နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ – ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြိုရှိ၊ သီရိခေတ္တရာရတနာပုံမြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး အတွင်း ဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများသို့ ချေးငွေများ ထုတ်ပေးထား မှု၊ သင်တန်းများ ကဏ္ဍအလိုက်ဖွင့်လှစ်လျက်ရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးခေတ်မီစက်ကိရိယာများသုံးစွဲနိုင်ရန် ဆောင်ရွက်လျက်ရှိမှု၊ ဈေးကွက်ရရှိရေး အတွက် ထုတ်ကုန်ပြပွဲများကျင်းပရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ခရိုင်စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ ပြည်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်ထက်ပိုင် နှင့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းရှင် များဖြစ်ကြသည့် ဦးလင်းအောင်ထွေး၊ ဒေါက်တာ နေလင်းအောင်၊ ဦးရဲလင်းဦးနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက စိုက်ပျိုးရေးတောင်သူများသို့ စိုက်ပျိုးရေး သွင်းအားစုများ ရောင်းချဖြန့်ဖြူးပေးလျက်ရှိမှု၊ အဓိကသွင်းအားစု ဖြစ်သည့် ဓာတ် မြေဩဇာများ ဈေးနှုန်းသက်သာစွာရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ဆန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိမှု၊ စပါးစိုက်ပျိုးရေးအတွက် ရင်းနှီး မတည်ငွေများကို နိုင်ငံတော်မှ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးရန် လိုအပ် မှု၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများရှိခြင်းကြောင့် ပြည်ပခရီးသွားများ ဝင်ရောက် သည့် ဒေသဖြစ်ပြီး ယခင်က ကိုဗစ် – ၁၉ ရောဂါကူးစက်မှုနှုန်း မြင့်မားသည့် ကာလအတွင်း ခရီးသွားလုပ်ငန်းများ အခက်အခဲဖြစ်ပေါ်ခဲ့မှု၊ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမှု၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးမှုများနှင့် ဖြေလျှော့မှု များဆောင်ရွက်ပေးရန် လိုအပ်မှု၊ အထင်ကရနေရာများရှိ လမ်းညွှန်ဆိုင်းဘုတ်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထင်ထင်ရှားရှား တပ်ဆင်ပေးရန်လိုအပ်မှု၊ ကိုဗစ် ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည့်ကာလအား တိုးမြှင့်သတ်မှတ်ပေးစေလိုမှုနှင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက်ဆောင်ရွက်ပေးစေ လိုမှု၊ ဆီထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ဆီထွက်သီးနှံများမှ ထွက်ရှိ သည့် စွန့်ပစ်ပစ္စည်းများကို အသုံးပြု၍ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ဆီများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေး ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများ လိုအပ်မှု၊ နိုင်ငံတော်မှ ဆီထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကို အားပေးဆောင်ရွက်နေခြင်းအတွက် ဆီလုပ်ငန်းရှင်များအနေဖြင့် ကျေးဇူးတင်ရှိမှု၊ စက်မှုလုပ်ငန်းများအတွက် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးရန်လိုအပ်မှုနှင့် စက်သုံးဆီ များ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်လိုအပ်မှု၊ သံထုတ်လုပ်မှုအတွက် သတ္တုကုန်ကြမ်း များနှင့် အခြားဆက်စပ်ပစ္စည်းများကို နိုင်ငံတော်မှ သက်သာသောဈေနှုန်းဖြင့် ရောင်းချပေးစေလိုမှု၊ အရည်အသွေးပြည့်မီသည့် သံများထုတ်လုပ်နိုင်ရေး နည်းပညာ များ မျှဝေပေးရန်လိုအပ်မှု၊ ပန်းပုလုပ်ငန်းများအတွက် ကုန်ကြမ်းများလိုအပ် လျက်ရှိသဖြင့် ထုတ်လုပ်မှုများအခက်အခဲဖြစ်ပေါ်လျက်ရှိမှု တို့နှင့် ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေးကြသည်။
