နေပြည်တော် မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံတကာမှအကြီးအကဲများ နှင့်အတူ ကရင်မလင်နန်းတော်ရှိ Senate Place သို့ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားကြည့်ရှုမည့် စင်မြင့်သို့ ရောက်ရှိကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားတပ်မ တော်ကြည်းတပ် ဦးစီးချုပ် Army General Oleg Salukov ရောက်ရှိနေရာယူပြီး ကရင်မလင်နန်းတော် မျှော်စင်ရှိ နာရီစင်မှ ၁၀ နာရီအချက်ပေးခေါင်းလောင်းထိုးသည်။ ယင်းနောက် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ရုရှားနိုင်ငံတော်အလံနှင့် ရုရှားအောင်ပွဲနေ့အထိမ်းအမှတ်အလံတော်တို့အား အလေးပြုခြင်းကိုဆောင်ရွက်ကြသည်။
၎င်းနောက် ရုရှားကာကွယ်ရေးဝန်ကြီး Mr. Andrei Ramovich Belousov ရောက်ရှိပြီး အလေးပြုခြင်း ကိုခံယူကာ စစ်ရေးပြတပ်ဖွဲ့အသီးသီးအား မော်တော်ယာဉ် ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားရာ စစ်ရေးပြ တပ်ဖွဲ့များမှ (Oora) (အောင်ပြီ)ဟု ၃ ကြိမ် ကြွေးကြော်ကြသည်။ ထို့နောက် မဟာမျိုးချစ်စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းများနှင့် ရုရှားနိုင်ငံအတွက် အသက်စွန့်ခဲ့ကြသည့် သူရဲကောင်းများအား အောက်မေ့ဖွယ်ဂုဏ်ပြုသောအားဖြင့် ၁ မိနစ်ခန့် ငြိမ်သက် ကြသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr. Vladimir Vladimirovich Putin က မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းပြောကြားသည်။ မိန့်ခွန်းပြောကြားပြီးနောက် စစ်ရေးပြ တပ်ဖွဲ့များမှ (Oora) ဟု ၃ ကြိမ် ကြွေးကြော်ကြပြီး စစ်တီးဝိုင်းတပ်ဖွဲ့က ရုရှားနိုင်ငံတော်သီချင်း တီးမှုတ်ခြင်းနှင့် အမြောက်များ ပစ်ဖောက်ဂုဏ်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ရုရှားတပ်မတော်ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သည့် နိုင်ငံတကာမှ စစ်ရေးပြ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ရေးပြတပ်ဖွဲ့များမှ စစ်သေနာပတိချုပ်အား လမ်းလျှောက်ချီတက် အလေးပြုကြသည်။ ထို့နောက် တင့်၊ သံချပ်ကာ၊ အမြောက်၊ လေ ကြောင်းရန်၊ မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးတပ်ဖွဲ့ စသည့် ယန္တရားတပ်ဖွဲ့ များမှ ချီတက်အလေးပြုခြင်းနှင့် လေတပ်မှ လေယာဉ် များဖြင့် ပျံသန်းအလေးပြုကြသည်။ ယင်းနောက် စစ်တီးဝိုင်းတပ်ဖွဲ့မှ ရုရှားအောင်ပွဲနေ့ အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းအား သီဆို၍ ပြန်လည်ထွက်ခွာသည်။
အခမ်းအနားအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စစ်သေနာပတိချုပ် H.E.Mr. Vladimir Vladimirovich Putin က ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုင်ငံတကာစစ်ရေးပြ တပ်ဖွဲ့များမှ အဖွဲ့ခေါင်း ဆောင်များအားနှုတ်ဆက်သည်။စစ်ရေးပြအခမ်းအနားအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင် မြို့ရိုးအနီးရှိ အညတရစစ်သည်ဂူဗိမာန်သို့ လမ်းလျှောက်ထွက်ခွာကြပြီး မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ပြနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့်အတူ ကရင် မလင် နန်းမြို့ရိုးအနီးရှိ အညတရ စစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြပြီး ပန်းစည်းချအလေးပြုကြသည်။ ထို့နောက် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် နိုင်ငံ တကာ မှအကြီးအကဲများ၊ တာဝန်ရှိသူများသည် အမှတ်တရ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများသည် ကရင်မလင်နန်းတော်ရှိ သမ္မတပူတင်၏ ရုံးအဆောက် အဦသို့ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြသည်။
