ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ  ၂၇

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများနှင့်အသင်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များတွင်ပါဝင်အားဖြည့်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များက “နိုင်ငံ့အကျိုးသယ်ပိုးဆောင်ကြဉ်း၊  သန်းခေါင်စာရင်း”  သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုး တန်သည့် စာရင်းအင်း၊ ကိန်းဂဏန်းအချက် အလက်များဖြစ်သောကြောင့် ပိုမိုလေးနက်ပြီး အဓိပ္ပာယ်ရှိသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာသည် နိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေအခြေအနေ၊ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ၎င်းတို့၏ နေထိုင်မှုပုံစံ စသည့် အခြေအနေများနှင့်  မိမိတို့ မြန်မာနိုင်ငံ၏ အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ် လူနေမှုဘဝပုံစံများကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာပါကိန်းဂဏန်း အချက်အလက်များသည် ယနေ့မိမိတို့မည်သို့ အခြေအနေရှိသည်ဆိုသည်ကို ထင်ဟပ်ပြသနေပြီး မနက်ဖြန်တွင် မည်သည့်အခြေ အနေဖြစ်လာနိုင်မည်ဆိုသည်ကို ညွှန်ပြနေသည့် နိုင်ငံတော်၏ကြေးမုံပြင်တစ်ချပ်ဟု ပြောရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းကြောင်းကို ပြန်လည်လေ့လာ သုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်း ခေါင်စာရင်း (၈) ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေးရပြီးနောက် လူဦးရေသန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ဆိုပါက (၄)ကြိမ် ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယုံကြည်အားထားရသော အချက်အလက်မရှိသည့်နိုင်ငံသည် သံလိုက်အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်နေခြင်းနှင့်တူနေသည်ဟု ဆိုကြကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသနေသည့် သံလိုက်အိမ်မြှောင်ဟု တင်စားလိုကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းဆိုသည်မှာ နိုင်ငံ၏အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း၊ စီမံကိန်း ရေးဆွဲသူများ၊ မူဝါဒချမှတ်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးမျှော်မှန်းချက်များဖော်ဆောင်ရန်၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများမြှင့်တင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်၊ လူမှုကူညီ စောင့်ရှောက်ရေးလုပ်ငန်းများ ချဲ့ထွင်ရန် စသည့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သန်းခေါင်စာရင်း အချက်အလက်များသည် ယုံကြည်အားထားရသည့် နိုင်ငံ၏အသက်သွေးကြောဟု ဆိုနိုင် ကြောင်း။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီးလုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကြေးကုန်ကျမှုလည်း များလွန်းသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာစာရင်းအင်းအချက်အလက်များရရှိရန် အရေးကြီးပြီး ကုလသမဂ္ဂ၏ အကြံပြုချက်အရ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင် စာရင်းကို (၁၀)နှစ် တစ်ကြိမ် ကောက်ယူရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားထဲကပင် သန်းခေါင် စာရင်းကို မဖြစ်မနေကောက်ယူရန် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးသည့်နောက် နိုင်ငံတော်၏  စီမံကိန်းလုပ်ငန်းများနှင့်  ပတ်သက်ပြီး အခြေခံအချက်အလက်အနေဖြင့်  ချက်ချင်းအသုံးပြုနိုင်ရန် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ဦးစွာ ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသန်းခေါင်စာရင်းအချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် ကိန်းဂဏန်း အချက်အလက်များနှင့် အညွှန်းကိန်းများပါဝင်သော သန်းခေါင်စာရင်း ပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ၊ အသုံးပြုသူများ လွယ်လွယ်ကူကူထုတ်နုတ် အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများကို ယနေ့ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာများတွင် လူဦးရေဆိုင်ရာ   အချက်အလက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊   ပညာရေး၊ လုပ်သားအင်အား၊  မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်း အကြောင်းအရာ စသည့်အခန်းကဏ္ဍများ ပါဝင်ပြီး မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများစွာရရှိစေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်လုပ်ငန်းစီမံကိန်းများအတွက်လည်း များစွာအသုံး ဝင်မည်ဖြစ်ကြောင်း။

