နေပြည်တော် ဧပြီ ၃၀
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ(၂၀၂၅)ကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ကောင်စီနယ်မြေ၊ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
အဆိုပါညီလာခံအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)နှင့်အဖွဲ့ဝင်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ(၂၀၂၅)သို့ တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများ နှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် အထူး ညီလာခံ(၂၀၂၅)ကိုကျင်းပရသည့်ရည်ရွယ်ချက်မှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ အတည်ပြုခြင်းနှင့် လိုအပ်သည့် ညွှန်ကြားချက်များကို ထုတ်ပြန်ခြင်းများဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာတပ်မတော်၏ကာကွယ်ရေး အရန်အင်အားစုကြီးဖြစ်သည်နှင့်အညီ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ပြဋ္ဌာန်းထုတ်ပြန်ပြီး စနစ်တကျဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်ခဲ့စဉ်က ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသကဲ့သို့ တပ်မတော်မှ အငြိမ်းစားယူပြီးသည့်နောက်တွင်လည်း “Once a Soldier, always a Soldier” “တစ်ခါစစ်သားဖြစ်ခဲ့ဖူးရင်အမြဲတမ်းစစ်သား ပင်” ဆိုသည့်စကားနှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်း နိုးကြားတက်ကြွစွာ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်တို့အတွက် ဝမ်းသာဂုဏ် ယူသည်ကို ပြောကြားလိုကြောင်း။
နိုင်ငံလွတ်လပ်ရေးရပြီးချိန် ၁၉၄၈ ခုနှစ်ကတည်းက စစ်ပြန်စစ်မှုထမ်းဟောင်းကြီးတွေသည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် မြို့ရွာဒေသအလိုက် အချင်းချင်းအပြန်အလှန် အထောက်အကူပြုရင်း စစ်မှုထမ်းဟောင်းအဖွဲ့လေးများဖွဲ့ကာ ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကိစ္စများတွင် ပရဟိတစိတ်ဖြင့် တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း၊ အဆိုပါအဖွဲ့အစည်းများကို ၁၉၇၃ ခုနှစ်တွင် စနစ်တကျပြန်လည်စုဖွဲ့ပြီး မြန်မာနိုင်ငံ စစ်ပြန်စစ်မှုထမ်းဟောင်းများဗဟိုစည်းရုံးရေးကော်မတီနှင့် မြို့နယ်စည်းရုံး ရေးကော်မတီများကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့် အခြေခံ စည်းမျဉ်းများ စတင်ချမှတ်နိုင်ခဲ့ကြောင်း၊ ၎င်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဥပဒေ (၁၉၈၉)နှင့် ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းထုတ်ပြန်ပြီး ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတရုံး၏ ၂၉-၃-၂၀၁၆ ရက်စွဲ ပါအမိန့် ကြော်ငြာစာအမှတ်(၃၆/၂၀၁၆) ဖြင့်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီကို ဖျက်သိမ်းပြီး သီးခြားလွတ်လပ်သည့် တပ်မတော်၏ မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ ဗဟိုအမှုဆောင်အဖွဲ့ကို နာယက ၁၂ ဦး၊ ဗဟိုအမှုဆောင်အဖွဲ့ဝင် ၃၄ ဦးနှင့် ဗဟိုကောင်စီဝင် ၇၆ ဦးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကို ဗဟိုဌာနချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ၃၀၈ ဖွဲ့တို့ ဖြင့်ဖွဲ့စည်းထားပြီး စစ်မှုထမ်းဟောင်းရေးရာကိစ္စရပ်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ကြီးအနေ ဖြင့် ရည်ရွယ်ချက်(၄)ရပ်၊ ရှေ့လုပ်ငန်းစဉ်(၇)ရပ်တို့ကိုချမှတ်ပြီး တပ်မတော်၏ အရန် အင်အားအဖြစ် နိုင်ငံတော်တည်ဆောက်ရေး၊ ဒေသလုံခြုံရေးနှင့် ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
