တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်ဂုဏ်ပြု

 

နေပြည်တော်၊ ဇန်နဝါရီ – ၄

မြန်မာ့အဘိဓာန်တွင် “စွမ်းအား” ဆိုသည်မှာ “လုပ်ကိုင်ဆောင်ရွက်နိုင်သော အင်အား” ဟု ဖော်ကျူးထားသည့်အတွက် လက်ရုံးရည်သာဖြစ်ကြောင်း၊ “စွမ်းရည်” ဟူသည် “လုပ်ကိုင်ဆောင်ရွက်နိုင်သောအရည်အချင်း”ဟု အဓိပ္ပာယ်ရသည့်အတွက် နှလုံးရည်ဟု ဆိုနိုင်ကြောင်း၊ ယနေ့အခမ်းအနားတွင် လက်ရုံးရည်နှလုံးရည်ရှိပြီး ပေးဆပ်ရဲ၊ စွန့်လွှတ် စွန့်စားရဲ၊ ရဲဘော်ရဲဘက်စိတ်ရှိပြီး မှန်ကန်သည့်ဆုံးဖြတ်ချက်ရှိခဲ့သူများအနက် ၎င်းတို့၏ ဆောင်ရွက်ခဲ့မှုအပေါ် နိုင်ငံတော်ကအသိအမှတ်ပြုချီးမြှင့်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ထူးကဲစွာဆောင်ရွက်သူများ၊ အကျိုးဆောင်သူများအား ချီးမြှင့်သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များတွင် အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေ စည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့ တို့ဖြစ်ပြီး တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာဘွဲ့များတွင် အောင်ဆန်းသူရိယဘွဲ့၊ သီဟသူရဘွဲ့၊ သူရဘွဲ့တို့ဖြစ် ကာ စွမ်းဆောင်မှုဆိုင်ရာဘွဲ့များတွင် သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပံကျော်စွာဘွဲ့ တို့ဖြစ်ကြောင်းနှင့် ထိုဘွဲ့များကို ချီးမြှင့် အပ်နှင်းခြင်းခံရသောပုဂ္ဂိုလ်၏ အမည်ရှေ့တွင် ဖော်ပြခေါ်ဝေါ်သုံးစွဲခွင့်ရှိခြင်းသည်လည်း နိုင်ငံသားတစ်ယောက်၏ တန်ဖိုးမဖြတ်နိုင်သည့် ဂုဏ်ဒြပ်တစ်ခုပင်ဖြစ် ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများသို့ ဂုဏ်ထူးဆောင်တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ် (လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ် လက်ခံရယူကြမည့် အရာရှိ၊ စစ်သည်များနှင့် အမွေခံများ တက်ရောက် ကြသည်။

 