ယနေ့တွင်ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်စဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံမှု၊ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ဖက်ဆစ်နာဇီ ဂျာမနီတို့၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် ဆိုဗီယက်ပြည်ထောင်စုသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအား ပါဝင်ဆင်နွဲခဲ့ရကြောင်း၊ ထိုသို့ ပါဝင်ဆင်နွဲပြီးနောက် ၁၉၄၅ ခုနှစ်၊ မေလ ၉ ရက် နံနက်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ပြုလုပ်သည့် နာဇီဂျာမနီတို့၏ လက်နက်ချကြောင်း သဘောတူစာချုပ် (German Instrument of Surrender) ကို ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် ဒုတိယကမ္ဘာစစ်ကြီးသည် အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ကြောင်း၊ ၁၉၄၅ ခုနှစ်၊ မေလ ၉ ရက် နံနက် ၂ နာရီခန့်တွင် ဆိုဗီယက် ပြည်ထောင်စုတွင် နေထိုင်ကြသောပြည်သူများသည် နာဇီဂျာမနီတို့၏ စစ်ရှုံးမှုကို သိရှိ ခဲ့ကြပြီး ယင်းနေ့ညနေပိုင်းတွင် မော်စကိုရင်ပြင်နီ၌ ဆိုဗီယက်ပြည်သူများသည် သီချင်းများသီဆိုခြင်း၊ တူရိယာများ တီးမှုတ်၍ ကခုန်ခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက် ခြင်း၊ ထောင်ချီသောသေနတ်များအား မိုးပေါ်သို့ထောင်၍ ပစ်ခတ်မှုပေါင်း ၃၆ ချက် အား ပစ်ခတ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အောင်ပွဲနေ့အခမ်းအနားအား ပျော်ရွှင်မြူးတူး စွာ ကခုန်၍ ကျင်းပခဲ့ကြကြောင်း၊ ထို့ကြောင့် ဆိုဗီယက်ပြည်ထောင်စုသည် မေလ ၉ ရက်ကို အများပြည်သူရုံးပိတ်ရက်၊ ဖက်ဆစ်နာဇီဂျာမနီတို့အား အောင်နိုင်ခဲ့သည့် အောင်ပွဲနေ့(Victory Day)အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုဗီယက် ပြည်ထောင်စု ကြီး ပြိုကွဲပြီးနောက် ၂၀၀၅ ခုနှစ်၊ (၆၀)နှစ်မြောက် အောင်ပွဲနေ့ နှစ်ပတ်လည်အခမ်း အနားမှ စတင်၍ မေလ ၉ ရက်အောင်ပွဲနေ့(Victory Day) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ လူကြိုက်အများဆုံးသော အခမ်းအနားနှင့် အားလပ်ရက်တစ်ခုဖြစ်လာခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုး ချစ် စစ်ပွဲကြီးအောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်း အနားများကိုလည်း ကျင်းပပြု လုပ်ကြကြောင်း၊ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် စစ်ရေးပြ အခမ်းအနားများတွင် နိုင်ငံအသီးသီးမှ စစ်ရေး ပြတပ်ဖွဲ့များအနေဖြင့် ပါဝင်ချီတက်လေ့ရှိကြကြောင်း၊ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာနိုင်ငံမှ စစ်ရေးပြတပ်ဖွဲ့ဝင်များသည်လည်း အခြားသောနိုင်ငံများမှ စစ်ရေးပြတပ်ဖွဲ့ဝင်များနှင့်အတူ ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ချီတက်ခဲ့ကြသည်။