တပ်မတော်သည် ပြည်သူက ပေါက်ဖွားလာသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းရှိရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်သားဟောင်းများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်သူများနှင့် အမြဲထိတွေ့မှုရှိနေသည့်အတွက် တပ်မတော် နှင့်ပြည်သူအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့်အပြောအဆိုအပြုအမူများကို သတိပြုကြရန်နှင့် မိမိ၏အပြုအမူအပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်းဖြစ်သည့်တပ်မတော်ကိုပါ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိစေသည်ကို နှလုံးသွင်းထားကြရန်လိုအပ်ကြောင်း။
တပ်မတော်၏ နိုင်ငံတော်နှင့်ပြည်သူအပေါ်ထားရှိသော စစ်မှန်သည့်သဘော ထားများကို ပြည်သူများသိရှိရန်အတွက် တပ်မတော်တစ်ရပ်တည်း လုပ်ဆောင်ခြင်း ထက်ပြည်သူများတွင်ရှိနေသည့် စစ်မှုထမ်း ဟောင်းအဖွဲ့များ၏ စည်းရုံးရေးစွမ်းရည်ကို မောင်းနှင်အားအဖြစ် ထိရောက်စွာအားပြုနိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ချမှတ် ထားသည့် “ပြည်သူ့စစ် မဟာဗျူဟာ” ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန် အတွက် တပ်မတော်နှင့်ပြည်သူကြားတွင် ခိုင်မာသည့် ပေါင်းစည်းအားရရှိအောင် ဆက်လက်ကြိုးပမ်းပုံဖော်ပေးသွားကြရမည်ဖြစ်ကြောင်း။
အစိုးရအနေဖြင့် လာမည့်ဒီဇင်ဘာလအတွင်း၌ လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကျင်းပနိုင်အောင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေးကာလ မိမိတို့နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့် ပြည်တွင်းပြည်ပ အဖျက်သမားများ၏ ထိုးနှက်တိုက်ခိုက်မှုများ၊ ပြီးခဲ့သည့်နှစ်များအတွင်းက ဖြစ်ပွားခဲ့သည့်ရာဂိမုန်တိုင်းနှင့် ရေကြီးရေလျှံမှုများ၊ လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီး ဘေးအန္တရာယ်များသည် တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ အားလုံးတက်ညီလက်ညီဖြင့် စည်းစည်းလုံးလုံးကျော်ဖြတ်ကြမည်ဆိုပါက အခက်အခဲအကျပ်အတည်းများကြားမှ အမြန်ဆုံးရုန်းထွက်နိုင်မည်ဖြစ်ကြောင်း။
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးသည် နိုင်ငံတော်အတွက် အရေးကြီးခြင်းကြောင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်အကောင် အထည်ဖော်လျက်ရှိကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ပြည်သူလူထုစိတ်အေး ချမ်းသာစွာ လုပ်ကိုင်စားသောက်နေထိုင်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝများသည် မလွဲမသွေ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့်လည်း ထမ်းဆောင်နေရသည့် ကိုယ်စီတာဝန်များအပြင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စဉ်ဆက်မပြတ် မျက်စိကိုဖွင့် နားကိုစွင့်ထားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
တပ်မတော်သားဟောင်းများဖြစ်သည့်အတွက် တပ်မတော်၏အစဉ်အလာကောင်းများကို ထာဝစဉ်ထိန်းသိမ်းသကဲ့သို့ စစ်မှုထမ်းဟောင်းအဖွဲ့ကြီး၏ ကောင်းမွန်သည့် ဂုဏ်သိက္ခာများကိုလည်း ဆက်လက်စောင့် ထိန်းသွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး အမျိုးသားကာကွယ်ရေး၊ လုံခြုံရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် တပ်မတော်၏အရန်အင်အားအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်၊ ချမှတ်ပေးထားသည့် ရှေ့လုပ်ငန်းစဉ်(၇)ရပ်နှင့် လုပ်ငန်းကဏ္ဍကြီး (၅)ရပ်ကို စစ်သားကောင်းတစ်ယောက်ပီပီ လိုက်နာအကောင်အထည်ဖော်ပြီး ပြည်သူ နှင့်တပ်မတော်အကြားခိုင်မာသည့်ပေါင်းကူးသဖွယ်ဖြစ်အောင် ကြိုးပမ်းသွားကြရန်မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့သည်။