နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putinနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ – ၇

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum -2022)သို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌  တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး တို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Vladimir Vladimirovich Putin နှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov၊   မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadov နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က  လာမည့် ၂၀၂၃ ခုနှစ်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့်  မြန်မာနိုင်ငံတို့၏ သံတမန် ဆက်ဆံရေး ၇၅ နှစ် ပြည့်မြောက်မည်ဖြစ်ပြီး  ဂုဏ်ပြုအခမ်းအနား ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ယုံကြည် အားထားရသည့် ကာလရှည်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံ ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်တိုးတက်ကောင်းမွန်လျက်ရှိကြောင်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် အလားအလာ ကောင်း များစွာကို တွေ့မြင်နေရကြောင်း၊ ယခုကဲ့သို့ အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ လာရောက် တက်ရောက်သည့်အတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်းဖြင့် ဦးစွာ ပြောကြား သည်။

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြန်လည် ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ အဆွေတော်သမ္မတကြီး ပြောကြားခဲ့သကဲ့သို့ပင် မိမိတို့ နှစ်နိုင်ငံ၏ ဆက်ဆံရေးသည် ၇၅ နှစ် ပြည့်မြောက်တော့မည်ဖြစ်ပြီး ထူးခြားသည့် သမိုင်းကြောင်း ရှိသည့် ဆက်ဆံရေးဖြစ်ပါကြောင်း၊ ဖြတ်သန်းလာခဲ့သည့် ဆက်ဆံရေး သမိုင်းကြောင်း တစ်လျှောက်တွင် အနိမ့်အမြင့်မျိုးစုံရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုမှ စတင်ကာ နှစ်နိုင်ငံ ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ ပါကြောင်း၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် သမိုင်းကြောင်း အစဉ်အလာကြီးမားသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်တွင် ရုရှားနိုင်ငံအနေဖြင့် အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရသည်ဖြစ်သော်လည်း အဆွေတော် သမ္မတကြီး တာဝန်ယူသည့် ဆယ်စုနှစ်ကာလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် အလွန် တိုးတက်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာသည်ကို မျက်ဝါး ထင်ထင် တွေ့မြင်ရပါကြောင်း၊  အဆွေတော်အနေဖြင့် ကမ္ဘာ့အရေးကိစ္စ မှန် သမျှကို သမာသမတ်ကျစွာဖြင့် ဆောင်ရွက်လျက်ရှိသည်ကို မိမိတို့အနေဖြင့် တွေ့မြင် ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား သံတမန်ဆက်ဆံမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ရေး၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အာကာသနှင့် ဂြိုလ်တုနည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ အပြန်အလှန်တိုးတက်လာစေရေး၊ မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ရင်းနှီးမြှုပ်နှံစေရေး ဖိတ်ခေါ်မှုများ၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးချနိုင်ရေးတို့ အပါအဝင်  ကဏ္ဍပေါင်းစုံတို့၌ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့် ဆောင်ရွက်နိုင်ရေး တို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အသေးစိတ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ တို့သည် ခင်မင်ရင်းနှီးစွာ အပြန်အလှန် နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။