နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီး‌အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိ

နေပြည်တော်   မေ  ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်ရန်အတွက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့်  မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှထွက်ခွာသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး ဦးဆောင်သည့်     မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား  ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့်    ဇနီးနှင့်အတူ   ကောင်စီတွဲဖက်အတွင်းရေးမှူး  ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊    ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊   ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့်    နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊    ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

ခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ    နှစ်(၈၀)ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခြင်း၊    အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်    သီးခြားတွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး    ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင်  မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ    ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည်လည်း    ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova တို့နှင့် တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ပိုင်းတွင် မော်စကိုမြို့ရှိ      ဘနူကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenkoနှင့်တာဝန်ရှိသူများ၊    ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ    မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦး တို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်ကြသည်။

ထိုသို့ကြိုဆိုနှုတ်ဆက်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့မှလည်း  လျှောက်လမ်း၏  ဘေးတစ်ဖက်တစ်ချက်စီတွင်ခြံရံ၍   နိုင်ငံတော်အဆင့် ကြိုဆိုခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။