နေပြည်တော် မေ ၂၁
နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏အခန်းကဏ္ဍနှင့် ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အတွက်လူသားအရင်း အမြစ်များ မွေးမြူနေချိန်တွင် မောင်တို့မယ်တို့အနေဖြင့် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံ သဘောတရားများမှတစ်ဆင့် စူးစမ်းလေ့လာမှုများပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံ ကြိုးစားသွားကြရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပပြုလုပ်သည့် အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)မှ သင်တန်းသား၊ သင်တန်း သူများနှင့် အုပ်ချုပ်သူ နည်းပြများအား တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်မောင်မယ်များ၊ အုပ်ချုပ်သူ နည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် နှစ်စဉ်နွေရာသီကျောင်းပိတ်ရက်ရှည်ကာလ တွင် မိမိတို့၏ ကိုယ်ပိုင်အချိန်များကိုအကျိုးမဲ့မဖြစ်စေဘဲ မိမိအတွက်သော်လည်းကောင်း၊ တိုင်းပြည်အတွက် သော်လည်းကောင်း အကျိုး ရှိစေသည့် ရေကြောင်း၊ လေကြောင်းပညာ ရပ်ဆိုင်ရာ လူငယ်သင်တန်း အသီးသီးကို လေ့လာသင်ယူတက်ရောက်ခဲ့ကြသည့် နိုင်ငံ တစ်ဝန်းမှ မောင်မယ်များနှင့်တွေ့ဆုံပြီး ဂုဏ်ပြုအမှာစကား ပြောကြားခြင်းဖြစ်ကြောင်း။
ယခုသင်တန်းများကို ၂၀၁၄ ခုနှစ်၌ စတင်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုအထိ သင်တန်း ၉ ကြိမ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း၊ သင်တန်းစတင်ဖွင့်လှစ်ချိန်တွင် သင်တန်း သားတစ်ဦးကို သင်တန်း တစ်ကြိမ်သာ တက်ရောက်နိုင်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် သင်တန်းတက်ရောက်ပြီး လူငယ်များ၊ သင်တန်းမတက်ရသေးသည့် လူငယ်များ၏ ထက်သန်သည့်စိတ်ပါဝင်စားမှုနှင့် တင်ပြမှုများကြောင့် သင်တန်းတက်ရောက်ပြီး လူငယ်များကို နောက်နှစ်တွင်သင်တန်းဆက်တက်နိုင်ရန် တန်းမြင့် သင်တန်းများကို ၂၀၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့အထိ အခြေခံရေကြောင်း၊ လေကြောင်းလူငယ် သင်တန်း ၉ ကြိမ်၊ သင်တန်းသား ၈၄၄၆ ဦး၊ တန်းမြင့် ရေကြောင်း၊ လေကြောင်းလူငယ်သင်တန်း ၈ ကြိမ်၊ သင်တန်းသား ၁၆၄၄ ဦး၊ စုစုပေါင်း လူငယ် ၁၀၀၉၀ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း။
သင်တန်းဖွင့်လှစ်ရသည့်မူလရည်မှန်းချက်များအောင်မြင်ခဲ့ရုံသာမက သင်တန်း ကာလတွင် နိုင်ငံ၏ဒေသအသီးသီးမှ လူငယ် များသည် သင်တန်းအတူတက်ရောက်ခွင့်၊ အတူပူးပေါင်း ဆောင်ရွက် ခွင့်၊ အတွေ့အကြုံဗဟုသုတဖလှယ်ခွင့်များရရှိခဲ့ပြီး စိတ်တူ ကိုယ်တူ မိတ်ကောင်းဆွေ ကောင်းများရရှိခဲ့ကြခြင်းသည် တန်ဖိုးမဖြတ်နိုင်သည့်အခွင့် အလမ်းကောင်းတစ်ရပ်ပင်ဖြစ်ကြောင်း၊ အဆိုပါမိတ်ကောင်းဆွေကောင်း အသိုက်အဝန်းမှတစ်ဆင့် သူ့မိတ်ဆွေ၊ ကိုယ့်မိတ်ဆွေ အသိုက်အဝန်း များထပ်တိုးပြီး ဖလှယ်ခွင့်ရရှိခြင်းကြောင့် လူငယ်ဘဝ၌ပင် ကျယ်ပြန့်သည့်လူမှု ဆက်ဆံရေး နယ်ပယ်များကို ရရှိလာမည်ဖြစ်ကြောင်း။
မိတ်ဆွေကောင်း၏အရေးပါမှု
နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်းမှုရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အစွမ်း ကုန်ကြိုးစားဆောင်ရွက်လျက်ရှိရာတွင် လူငယ်များ၏ အခန်း ကဏ္ဍနှင့်ပတ်သက်ပြီး အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဦးတည်ချက်(၉)ရပ်တွင် ပြဋ္ဌာန်းထားသည့်လူမှုရေးကဏ္ဍ၌ လူငယ်များနှင့် ပတ်သက်ပြီး “နိုင်ငံ၏ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ”ဟူ၍ ပြဋ္ဌာန်းပေးထားပြီးဖြစ်ကြောင်း၊ ဗလငါးတန်အနက် မိတ္တဗလဟူသည်မှာ လူရယ်လို့ဖြစ်လာပါက မိတ်ကောင်း ဆွေမွန်ရှိရန်လိုအပ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာဖေးမမှု၊ အမှားတွေ့ပါက စေတနာဖြင့် ဝေဖန်ထောက်ပြမှု စသည်တို့သည် မိတ်ဆွေအချင်းချင်း ပြုမူပေးတတ်သည့် အလေ့အကျင့်ကောင်းများပင်ဖြစ်ကြောင်း၊ ထိုကဲ့သို့မိတ်ဆွေကောင်း များကို ပိုင်ဆိုင်ခြင်းအားဖြင့် မိမိတို့ဖြတ်သန်းရမည့် အနာဂတ်ဘဝကို ဖြောင့်တန်းအောင် လျှောက်လှမ်း နိုင်ကြမည်ပင်ဖြစ်ကြောင်း။
လူတိုင်းတွင်မိတ်ဆွေကောင်းရှိရန်အရေးကြီးသကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့်ဖွဲ့စည်း တည်ဆောက်ထားသည့် မိမိ တို့နိုင်ငံတော်ကြီးသည်လည်း မိတ်ဆွေကောင်းများပိုင်ဆိုင် ထားသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပြည်တွင်းရေးအခြေအနေများနှင့်ပတ်သက်ပြီး အမှန်တရားဘက်က အရှိအတိုင်းရပ်တည်ပေးသည့်နိုင်ငံများသည် နိုင်ငံတော်၏ မိတ်ဆွေ ကောင်းများပင်ဖြစ်ကြကြောင်း။ မကြာခင်ကဖြစ်ပွားခဲ့သည့် မန္တလေး ငလျင်ကြီးကို မောင်တို့မယ် တို့လည်း သိရှိခဲ့ ကြပြီးဖြစ်ကြောင်း၊ ငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရချိန်တွင် အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပေးရန် ရောက်လာသည့် မိတ်ဆွေကောင်း နိုင်ငံများ၊ ဝမ်းနည်းစာနာကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ ငလျင်ဘေး ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်နေထိုင်ရေးကဏ္ဍစုံတွင် ပံ့ပိုးကူညီပေးကြသည့်အဖွဲ့အစည်းများနှင့်နိုင်ငံများသည်မိမိတို့နိုင်ငံအတွက်မိတ်ဆွေကောင်းများဟုဆိုရမည်ဖြစ်ကြောင်း။
လူငယ်ဘဝကတည်းက အသိမှန် အတွေးမှန် ရှိကြရန်လို
စာအုပ်စာပေများသည်လည်း လူသားတို့၏ မိတ်ဆွေများဖြစ်ကြောင်း၊ လူများ၏ စိတ်ကိုနူးညံ့စေသည့် ရသစာပေများ၊ အတွေးအခေါ် ဗဟုသုတမြင့်မားစေသည့် သုတစာပေများကိုဖတ်ရှုလေ့လာပြီး မိမိ၏ဘဝအစဉ်တိုးတက်နေအောင် ကြိုးပမ်းသွားကြရန်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသည့် အနာဂတ်သားကောင်းရတနာများဖြစ်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရန်လို
ဒီမြေမှာမွေး ဒီမြေမှာကြီးပြင်းခဲ့ကြသူများပီပီ အမိနိုင်ငံတော်ကြီး၏ သမိုင်း ကြောင်းအစဉ် အလာများကို ကောင်းစွာသိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊ ခိုင်မာသည့် သမိုင်းအထောက် အထားများအရ မိမိတို့နိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၁၀၀(ဘီစီ ၁ ရာစု)ခန့်ကတည်းက မြို့ပြ နိုင်ငံများ စတင်ထူထောင်နေထိုင်ခဲ့ကြသည့် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင် သမိုင်းကြောင်းရှိသည့်နိုင်ငံဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်ပေါင်း ၁၁၀၀ ခန့် က ပုဂံအင်ပါယာကို စတင် ထူထောင်ခဲ့ပြီးနောက်ပိုင်းတွင် တိုင်းရင်းသားပေါင်းစုံစုစည်းပြီး ကိုယ့်မင်း၊ ကိုယ့်ချင်းနှင့်ရပ်တည်ခဲ့သည့် ဘုရင့်နိုင်ငံဖြစ်ကြောင်း၊ သမိုင်းကြောင်းအရ ရှည်လျားလှသော်လည်း အဆိုပါခေတ်က ခေတ်နှင့် လျော်ညီသည့် ခေတ်မီပညာရပ်များသင်ကြားသင်ယူမှုမရှိနိုင်ခဲ့သဖြင့် ခေတ်ပညာတတ်များမရှိခြင်း၊ စည်းလုံးညီညွတ်မှု အားနည်းခြင်းများကြောင့် ခေတ်မီနိုင်ငံ၊ ခေတ်မီလူ့အဖွဲ့အစည်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ခေတ်မီတပ်မတော်တည်ဆောက်ရာတွင် အားနည်းခဲ့ကြရကြောင်း၊ ထို့ကြောင့် သမိုင်းအစဉ် အလာကြီးမားသည့် မိမိတို့နိုင်ငံသည် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း။
မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသည် မျိုးချစ်လူငယ်များက ခေတ်မီတပ်မတော် တစ်ရပ်ထူထောင်ပြီး ပြည်သူလူထု၏ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းကြိုးပမ်းမှုများကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးအတွက် ပြည်သူများ၊ တပ်မတော်သားများ အသက်၊ သွေး၊ ချွေးများစွာပေးဆပ်ပြီး စွန့်လွှတ်စွန့်စားမှုအပြည့်ဖြင့်ဆောင်ရွက်ခဲ့ကြကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ကိုလိုနီ နယ်ချဲ့များ၏ သွေးခွဲအုပ်ချုပ်မှု စနစ်ဆိုးများ၊ သွေးထိုး လှုံ့ဆော်မှုများကြောင့် “တိုင်းပြည်က နုနု၊ မုန်တိုင်းကထန်ထန်” ဆိုသကဲ့သို့ ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းမှုများနှင့်ကြုံတွေ့ခဲ့ရကြောင်း၊ ရက်ပိုင်း၊ လပိုင်းသာရှိသေးသည့် လွတ်လပ်ရေးသစ်ပင်သည် အသီးအပွင့်မမြင်ရသေးခင်မှာပင် အမြစ်ကဆွဲနုတ်ခံရမည့်အဖြစ်မျိုးကြုံခဲ့ရကြောင်း၊ တပ်မတော်နှင့် ပြည်သူ လက်တွဲပြီး ခက်ခက်ခဲခဲ လွတ်လပ်ရေးကို ကာကွယ်ခဲ့ရကြောင်း၊ ပြည်တွင်းသောင်းကျန်းမှု၊ ပြည်ပ ကူမင်တန် ကျူးကျော်မှုများနှိမ်နင်းအပြီးတွင် နိုင်ငံရေးအားနည်းချက်များ၊ ပြည်ပပယောဂများကြောင့် တိုင်းပြည်ပြိုကွဲမည့်အန္တရာယ်နှင့် ကြုံတွေ့ရပြန်ကြောင်း၊ အမြစ်ကနုတ်ခံရမည့် လွတ်လပ် ရေးသစ်ပင်ကို ခက်ခက်ခဲခဲကြိုးပမ်းကာကွယ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် အပိုင်းပိုင်းဖြတ်မည့်အန္တရာယ်နှင့် ထပ်မံကြုံတွေ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး နိုင်ငံရေးစု စည်းညီညွတ်မှု၊ လူမှုရေးနှင့် စီးပွားရေးစည်းလုံးညီညွတ်မှု ရရှိစေရေးအတွက် ဗဟိုကွပ်ကဲအုပ်ချုပ်မှုနှင့် နိုင်ငံကို ပြန်လည်စုစည်းတည်ဆောက်ခဲ့ရကြောင်း။
ဗဟိုကွပ်ကဲအုပ်ချုပ်မှုတွင် အားနည်းချက် များရှိသကဲ့သို့ အားသာချက်များလည်း ရှိခဲ့ကြောင်း၊ စုစည်းသည့်နိုင်ငံရေးစနစ်ကို တည်ဆောက်နိုင်ခဲ့သော်လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အားနည်းခဲ့ကြောင်း၊ ထိုအပေါ်တွင် အခွင့်ကောင်းယူပြီး ပြည်တွင်း ပြည်ပအဖျက်သမားများသည် နှစ်ရှည်လများ နည်းအမျိုးမျိုးဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် တာဝန်ရယူခဲ့ရပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တည်ငြိမ်အေးချမ်းစွာ ကူးပြောင်းနိုင်ရန် တည်ဆောက်ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုနေရာတွင် သတိပြုမိရန်ကလည်း ပြည်ပ၏ပယောဂပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကတည်းက မတည်မငြိမ်ဖြစ် အောင်စဉ်ဆက်မပြတ်လုပ်ဆောင် လာခဲ့သည့် အဆိုပါအင်အားစုများနှင့်၎င်းတို့၏ အဆက် အနွယ်များကပင် အဆိုပါကိစ္စကို