နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီမံခန့်ခွဲရေး အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် ဖေဖော်ဝါရီ ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် စီမံခန့်ခွဲရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊     ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာသက်သက်ခိုင်၊  ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုကာလတွင်ပုံမှန် အခြေအနေရောက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကာလကြေညာထားသည့်အချိန်အတွင်း လုပ်ငန်းများရပ်တန့်မနေဘဲ နိုင်ငံတော်အတွက် အကျိုးရှိသည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် ဝန်ကြီးဌာနများ၌ ပြည်ထောင်စုဝန်ကြီးများ တာဝန်ပေးအပ်ရာတွင် အတွေ့အကြုံ ရှိသူများ၊ အရည်အချင်းရှိသူများ၊ လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်နိုင်မည့် ပုဂ္ဂိုလ်များအား တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ တာဝန်မှာ ပြည်သူ ပြည်သားများ၏ အကျိုးကိုဖော်ဆောင်ပေးရန်ဖြစ်ကြောင်း၊ မိမိတို့သည် မူဝါဒချမှတ်ခြင်းနှင့် လုပ်ငန်းများလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် ဌာနအလိုက်လုပ်ငန်းများကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တာဝန်ယူခဲ့သည့် အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် လုပ်ငန်းများရှိကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများလည်းရှိကြောင်း၊ ယင်းလုပ်ငန်းများကို မိမိတို့အနေဖြင့် တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးရှိမည်ဆိုပါက မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များရှိပြီးဖြစ်ကြောင်း၊ ယင်းမူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို စည်းမျဉ်းစည်းကမ်းများနှင့် အညီလုပ်ဆောင်သွားရန်ဖြစ်ကြောင်း။ ထိုသို့လုပ်ဆောင်ရာတွင်လည်း ရဲရဲတင်းတင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တချို့ကိစ္စများတွင် ရံဖန်ရံခါ ချင့်ချိန်ဆောင်ရွက်ရမှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ရကြောင်း၊ များစွာချင့်ချိန်မှုများမပြုလုပ်ဘဲ တိုင်ပင်ပူးပေါင်းလုပ်ဆောင်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာ ကော်မတီများကိုလည်းဖွဲ့စည်းထားကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို မြန်မြန်ဆန်ဆန် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် ရွေးကောက်ပွဲအဆင်မပြေမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ အဆင်မပြေရသည့် အကြောင်းအရင်းများမှာ မဲစာရင်း မှားယွင်းခြင်း၊ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက်ပွဲအတွင်းကာလနှင့် ရွေး ကောက်ပွဲအလွန်ကာလတို့တွင် အားနည်းချက်များစွာရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယင်းအချက်များကြောင့် လက်ရှိအခြေအနေအထိ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့သည့် ပြည်သူများ လက်ခံယုံကြည်မှုရှိလာအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူသည့် အဖွဲ့ဖြစ်ကြောင်း၊ ယင်းကာလတွင် ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ်ရန်အတွက် လတ်တလော ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စများကို ချက်ချင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့သည် နောင်တက်လာမည့် အစိုးရကို လမ်းခင်းပေးသည့် အဆင့်ထိသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းတာဝန်ကို အကျိုးရှိရှိ ဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး တာဝန်ယူရသည့် ပုဂ္ဂိုလ်များ အတွက်လည်း ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အခြေခံစားဝတ်နေရေး အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက ပြည်သူများက ကြိုက်နှစ်သက်မည် ဖြစ်ကြောင်း၊ မိမိတို့၏ပြည်သူကို အခြေခံပြီးသွားရမည် ဖြစ်သည့်အတွက် ပြည်သူများအတွက် ပကတိအခြေအနေနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေချောမွေ့ပါက နိုင်ငံတော် တည်ငြိမ်ရေးနှင့် လုံခြုံရေးကိုပါ အထောက်အကူပြုကြောင်း၊ ယင်းကို အကောင်အထည်ဖော်ရမည်မှာ ယခုအစိုးရဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးအဆင်ပြေစေရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ တစ်ဦးချင်း၏ အင်အားကို ခိုင်မာအောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်၏ အင်အားလည်း ခိုင်မာတောင့်တင်းလာမည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တုံ့ဆိုင်းခြင်းမပြုဘဲ၊ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်၊ တိုင်းပြည်အပေါ် စေတနာထားဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနအချင်း တိုင်ပင်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာပွင့်ဆန်း၊ ဦးရွှေလေး၊ ဦးမောင်မောင်အုန်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က နိုင်ငံတကာရေးရာအခြေအနေ၊ ဘဏ္ဍာရေးအခြေအနေ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေ၊ သတင်းထုတ်ပြန်ရေး အခြေအနေ၊ စိုက်ပျိုး၊ မွေးမြူရေးအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ၊ သတ္တုနှင့်သယံဇာတ ဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ ကုန်သွယ်ရေးအခြေအနေ၊ တိုင်းရင်းသားရေးရာဆိုင်ရာ ကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးရန်နှင့် ကာကွယ်ပေးရန် ဦးတည်ကြောင်း၊ ဆင်းရဲ ချမ်းသာကွာဟမှု၊ ကျေးလက် မြို့ပြကွာဟမှုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ကွာဟမှုတို့ကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် ဝန်ကြီးဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဦးစားပေးဆောင်ရွက်စေလိုကြောင်း၊ ဝန်ကြီးဌာနအလိုက်ရေးဆွဲပြီးသော်လည်း အတည်ပြုပြဋ္ဌာန်းရန် ကြန့်ကြာနေသည့် ဥပဒေများကို အမြန်ဆုံး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန်လိုအပ်ကြောင်း၊ အခြားအချိန်တွင် မိမိနှစ်သက်ရာကို မဲပေးနိုင်သော်လည်း တာဝန်ထမ်းဆောင်ချိန်တွင် ပါတီနိုင်ငံရေး၊ အရောင်အသွေးကင်းရှင်းရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက အရောင်အသွေးကင်းသည့် ဝန်ထမ်းများဖြစ်လာအောင် စိတ်ရှည်လက်ရှည်ဖြင့် နားလည်အောင် ရှင်းလင်း ပြောကြားပေးစေလိုကြောင်း။

တပ်မတော်အနေဖြင့် ပြည်သူက ရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို မည်သို့မျှသွေဖည်မည်မဟုတ်ကြောင်း၊ မိမိတို့ အနေဖြင့် မှန်မှန် ကန်ကန် သွားနိုင်ရန် ထိန်းကျောင်းပေးခြင်းသာဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံနှင့် နိုင်ငံသားများ တိုးတက်အောင် စေတနာထား ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် ပြည်သူက အားကိုရသည့်၊ တိုင်းပြည်က အားထားရသည့် အစိုးရတစ်ရပ်ဖြစ်အောင် တာဝန်ရှိသူအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။