ထို့ပြင် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရာတွင်လည်း ယခုသန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူပြုလျက်ရှိကြောင်း၊ သန်းခေါင်စာရင်းက ဖော်ထုတ်ရရှိသည့် ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကိုသိရှိခြင်းအားဖြင့် ယင်းတို့နှင့်ပတ်သက်ပြီး လိုအပ်သည့်အစီအမံများရေးဆွဲ ချမှတ်နိုင်ရန် အခြေခံအရင်းအမြစ်များကို ဖန်တီးပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ လိုအပ်သည့် လုပ်သားအင်အားကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်များကိုအခြေခံပြီး  နှစ်စဉ်တက္ကသိုလ်ဝင်ခွင့်နှင့်  သက်မွေးပညာဆိုင်ရာ ကျောင်းဝင်ခွင့်များနှင့် ပတ်သက်သည့် လူဦးရေလျာထားတွက်ချက်ရာတွင်လည်း အခြေခံအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းခွင်များတွင် ကျွမ်းကျင်မှုလိုအပ်သည့် သို့မဟုတ် အရည်အသွေးမြှင့်တင်လိုသည့် လုပ်သားများအတွက်လည်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို လိုအပ်သလိုစီမံဆောင် ရွက်ပေးနိုင်မည်ဖြစ်ကြောင်း။

ထို့ပြင် ပညာရေးနှင့် လုပ်သားအင်အားဆိုင်ရာ အချက်အလက်များကို ချိတ်ဆက် အသုံးပြုပြီး သက်မွေးပညာသင်ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကျွမ်းကျင်မှုရှိသည့် လုပ်သားအရင်းအမြစ်ကို ပျိုးထောင်ပေးနိုင်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ လူမှုဖူလုံရေး၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ မသန်စွမ်းများမှတ်ပုံတင်ရေးနှင့်ထောက်ပံ့ပေးရေးကိစ္စရပ်များဆောင်ရွက်ရာတွင်လည်း လိုအပ်သည့်အချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်နိုင်ငံ၏ လူဦးရေဆိုင်ရာစာရင်းအင်းအချက်အလက်ပြည့်စုံမှုသည် ယင်းနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်မှုအရည် အသွေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို သွယ်ဝိုက် ညွှန်းဆိုဖော်ပြနေသည်ဟုဆိုနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏  လူမှုရေး၊  စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအသုံးပြုရန်  လိုအပ်သည့်အချက်အလက်များကို သန်းခေါင်စာရင်းကနေရရှိနိုင်ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်မှုဧရိယာအသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို သန်းခေါင်စာရင်းများကသာ ပံ့ပိုးပေးနိုင်ခြင်းဖြစ်ကြောင်း။

သန်းခေါင်စာရင်း၏  ဖော်ပြချက်များသည် မိမိတို့နိုင်ငံ၏ အခွင့်အလမ်းများနှင့်အတူ ယှဉ်တွဲပြီး လုပ်ဆောင်ရမည့်တာဝန်များကိုလည်း တစ်ပါတည်းညွှန်းဆို ဖော်ပြလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းမှု သိသိသာသာနည်းပါးနေကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များအရ  မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမ ဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကိုတွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွား နှုန်းကျဆင်းခြင်း၊  ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံများပြောင်း လဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလိုအခွင့်အလမ်းတစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း။

ပြည်ပရွှေ့ပြောင်းခြင်းကလည်း မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေး တည်ငြိမ်မှု၊ ပြည်တွင်းတွင်ရှိသည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီ နေခြင်းကြောင့် မိမိတို့နိုင်ငံအတွက် ရေရှည် ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများမြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ်လူရွယ်ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Demographic Bonus ဟု ခေါ်သည့်   လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေ ဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ ၎င်းလူငယ်လူရွယ်များကို  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မှန်ကန် ထိရောက်စွာ အကျိုးရှိရှိဆောင်ရွက်နိုင်ရန် စီမံပေးရန်အရေးကြီးကြောင်း။

ကမ္ဘာ့နိုင်ငံတော်တော်များများတွင် လူငယ်များကို မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များဖန်တီးပေးသည့်အခါတွင် ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင် အားများဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့မိမိတို့လူငယ်များကို အကျိုးရှိရှိရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အနာဂတ်တွင် လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ် အေးချမ်းမှုလျော့နည်းလာနိုင်သလို အဆိုး ဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ကြောင်း။