လုပ်ငန်းရှင်တစ်ဦးချင်း၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြည့်စွက်ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လုပ်ငန်းရှင် များ၏ တစ်ဦးချင်း တင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေးရာတွင် ခရီးသွားကဏ္ဍကို မိမိအနေဖြင့်အားပေးပြီး ပြည်ဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် ထင်ရှားသည့် ဘုရားများစွာတည်ရှိကြောင်း၊ ရထားခရီးဖြင့် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းအဆင့်မြှင့်တင် ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် လျှပ်စစ်ဓာတ်အား အသုံး ပြုသည့် ရထားများ ပြေးဆွဲနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားလုပ်ငန်း အထောက်အကူပြုရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဒေသသန့်ရှင်းသာယာလှပ ရေး အတွက် တာဝန်ရှိသူများအနေဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်နှင့် ကမ္ဘာလှည့်ခရီးသွားများ နေထိုင်ရန် သင့် တော်သည့် တည်းခိုနေရာနှင့် ခေတ္တအနားယူသည့် နေရာများကို စနစ်တကျ တည်ဆောက်ရန်လိုကြောင်း၊ အစားအသောက်များကိုလည်း ယခုထက်ပိုမိုသန့်ရှင်း သပ်ရပ် ကောင်းမွန်အောင် ဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်ရန် ဒေသခံများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသွားများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေး ဒေသအလိုက် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းများဖွဲ့စည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းညွှန် အမှတ်အသားများကောင်းမွန်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနများ က စနစ်တကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှု ချေးငွေများ ပြန်လည်ပေးဆပ်ရန်အတွက် အချိန်ကာလထပ်မံတိုးမြှင့် ပေးသွားမည် ဖြစ်ပြီး ရင်းနှီးမတည်ငွေများလည်း ထပ်မံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။
သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ဖြစ်ရန်၊ မြေကို စနစ်တကျပြုပြင်ရန်နှင့် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ လုံလောက်စွာ ရရှိရန်၊ အောင်ရေရရှိရန်နှင့် စိုက်ပျိုးရေးစနစ်များမှန်ကန်ရန်လိုကြောင်း၊ ဈေးကွက် စီးပွားရေးစနစ်ကို ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကစီးပွားရေးကို အားပေးခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် တောင်သူများကို နိုင်ငံ တော်မှ ပံ့ပိုးကူညီခြင်းများရှိသကဲ့သို့ စိုက်ပျိုးသူ တောင်သူများကိုယ်တိုင်ကလည်း စနစ်တကျဖြင့် စိုက်ပျိုးကြရန်လိုကြောင်း၊ ဒေသတစ်ခုချင်းအလိုက် ကောင်းမွန်သည့် မျိုးများ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ စားသုံးဆီများ အရည် အသွေး ပြည့်မီစွာ ထုတ်လုပ်ရန်အတွက် ခေတ်မီစက်ကိရိယာများလိုအပ်ကြောင်း၊ နိုင်ငံတော်မှ ဆီထုတ်လုပ်ရေးလုပ်ငန်းများအတွက် ကူညီပံ့ပို့ပေးမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း။
စက်သုံးဆီများကို အဓိကအားဖြင့် ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းသက်သာ စွာဖြင့် ဝယ်ယူရရှိနိုင်ရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည့် အလားအလာများရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်အသုံးပြုသည့် စက်သုံးဆီနှင့် စက်မှုလုပ်ငန်သုံး စက်သုံးဆီများရှိကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား များရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝ ဓာတ် ငွေ့ထုတ်ယူရရှိနိုင်သည့် နေရာလည်းတွေ့ရှိထားပြီဖြစ်ပြီး နောင်လာမည့် သုံးနှစ်ခန့် အတွင်း ထုတ်ယူနိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနိုင်သည့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်အတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ သံထုတ်လုပ်မှုအတွက်လိုအပ်သည့် သတ္ထုကုန် ကြမ်းများကို သတ္တုသိုက်ရှိသည့် နေရာများတွင် ပုဂ္ဂလိကလုပ်ငန်းများကို လုပ်ပိုင်ခွင့် ပေးထားပြီးဖြစ်ကြောင်း၊ အရည်အသွေးပြည့်မီသည့် သံများထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ နည်းပညာများ မျှဝေပေးသွားမည်ဖြစ်ကြောင်း၊ ပန်းပု ထုလုပ်ခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိရေးအတွက် နည်းလမ်း ရှာဖွေဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြန်လည်ဖြည့်စွက်ရှင်းလင်း ဆွေးနွေးသည်။


