နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်    မေ    ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့်  ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် BRICS အမျိုးသမီးစီးပွားရေး မဟာမိတ် အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌ Ms. Anna Nesterova နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏  ဇနီးနှင့်အတူ  ကောင်စီတွဲဖက်အတွင်းရေးမှူး၏ ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၏ ဇနီး၊ မြန်မာနိုင်ငံအမျိုးသမီး  ရေးရာ အဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မေစိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၏ ဇနီးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာဥက္ကဋ္ဌ နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များအား BRICS အမျိုးသမီးစီးပွားရေး မဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ် ဆက်သည်။

ထို့နောက်    တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့သည် မကြာမီပြုလုပ်မည့် BRICS Forum တွင် အစိုးရနှင့် စီးပွားရေးနယ်ပယ်ပေါင်းစုံမှ အမျိုးသမီးများ ပါဝင်သည့် အခြေအနေများ၊BRICS  အမျိုးသမီးစီးပွားရေးမဟာမိတ် အဖွဲ့ရုံးခွဲများကို ကမ္ဘာ့နိုင်ငံများတွင် ဖွင့်လှစ်ထားလျက်ရှိပြီး မြန်မာနိုင်ငံ ဘက်မှ စိတ်ဝင်စားပါက လာရောက်ဖွင့်လှစ်လိုသည့်အခြေအနေများ၊  လက်ရှိ ကမ္ဘာ့ရေးရာများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုအသိအမှတ်ပြု အားပေးဆောင်ရွက်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်သည့်အခြေအနေများ၊ အမျိုးသမီးများ၏ နေ့စဉ်လူမှုဘဝဆောင်ရွက်မှုများသာမက ကမ္ဘာ့ရေးရာ ကိစ္စရပ်များတွင် ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ဖန်တီးနိုင်မှု စွမ်းအားတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှုများအား    အသိ အမှတ်ပြုအားပေးရန် လိုအပ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးစွန့်ဦးတီထွင်မှုအခန်းကဏ္ဍမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊   ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ပညာရေးနှင့် အမျိုးသမီးရေးရာတို့တွင်ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး     တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များသည် မော်စကိုမြို့ရှိ State Tretyakov Gallery သို့ရောက်ရှိကြရာ  ပြတိုက်တာဝန်ခံနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက  သိရှိလိုသည်များ   ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ State Tretyakov Gallery သည် ရုရှားနိုင်ငံ၏ အရေးအပါဆုံး ယဉ်ကျေးမှု အနုလက်ရာများရှိရာ ကမ္ဘာကျော်ပြခန်းကြီးတစ်ခုဖြစ်ကြောင်း၊ ရုရှားလူမျိုးတို့၏ အနုပညာနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်မှုတို့ကို လေ့လာနိုင်သဖြင့် ရုရှားလူမျိုးတို့၏ ဓလေ့စရိုက်များ၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်  စိတ်နေသဘောထားများ၊ သမိုင်းကြောင်းအစဉ်အလာများ၊ အနုသုခုမပညာရပ်တို့တွင် အဆင့်အတန်းမြင့်မားမှု များကို ပြတိုက်အတွင်းပြသထားသည့် အနုပညာပြကွက်များမှတဆင့် တွေ့မြင်ရနိုင်ကြောင်း၊ ပြခန်းကြီးတွင် ပြသထားသည့် အနုပညာကို လာရောက်ခံစားကြသူများ အနေဖြင့် လူကြီးများသာမက လူငယ်များ၊ ကလေးငယ်များကိုပါ  ရုရှားလူမျိုးတို့၏ အနုပညာ၏ တန်ဖိုးနှင့်အဆင့်အတန်းမြင့်မားမှုတို့ကို သိရှိသွားအောင် လုပ်ပေးလျက် ရှိသည့် ပြတိုက်ကြီးတစ်ခုဖြစ်သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။