နှတ်ကြောင်းပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချိန်မရွေး ဝင်ရောက်စွက်ဖက်၍ ကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယင်းကိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း၊ အဖျက်သမားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံ၏နိုင်ငံရေးဟန်ချက်ညီမှု၊ လူမှုစီးပွားဘဝ ဟန်ချက် ညီမှုများကို သိရှိကြကြောင်း၊ အဆိုပါဟန်ချက်ညီမှုများကို ဖျက်ဆီးနိုင်မှသာ ၎င်းတို့၏ယုတ်မာသည့် နိုင်ငံတော်ပြိုကွဲစေရေးအကြံအစည်များနှင့် ဒေသအတွင်း မြန်မာကိုတည်ကြက်ထားပြီး ၎င်းတို့ ထိန်းချုပ်လိုသည့်နိုင်ငံများကို ထိန်းချုပ်လိုသည့် အကြံအစည်များအား အကောင်အထည်ဖော်နိုင်မည်ကို သိရှိကြကြောင်း၊ ယင်းကို ၎င်းတို့စဉ်ဆက်မပြတ်ဆောင်ရွက်နေကြသည်ကို မိမိတို့နိုင်ငံသားများအားလုံး က သိရှိသတိရှိကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အဖြစ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်အဖြစ် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်ထားကြောင်း၊ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်နေရာတွင် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် အရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုးများ၊ ရွေးကောက်ပွဲမတိုင်မီကာလတွင်လည်း ဒီမိုကရေစီအမည်ခံဥပဒေမဲ့လုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများကြောင့် တိုင်းပြည်၏ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီရပ်တည်မှုများပြိုကွဲမည့်အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်းသည် မိမိတို့နိုင်ငံ၏သမိုင်းဖြစ်ရပ်မှန်များကိုသိရှိပြီး စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ဦးဆောင် လူငယ်များအဖြစ်ပါဝင်ကြရန်လိုကြောင်း။
တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုသည့်စကားနှင့်အညီ ဒီမြေမှာမွေး၊ ဒီမြေမှာ ကြီးပြင်းကြသူများသည် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိကြရမည့်တာဝန်ဝတ္တရားရှိကြကြောင်း၊ အလားတူ မိမိအပေါ် ပြုဖူးသည့် ကျေးဇူးမှန်သမျှကိုလည်း အစဉ်အသိအမှတ်ပြုနိုင်မှသာ လူပီသပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခံရသည့် လူသားများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရာမှတစ်ဆင့် ရရှိခဲ့သည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုများကို ဆက်လက်မွေးမြူပြီး ပြည်ထောင်စုစိတ်ဓာတ်ကိုမွေးမြူကြရန်၊ နိုင်ငံတော်အတွက် လူသား အရင်းအမြစ်များ မွေးမြူနေချိန်တွင် သင်ယူခဲ့သည့်ပညာရပ်များ၏ အခြေခံသဘောတရားများမှ စူးစမ်းလေ့လာ မှုများပြုလုပ်ပြီး တိုးတက်အောင်မြင်အောင် ထပ်မံကြိုးစားသွားကြရန်၊ မှန်ကန်သည့် အသိအမြင်များရရှိစေရန် စာကောင်းပေမွန်များကိုဖတ်ရှုပြီး မိဘဆရာသမားများ၏ အဆုံးအမ များအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ “ ပညာရွှေအိုး လူမခိုး” ဆိုသည့် အတိုင်း ပြောင်းလဲတိုးတက် နေသည့် ပညာ ခေတ်တွင်ပညာကိုတစိုက်မတ်မတ်ရှာဖွေ ရင်း တစ်ဖက်တွင်လည်း မိမိတို့၏ကျန်းမာ ရေးအတွက် ဂရုပြုဆင်ခြင်နေထိုင်သွား ကြရန်၊ အမိတိုင်းပြည်အပေါ် သစ္စာစောင့်သိရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များနှင့်နောင်တစ်ချိန်တွင် နိုင်ငံတော် က အားကိုး အားထားပြုရမည့်မျိုးဆက်သစ် မောင်မယ်များဖြစ်အောင် ကြိုးပမ်းသွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး လူငယ် မောင်မယ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။
