လည်းကောင်း အဓိကကျသောနေရာတွင် တည်ရှိနေပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အဆင်ပြေချောမွေ့စေရေး လိုအပ်သည့် ဥပဒေများပြဋ္ဌာန်း၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သို့ဖြစ်ရာ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက ထုတ်ကုန်များကို ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချရာ တွင် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိစေမည် ဖြစ်သည့်အပြင် ကမ္ဘာ့စားနပ်ရိက္ခာလုံခြုံရေး (Food Security) အတွက် များစွာ အထောက်အကူပြုစေမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရေး  ဖိတ်ကြားပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ဆွေးနွေး မှုနှင့် ပတ်သက်၍ အခမ်းအနားမှူးက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေး ပြောကြားခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ကလည်း ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

ထို့နောက် အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂို လီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu တို့က   သက်ဆိုင် ရာ ခေါင်းစဉ်များအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ကြပြီး   အရှေ့ဖျားဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အာရှ-ပစိဖိတ်ဒေသနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ကြရာ အခမ်းအနားမှူးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ တို့က အကြောင်းအရာအများ သဘောထားအမြင်များကို ပြန်လည်ဆွေးနွေးပြောကြား ခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Narendra Modi၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် H.E. Ismail Sabri Yaakob နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh တို့ကလည်း Video Message များ ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် လက်ရှိကမ္ဘာတွင် ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရပ်တည်ချက်များနှင့် ပတ်သက်၍ အခမ်းအနားမှူး၏ သိရှိလိုသည့်  မေးမြန်းမှုများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက အကြောင်းအရာ တစ်ခုခြင်းစီအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan၊ မွန်ဂိုလီးယား နိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ  Mr. Li Zhanshu တို့သည် ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်သည် ရုရှားအရှေ့ဖျား ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အာရှ-ပစိဖိတ်ဒေသနှင့် ပူးပေါင်း ဆောင်ရွက်မှု ကို မြှင့်တင်ရန်ရည်ရွယ်ပြီး အရှေ့ဖျားစီးပွားရေးဖိုရမ်အား ၂၀၁၅ ခုနှစ်မှစတင်၍ နှစ်စဉ် ကျင်းပခဲ့ရာ ယခုအကြိမ်သည် (၇) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း၊ ရုရှား အရှေ့ဖျားဒေသသည် ယူရေးရှားနိုင်ငံများ၏ အရှေ့အစွန်ဆုံး ဒေသဖြစ်ပြီး အာရှနိုင်ငံ များ၊ အာရှ-ပစိဖိတ်နိုင်ငံများနှင့်ချိတ်ဆက်ရာ၌ ဗဟိုချက် အဖြစ်အသုံးချ၍ ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှသည် ကမ္ဘာ့စီးပွားရေး ပေါင်းစည်းနိုင်မှုအထိ ဦးတည်ဆောင်ရွက်သွားရန်ရည်ရွယ်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ အစပြု ဆောင်ရွက် လျက်ရှိသည့် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာ တစ်ခုလည်းဖြစ်ကြောင်း၊ ဖိုရမ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ကျင်းပခြင်းဖြစ်သည့်အားလျော်စွာ နိုင်ငံအသီးသီးမှ ပါဝင် တက်ရောက်သူများ ရောဂါအန္တရာယ် ကင်းရှင်းစေရေးအတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ လာရောက်ရာတွင်လည်းကောင်း၊ ဖိုရမ်ကျင်းပရာနေရာနှင့် အရေးကြီး ဆွေးနွေးပွဲများသို့ တက်ရောက်ရာတွင်လည်းကောင်း ကျန်းမာရေး ဆေးစစ်မှုများ ဆောင်ရွက်ခဲ့ရပြီး ဖိုရမ်ကျင်းပနေစဉ်အတွင်း WHO မှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးကန့်သတ်ချက်များနှင့်အညီ ကျင်းပခဲ့ ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၉၀ ကျော်မှ  ကိုယ်စားလှယ်များ၊ သံအရာရှိ များ၊   စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် မီဒီယာများ  တက်ရောက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။