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့် ဦးအောင်နိုင်ဦး တို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှုအခြေအနေ များ၊ ကိုဗစ်-၁၉ ကာလ ချေးငွေများနှင့် ပတ်သက်၍ နိုင်ငံတော်မှ သင့်တော်သည့် ဖြေလျော့ပေးမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ကိုလည်း ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ ချေးငွေများကို ခေါင်းစဉ်အမျိုးမျိုးဖြင့် အမြောက်အများ ထုတ်ပေးထားပြီးဖြစ်သဖြင့် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီး နိုင်ငံတော်၏ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေးအတွက်လည်း လုပ်ငန်းရှင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်မှု၊ နိုင်ငံတော်မှ ချမှတ်ပေးထားသည့် စီးပွားရေး မူဝါဒများအတိုင်းလိုက်နာ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် လျက်ရှိမှု၊ နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိစေမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနယ်မြေအလိုက် ရုံးများ တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်လျက်ရှိမှု၊ အရည်အသွေးပြည့်မီသည့် သွင်းအားစုများ တောင်သူများ လက်ဝယ်သို့ ရောက်ရှိရေး၊ ထုတ်ကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး အတွက် အကျိုးတူလယ်ယာစနစ်ကို ဆောင်ရွက်ခြင်းဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်မှု၊ စိုက်ပျိုးရေးအတွက် သွင်းအားစုများ ပြည်ပမှ ဈေးနှုန်းသက်သာစွာ တင်သွင်း ရရှိရေးဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်တွင်း၌လည်း ဇီဝမြေဩဇာများကို ထုတ် လုပ်လျက်ရှိမှု၊ မျိုးကောင်းမျိုးသန့်များကို သုတေသနပြု ထုတ်လုပ်၍ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖြန့်ဝေပေးလျက်ရှိမှုနှင့် ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်း များ ပေါ်ထွက်လာရေး ဖိတ်ခေါ်လိုမှု၊ ကျေးရွာနေပြည်သူလူထု ဝင်ငွေတိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများ အစုအဖွဲ့များ ဖွဲ့၍ လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ် သည့် သွင်းအားစုများကိုလည်း ဖြည့်ဆည်းပေးလျက်ရှိမှု၊ သတ္တု၊ သံရည်ကြို လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာလိုအပ်ချက်များနှင့် ကုန်ကြမ်းလိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနရုံးများ သို့ ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စားသုံးဆီ ထုတ်လုပ်မှု တိုးတက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လိုအပ်မှု၊ ယခု နှစ်သည် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ များစွာရှိသည့်အတွက် ရေခံ၊ မြေခံကောင်းပိုင်ဆိုင်ထားသည့် ပဲခူးတိုင်းဒေသကြီး အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြသည်။


နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရမှုနှင့် အခက်အခဲမျိုးစုံကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ရင်ဆိုင်ဖြတ်ကျော်ခဲ့မှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးချိန် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြည်မြို့သို့ရောက်ရှိခြင်းဖြစ်ပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင် ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေးအတွက် အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိက စီးပွားရေး မောင်းနှင်အားတစ်ခုပင်ဖြစ်ကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း MSME လုပ်ငန်းများကို ရာခိုင်နှုန်းများစွာဆောင်ရွက်နေကြသည် ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို ယခင်ကတည်းက အားပေးဆောင်ရွက်ခဲ့သော်လည်း ကိုဗစ် -၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ် ခဲ့သောကြောင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီ ကာလများကတည်းက မိမိအနေဖြင့် သတိပေးပြောဆိုမှုများပြုလုပ်ခဲ့ ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ကာလသည် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပေါ်နေသည့် ကာလဖြစ်သည့်အတွက် ပြည်သူများ၏ ကျန်းမာရေးအခြေအနေဆိုးရွားမှုမရှိစေရေး ရွေးကောက်ပွဲကျင်းပမှုကို ရွှေ့ဆိုင်းပေးရန် အစိုးရခေါင်းဆောင်များကို တောင်းဆိုခဲ့ သော်လည်း ရွှေ့ဆိုင်းပေးခဲ့ခြင်းမရှိကြောင်း၊ ရွေးကောက်ပွဲမတိုင်မီကာလ၊ ရွေးကောက် ပွဲကာလ၊ ရွေးကောက်ပွဲကျင်းပပြီး မဲစာရင်းများ ထုတ်ပြန်ခဲ့သည့်ကာလ တို့တွင် အုပ်ချုပ်သူအစိုးရ၏ မဲအသာရရှိရေး မရိုးမသားဆောင်ရွက်ခဲ့မှုများ၊ မဲမသမာမှုများ ကြောင့် ဆူပူဆန္ဒပြမှုများ၊ နိုင်ငံရေးပဋိပက္ခများ၊ ထိုမှတဆင့် လက်နက်ကိုင် အကြမ်း ဖက်မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ ဆူပူအကြမ်းဖက်မှုများကိုလည်း ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲ မဲမသမာမှု များကို ဖြေရှင်းရန်အတွက် သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် လွှတ်တော်ခေါ်ယူ၍ နိုင်ငံ တော်၏အာဏာကို အတင်းအဓမ္မရယူရန် ဆောင်ရွက်လာခဲ့သဖြင့် နိုင်ငံတော်တာဝန် ကို မလွဲသာမရှောင်သာ ထမ်းဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်းရာတွင်လည်း စစ်ဘက်၊ အရပ်ဘက် မျှတစွာဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှု၏ နောက်ဆက်တွဲ နိုင်ငံရေးပြဿနာများ ကြောင့် ပြည်တွင်းစီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ကိုဗစ် – ၁၉ ကပ် ရောဂါ ဖြစ်ပွားမှုကြောင့်လည်း စီးပွားရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုဗစ် – ၁၉ ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုများကို နိုင်ငံတော်အစိုးရ၊ ပြည်သူ နှင့် တပ်မတော်တို့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများဖြင့် ကျော်လွှားနိုင်ခဲ့ ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည့်အတွက် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် စည်းကမ်းစနစ်ကျနပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
နိုင်ငံရေးနှင့် စီးပွားရေး
နိုင်ငံရေးနှင့် စီးပွားရေးသည် ဆက်စပ်လျက်ရှိပြီး စီးပွားရေးကောင်းမွန်မှုမရှိ ပါက နိုင်ငံရေးတည်ငြိမ်ခိုင်မာမှုလည်း ရှိမည်မဟုတ်ကြောင်း၊ စီးပွားရေးကျဆင်းမှု များကြောင့်လည်း နိုင်ငံရေးပြဿနာများဖြစ်ပေါ်နိုင်သဖြင့် စီးပွားရေးကောင်းမွန် တိုးတက်အောင် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် လုပ်ငန်းရှင် များအနေဖြင့် မိမိကိုယ်ကိုသာ အားကိုးဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်မှ မူဝါဒ ပိုင်းကိုသာ ထိန်းသိမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ခရိုင်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်၊ စပါး၊ အသီးအနှံများ လုံလောက်စွာရှိပြီးဖြစ် ကြောင်း၊ အဆိုပါ လုပ်ငန်းများကို အခြေခံ၍ နိုင်ငံ့စီးပွားတိုးတက်ရေးကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအနေဖြင့် အခွန်ရှောင်မှု များနှင့် ပြည့်ဝစွာ မပေးဆောင်သူများလည်းရှိကြောင်း၊ နိုင်ငံ၏ဝင်ငွေမှာ ပြည်သူများ ထံမှရရှိ သည့် အခွန်ငွေနှင့် ကုန်သွယ်မှုများမှ ရရှိသည့် အခွန်ငွေများပင် ဖြစ်ကြောင်း၊ None Trade လုပ်ငန်းများမှလည်း နိုင်ငံခြားဝင်ငွေရရှိပြီး အဆိုပါရရှိသည့် အခွန်ငွေ များမှ ဘတ်ဂျက်ရေးဆွဲ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ဆောင်ရွက်နိုင်မှသာလျင် နိုင်ငံဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ လိုအပ်မှု
ကုန်ထုတ်လုပ်မှုဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းတို့ လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းလည်ပတ်ရန် အတွက် ကုန်ထုတ်လုပ်မှုများ မဖြစ်မနေလိုအပ်သကဲ့သို့ ထုတ်လုပ်မှုလုပ်ငန်း ဆောင် ရွက် ရန်အတွက် ကုန်ကြမ်းသည်လည်း မဖြစ်မနေ လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများမှ ကုန်ကြမ်း ပစ္စည်းများများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အတွက် သွင်းအားစုများဖြစ်သည့် မြေဩဇာ၊ တိရစ္ဆာန်အစားအစာ၊ စက်သုံးဆီ၊ လျှပ်စစ်နှင့် အခြားသွင်းအားစုများလည်း လိုအပ်ကြောင်း။


စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် မြေဩဇာများရရှိရေး မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာအဖြစ် အသုံးပြု နိုင်သကဲ့သို့ ပိုက်ဆံလျှော်များ စိုက်ပျိုး၍လည်း သဘာဝမြေဩဇာအဖြစ် အသုံး ပြုနိုင် ကြောင်း၊ နို့စားနွားများကိုစနစ်တကျမွေးမြူခြင်းဖြင့်လည်း နို့ထွက်ပစ္စည်းကို အခြေခံ သည့် ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ကြောင်း၊ ဒေသထွက်ပစ္စည်းကို အခြေခံသည့် ကုန်ထုတ်လုပ်မှုတွင် မွေးမြူရေးလုပ်ငန်းကို အခြေခံပြီး ထုတ်ကုန်များစွာ ထုတ်လုပ် နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ဒေသတွင်း တွင်သာမက ပြင်ပသို့လည်း တင်ပို့ရောင်းချခြင်းဖြင့် စီးပွားရေးပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊
စားသုံးဆီများထုတ်လုပ်ရာတွင်လည်း ဆီထုတ်လုပ်မှုများကို ခေတ်မီစက် ကိရိယာများနှင့် နည်းပညာများကို အသုံးပြု၍ အရည်အသွေးပြည့်မီသည့် ဆီများထုတ် လုပ်ပြီး စွန့်ပစ်ပစ္စည်းများကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရင်းအနှီးလိုအပ်သည့်အတွက် မိမိတို့ တတ်နိုင်သည့် ပမာဏပေါ်တွင်သာ အခြေတည်၍ ဆောင်ရွက်ကြရန်လို ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တတ်နိုင်သမျှ ရင်းနှီးမတည်ငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏စီးပွားရေးမှာ ပြန်လည်ဦးမော့ လာပြီဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အကြောင်းအမျိုးမျိုးကြောင့် အခက် အခဲဖြစ်ပေါ်ပါက ချေးငွေများ ထုတ်ချေးနိုင်ရေး နိုင်ငံတော်မှဆောင်ရွက်ပေးမည်ဖြစ် ကြောင်း။
ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် အရည်အချင်းရှိသည့် လူသားအရင်း အမြစ်များ လိုအပ်မည် ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအရ ပဲခူးတိုင်းဒေသကြီးအတွင်း အခြေခံပညာ အားနည်းသူများရှိကြောင်း၊ အဆိုပါ ပညာရေးအားနည်းသူများကို အခြေခံလုပ်ငန်းများသာ သင်ကြားပေးနိုင်ကြောင်း၊ မိမိ တာဝန်ယူချိန်ကာလအတွင်း အခြေခံပညာကျောင်းများတွင် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရန်အတွက် ခရိုင်တစ်ခုတွင် တစ်ကျောင်းဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံများကို ဖွင့်လှစ်မှသာ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများအတွက်ကျွမ်းကျင်သည့် လူသား အရင်း အမြစ်များ ရရှိလာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းခွင်သင်တန်းများကို တတ်နိုင်သမျှ ဖွင့်လှစ်ဆောင်ရွက်ပေးကြစေလိုကြောင်း။
တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်
ထုတ်ကုန်များထုတ်လုပ်ရာတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဈေးကွက်ရရှိရေးအတွက် ကုန်ပစ္စည်းပြပွဲများကျင်းပ ရန်လိုသကဲ့သို့ သုံးစွဲသူများသိရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်း များဆောင်ရွက်ရာတွင် အခြေခံမှစ၍ ခိုင်မာအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ဈေး ကွက်ရရှိရေးအတွက် အရေအတွက်များများကို အမြတ်နည်းနည်းဖြင့် ရောင်းချနိုင်ရန် လိုကြောင်း၊ ပစ္စည်းချင်းတူပါကလည်း အရည်အသွေးပိုမိုကောင်းမွန်ရန်လိုကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် လုပ်ငန်းများအဆင်ပြေအောင် ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုဖြစ်ထွန်းအောင် ဆောင် ရွက်ကြစေလိုကြောင်း၊ အခြေခံကောင်းများဖြစ်သည့် မြေနှင့် ရေကို အကျိုးရှိစွာ အသုံး ချ၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ဧရာဝတီမြစ်မှ မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံးပြီး ဆောင်ရွက်၍ရကြောင်း၊ သီးထပ်သီးနှံများ စိုက်ပျိုးခြင်း ဖြင့် ဝင်ငွေများပိုမိုရရှိမည်ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်ပါက လက်တွေ့ အကျိုးဖြစ်ထွန်းလာပြီး တစ်ဦးချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုမှ ဒေသနှင့် တိုင်းပြည်သည်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ခရိုင် အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ရရှိသည့်ကုန်ကြမ်းများကို အသုံးပြု၍ ကုန် ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင်ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ ဒေသတွင်းစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံ၏စီးပွားရေးသည်လည်း ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် တိုက်တွန်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေး ရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။