၎င်းနောက် ရေကြောင်းလူငယ်သင်တန်းမှ မငုရီကိုကိုနှင့် လေကြောင်းလူငယ်သင်တန်း မှ မသုရတနာအောင်တို့က အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၅)နှင့် အခြေခံနှင့်တန်းမြင့် လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)တို့တွင် တက်ရောက်သင်ကြား ခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာ အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြသည်။
ထို့နောက် မိမိတို့ရေကြောင်း၊ လေကြောင်း လူငယ်မောင်မယ်များအနေဖြင့် နွေရာသီအားလပ်ရက် ကာလများတွင် အနာဂတ်နိုင်ငံတော်အကျိုး ဖြစ်ထွန်းစေမည့် ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားခွင့်ရရှိခဲ့ပြီး ဒေသအသီးသီးမှ လူငယ်မောင်မယ်များနှင့် တစ်စုတစ်စည်းတည်း တွေ့ဆုံ ခွင့်ရရှိသည့်အတွက် နိုင်ငံတော်အကြီးအကဲနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင် ရှိပါကြောင်း၊ ယခုသင်တန်းများမှရရှိခဲ့သည့် အသိပညာဗဟုသုတများသည် မိမိတို့လူငယ် မောင်မယ်များ ဆက်လက်လျှောက်လှမ်းကြရမည့် ရည်မှန်းချက်ပန်းတိုင်များနှင့် တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ အုတ် တစ်ချပ်၊ သဲတစ်ပွင့်ပမာ အထောက်အကူပြုသွားမည်ဖြစ်သည်ဟုလည်း ယုံကြည်ပါ ကြောင်း၊ မိမိတို့လူငယ်မောင်မယ်များအနေဖြင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သော တက်ကြွသည့် နိုင်ငံ့သားကောင်းများဖြစ်အောင်အစဉ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ကျေးဇူးတင်စကားများအသီးသီးပြန်လည်ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြောင်း နှင့်လေကြောင်း လူငယ်မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံနှင့်တန်းမြင့်ရေကြောင်းလူငယ်သင်တန်း အမှတ် စဉ်(၁/၂၀၂၅)နှင့် အခြေခံ နှင့်တန်းမြင့်လေကြောင်းလူငယ်သင်တန်း(၁/၂၀၂၅)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူ နည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ရေကြောင်းနှင့် လေကြောင်းလူငယ် မောင်မယ်များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်း အနားသို့မ တက်ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသထားသော မြန်မာ့ တပ်မတော်မှထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင် အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့တပ်မတော်မှ ထုတ်လုပ်သည့် ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ် သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ တပ်မတော်(လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့်ရဟတ်ယာဉ်များ၏ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင် ပစ္စည်းများ၊ Simulator ဖြင့် လေယာဉ်ပျံသန်းမှုသရုပ်ပြကွက်များကို စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သိရှိ လိုသည်များကို ရှင်းလင်းပြသခဲ့ကြသည်။