ထို့ကြောင့် မိမိတို့နိုင်ငံတွင် မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတအရင်း အမြစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် ရှိသင့်ရှိထိုက်သည့် လူဦးရေဖြစ်ပေါ်လာ စေရန် မိမိနိုင်ငံနှင့်ကိုက်ညီသည့် လူဦးရေ မူဝါဒများကို ရေးဆွဲချမှတ်ပြီး မျိုးဆက် တစ်ခုစာ ကြိုတင်မြော်တွေးကာ ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊  ယခု ရေတွင်းတူး  ယခုရေကြည်သောက်ချင်၍  မရနိုင်ကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူမှုကို ပြည်ပအကူအညီမပါဘဲ ပြည်တွင်းအားဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက် ဂုဏ်ယူရမည့် အမျိုးသားရေးလုပ်ငန်းစဉ် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စည်းလုံးညီညွတ်သည့် စုပေါင်းအားဖြင့်ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုအဖြစ် ကမ္ဘာ့အလယ်တွင် သမိုင်းမှတ်တိုင် စိုက်ထူ နိုင်ခြင်းလည်းဖြစ်ကြောင်း။

မိမိရှေ့တွင်ဆိုခဲ့သည့်အတိုင်း ၂၀၂၄ သန်းခေါင်စာရင်း အစီရင်ခံစာသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်နိုင်ရန် လမ်းပြမြေပုံတစ်ခုအဖြစ် အကျိုးရှိရှိ အသုံးပြုရန်အရေးကြီးကြောင်း၊ ယင်းကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ် လေ့လာသုံးသပ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဖော်ဆောင်ရာတွင် လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များဖန်တီးပေးကြရန်၊ ပညာရေးကို လုပ်သားဈေးကွက်လိုအပ်ချက်များနှင့် ချိန်ညှိပေးပြီး ခိုင်မာသည့်အသက်မွေးဝမ်းကျောင်းသင်တန်းများ ထူထောင်ပေးကြရန်၊ နည်းပညာနှင့် မောင်းနှင်သည့် အနာဂတ်ဖြစ်စေရန် မိမိတို့၏လုပ်သား အင်အားကို ပြင်ဆင်နိုင်အောင်ကြိုးစားကြရန်၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များတည်ထောင်ပေးကြရန်၊  နိုင်ငံတွင်း၌ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များဖန်တီးပေးခြင်းဖြင့် ရွှေ့ပြောင်းခြင်းကို အကျိုးရှိအောင်စီမံခန့်ခွဲပေးကြရန်၊ မိမိတို့ နိုင်ငံ၏လူဦးရေဖွဲ့စည်းမှုနှင့်အညီ မြေ၊ ရေနှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ မျှတစွာအသုံးပြုနိုင်အောင် စီမံပေးကြရန်၊ ယနေ့ ကျောင်းစာသင်ခန်းတွင်ရှိနေသည့်ကလေးတိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာရှင်၊ အတတ်ပညာရှင်အဖြစ် မှတ်ယူပြီး ပညာရေးကိုမြှင့်တင်ပေးကြရန် မှာကြားလိုကြောင်း။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ  သန်းခေါင်စာရင်းရလဒ်များကို မူဝါဒ၊ စီမံကိန်းများရေးဆွဲချမှတ်သူများ၊ အချက်အလက်အသုံးပြုသူများအားလုံးအကျိုးရှိရှိ အသုံးပြုနိုင်ရန် ယနေ့ထုတ်ပြန်ပါကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက်  ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်း ရလဒ်များအား    အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး “မြန်မာ့ပုံရိပ်ကို ထင်ဟပ်ဖော်ညွှန်းမည့် ၂၀၂၄ သန်းခေါင်စာရင်း” အမည်ရသည့် သန်းခေါင်စာရင်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

ထို့နောက်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ ယိမ်းအဖွဲ့များက “နိုင်ငံ့အကျိုး မျှော်ကိုးရည် ရှေ့သို့လှမ်းချီပန်းတိုင်ဆီ” သီချင်းဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ယိမ်းအဖွဲ့များက “ငြိမ်းချမ်းကြစို့ ရွှေပြည်မြန်မာ” သီချင်းဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယိမ်း အဖွဲ့များက “အောင်မြင်ခြင်း မင်္ဂလာ” သီချင်းဖြင့်လည်းကောင်း အသီးသီး သီဆို၊ ကပြ ဖျော်ဖြေကြသည်။

ယင်းနောက်နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်  အခမ်းအနားတက်ရောက်လာကြသူများသည်  ၂၀၂၄  ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်း အထိမ်းအမှတ်ပြခန်းအတွင်း ခင်းကျင်းပြသထားမှုများအား ပြကွက်တစ်ခုချင်းစီအလိုက်  စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။