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အခမ်း အနားသည် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ အားလုံးအတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် အသက်နှင့် ခန္ဓာကိုယ်ကိုပဓာနမထားဘဲ “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်” ဆိုသည့် သန့်ရှင်းမွန်မြတ်သည့် ခံယူချက်၊ အသက်ထက်မြတ်သည့် ဂုဏ်ဒြပ်စိတ်၊ စွန့်လွှတ်အနစ်နာခံသည့်စိတ်များဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများကို တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်အပ်နှင်းသည့် အခမ်းအနား ပင်ဖြစ်ကြောင်း၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအားလုံး နှစ်သစ်ကာလမှစ၍ ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံနိုင်ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒများနှင့် ပြည့်၀ပါစေဟု ဆုမွန်ကောင်းတောင်း၍ နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသောအာမခံချက်သည် ရိုသေခန့်ညားလောက်သည့် ကာကွယ်ရေး စွမ်းအားစု တည်ဆောက်၊ ပိုင်ဆိုင်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်များဖွဲ့စည်းထူထောင်ပြီး နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၇ နှင့် ၃၃၉ တို့တွင် “တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း၊ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော် ကဦးဆောင်ရမည်” ဟု အတိအလင်းပြဋ္ဌာန်းထား ကြောင်း၊ ယင်းသို့ပြဋ္ဌာန်းရခြင်းသည် မိမိတို့တပ်မတော် စတင်ပေါ်ပေါက်လာရသည့်အကြောင်းအရင်း၊ တပ်မတော် တည်ထောင်ရခြင်း၏ မူလရည်ရွယ်ချက်၊ တပ်မတော် ဖွဲ့စည်းထူထောင်ရာတွင် အမာခံ၊ အမြူတေအဖြစ်ပါဝင်ခဲ့သည့် လူ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ စသည်တို့အပေါ်မူတည်ပြီး ဖြစ်လာရခြင်းပင်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ပြောကြားရာတွင် “တို့တပ်မတော်သားတွေဟာ နိုင်ငံတော်အပေါ်သစ္စာစောင့်သိရိုသေရာမှာ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထု ပိုင်နက်နယ်မြေကို မယုတ်မလျော့ရအောင် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ခြင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရခြင်းဖြစ်တယ်။ ထို့အတူ နိုင်ငံသားတို့အပေါ် သစ္စာစောင့်သိရိုသေရာတွင် တိုင်းရင်းသားပြည်သူတို့ရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနဲ့ အမျိုးသားအကျိုးစီးပွားကို တည်ဆောက်ကာကွယ်ခြင်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြရတာဖြစ်တယ်။ ဒီလိုထမ်းဆောင်မှုတွေကို တို့နိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနဲ့ ယှဉ်တွဲသိမြင် နိုင်သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း နယ်ချဲ့တို့ရဲ့ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက်ကြောင့် ပေါ်ပေါက်လာခဲ့ရတဲ့ ခွဲထွက်ရေး၊ ကွဲအက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများ၊ လက်နက်ကိုင် သောင်းကျန်းမှုများကြောင့် “တိုင်းပြည်ကနုနု၊ မုန်တိုင်းကထန်ထန်” ဆိုတဲ့ အခြေအနေ တွေမှာ တို့တပ်မတော်ရဲ့ ထူးခြားပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တွေကိုကြည့်လျှင် သိနိုင်မှာပဲဖြစ်တယ်။ လွတ်လပ်ရေးရပြီးချိန်မှစပြီး မျက်မှောက်ကာလ လက်ရှိအခြေအနေ ကို ရောက်ရှိသည့်တိုင်အောင် နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို စောင့်ရှောက်ကာကွယ်ရင်း နိုင်ငံတော်၏သမိုင်းတစ်လျှောက် တိုင်းပြည်တည်ဆောက်ရေး (Nation Building)၊ နိုင်ငံတည်ဆောက်ရေး(State Building )လုပ်ငန်းစဉ်တွေမှာပါ အမျိုးသားနိုင်ငံရေးတာဝန်တစ်ရပ်အနေနဲ့ တို့တပ်မတော်ဟာ ပါဝင်ထမ်းဆောင်ခဲ့ရတယ်။ တို့တပ်မတော်အနေနဲ့ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” လို့အခိုင်အမာပြောကြားလိုတယ်။”

တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ရာတွင် သာလွန်သည့် စွန့်လွှတ်အနစ်နာခံမှုများဖြင့် ထမ်းဆောင်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ ထမ်းဆောင်ရာတွင် မိမိတို့တပ်မတော်သားများသည် သာမန်ထက်သာလွန်သည့် စွမ်းအား အပြည့်ရှိသည့် စွမ်းရည်သတ္တိများကိုပြသနိုင်ခဲ့ကြကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန်များနှင့်ပုဂ္ဂိုလ်များ၊ အမျိုးသားရေး ဝါဒကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များ၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် ထူးခြားစွာအားထုတ် ကြိုးပမ်းခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ရွပ်ရွပ်ချွံချွံတာဝန်ထမ်း ဆောင်ခဲ့သူများ စသည့် ချီးမြှင့်ထိုက်သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များကို ချီးမြှင့်အပ်နှင်း ခြင်းဖြစ်ကြောင်း။

မိမိတို့ တပ်မတော်သားများသည် တပ်မတော်အတွင်းကို မည်သူ၏ တိုက်တွန်း ချက်မျှမပါဘဲ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် မိမိတို့၏သဘောဆန္ဒအတိုင်း (Volunteer) ဝင်ရောက်လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားတိုင်းတွင် နဂိုမူလကတည်းက အများအကျိုးသယ်ပိုးလိုစိတ်၊ စွန့်စားလိုစိတ်တို့ အခြေခံ အားဖြင့်ရှိပြီးဖြစ်ကြောင်း၊ ယင်းအခြေခံစိတ်ဓာတ်ကောင်းများကို မူတည်ပြီး လက်တွေ့ပြောင်မြောက်သည့်ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့သူများသည် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူရဲကောင်းများပင်ဖြစ်ကြောင်း၊ သူရဲကောင်းတို့၏ရဲစွမ်းသတ္တိကို အသိအမှတ်ပြုချီးမြှင့်ခြင်းဖြင့် သူရဲကောင်းစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို တိုးပွား ထက်သန်စေသည့်အပြင် နိုင်ငံတော်ကာကွယ်ရေးကိုလည်း အလေးထားရာရောက် မည်ဖြစ်သည့်အတွက် နိုင်ငံတော်နှင့် တပ်မတော်က စွမ်းရည်သတ္တိ နှင့်ပြည့်စုံသည့် စစ်သည်များကို နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးခြင်းဖြစ် ကြောင်း။

ယနေ့နံနက် နိုင်ငံတော်သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့်အခမ်းအနားတွင် သီဟသူရဘွဲ့ ရရှိသူ ၁ ဦး၊ သူရဘွဲ့ရရှိသူ ၃ ဦး၊ ဇေယျကျော်ထင်ဘွဲ့ရရှိသူ ၁၁ ဦးတို့ကို နိုင်ငံတော်သမ္မတကိုယ်တိုင် ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း၊ ယခုပြုလုပ်သည့် အခမ်းအနား တွင် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၉ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁ ဦးတို့ကို ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ ၅၆ ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၀၃ ဦးတို့ကိုလည်း တိုင်းစစ်ဌာနချုပ်အသီးသီး၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက ချီးမြှင့်သွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေကြသည့် မိမိတို့တပ်မတော် သားများသည် ဒို့တာဝန်အရေး ၃ ပါးကို ဦးထိပ်ထားလျက် ကျရောက်လာသော မည်သည့်အမျိုးသားရေးတာဝန်များကိုမဆို စွန့်လွှတ်ခဲ့၊ စွန့်လွှတ်နေဆဲ၊ စွန့်လွှတ်နေဦးမည် ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးတာဝန်မှန်သမျှကို မျက်ခြည်ပြတ်မခံဘဲ စွန့်လွှတ်အနစ်နာခံစိတ်ဖြင့် နိုင်ငံတော်နှင့် တပ်မတော်က အားကိုးရသူများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင် က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦးနှင့် ဒုတိယတပ်ကြပ် ၂ ဦး တို့ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ဗိုလ်ကြီး ၁ ဦးကို လည်းကောင်း သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၊ အမွေခံများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ယနေ့နံနက်ပိုင်းက နိုင်ငံတော်သမ္မတကိုယ်တိုင်ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ရရှိခဲ့ကြသော တပ်မတော်သားများ၊ အမွေခံများနှင့် ယခုအခမ်းအနားတွင် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များချီးမြှင့်ခြင်း ခံရသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

တပ်မတော်တွင် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ် ရရှိသူများအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအထိ အောင်ဆန်းသူရိယဘွဲ့ ရရှိသူ ၆ ဦး၊ သီဟသူရဘွဲ့ရရှိသူ ၅၀ ဦး၊ သူရဘွဲ့ရရှိသူ ၅၄၅ ဦး၊ သီဟဗလတံဆိပ် ရရှိသူ ၆ ဦး ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ၃၈၇၁ ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ရရှိသူ ၃၂၈၄ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ၁၈၂၆ ဦး ရှိပြီဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။