နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်

နေပြည်တော်   မေ   ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊  ကျိုင်းတုံတပ်နယ်မှ  အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား  တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးဒေါ်ကြူကြူလှ၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ကာကွယ်ရေးဦးစီး ချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကိုအရာရှိ၊ စစ်သည်၊ မိသားစု သိရှိနားလည်နိုင်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း။

နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင်နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင်လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအချိန်သည်ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီး သစ္စာမဲ့သည့်နိုင်ငံ့ဝန်ထမ်းအချို့၏  လုပ်ငန်းခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ထိုကဲ့သို့သောအခက်အခဲနှင့် အကျပ်အတည်းများကို နိုင်ငံတော်တွင်ရှိသမျှသောအင်အားစုများဖြင့်ရင်ဆိုင်ကျော်လွှားခဲ့ကြရကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုများကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အကြမ်းဖက်မှု များ တဖြည်းဖြည်းလျော့ပါးသွားခဲ့ကြောင်း။

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရမှု

အကြမ်းဖက်မှုဖြစ်စဉ်များအပြင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရမှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင်  ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်းတိုက်ခတ်မှုကြုံတွေ့ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအနေဖြင့် ငွေကျပ် ၅၃၄ ဘီလီယံကျော်ခန့် ဆုံးရှုံးခဲ့ရကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်မှု ပြီးလျှင်ပြီးချင်း မိမိကိုယ်တိုင်သွားရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်စေခဲ့ရာ ၆ လအတွင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊  နိုင်ငံတကာမှလည်း ကူညီဆောင်ရွက်ပေးမှုများရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂိမုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြုံတွေ့ခဲ့ရချိန်တွင်လည်း    ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရကြောင်း၊   မကြာသေးမီက မတ်လ ၂၈ ရက်နေ့တွင်   ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြုံတွေ့ခံစားခဲ့ရချိန်၌လည်း နိုင်ငံတော်နှင့် ပြည်သူလူထုတို့တွင် ထိခိုက်ဆုံးရှုံးမှုများ များပြားခဲ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့်   အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များ၊ မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးရေလျှံမှုနှင့် ငလျင်ဘေး ဒဏ် စသည့်သဘာဝဘေးအန္တရာယ်မျိုးစုံကိုကြုံတွေ့ခဲ့ရကြောင်း၊ မိမိတို့တွင်ရှိသည့် အားများကိုစုစည်း၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရကြောင်း၊ ငလျင်ဘေးကြောင့် ထိခိုက် ပျက်စီးမှုများနှင့်ပတ်သက်၍ နိုင်ငံတကာမှကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း၊  ငလျင်လှုပ်ခတ်ပြီးမကြာမီနာရီပိုင်းအတွင်း မိမိအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို နိုင်ငံတော်သို့ အသိပေးပြောကြားခဲ့ပြီး နိုင်ငံတကာမှအကူအညီများရရှိရေးအတွက်လည်း ပြောကြားခဲ့ကြောင်း၊ နိုင်ငံတကာမှ  ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့်လည်း  မိမိတို့နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့မှုကြောင့်     အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး 

မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံးပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကိုဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်စေရေးဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ  Electronic   Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံးဖြစ်စေနိုင်ကြောင်း။

ရွေးကောက်ပွဲကျင်းပပြီးချိန်၌ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးပြည်နယ် လွှတ်တော်များခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ဆန္ဒမဲပေးမှုနှင့်ပတ်သက်၍ ဒေသနှင့် နိုင်ငံတော်၏အကျိုးကို အမှန်တကယ်ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကို   ရွေးချယ်ရန်လိုကြောင်း၊    တပ်မတော်အနေဖြင့်လည်း   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။

တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရမည် တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် အဓိကတာဝန်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင်နိုင်ရေးအတွက် တစ်ဦးချင်းစီအလိုက်၊ တပ်ဖွဲ့တစ်ဖွဲ့ချင်းစီအလိုက် တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ ပြည့်ဝနေရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံးသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မျှမပါရှိဘဲ   မိမိတို့သဘောဆန္ဒအလျောက်တပ်မတော်သို့ ဝင်ရောက်အမှုထမ်းကြ ခြင်းဖြစ်ကြောင်း၊ တပ်မတော်သားများ၏ တစ်ဦးချင်းအရည်အချင်းများပြည့်ဝစေရေး အဆင့်အလိုက် သတ်မှတ်ထားသည့်အခြေခံသင်တန်းများနှင့် သက်ဆိုင်ရာနယ်ပယ်များအလိုက် စစ်ပညာများကိုသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ တစ်ဦးချင်းအနေဖြင့် ကျန်းမာရေးကောင်းမွန်စေရေးသတ်မှတ်ထားသည့် ကိုယ်ခန္ဓာကြံ့ခိုင်မှုလေ့ကျင့်ခန်းများကိုနေ့စဉ်ဆောင်ရွက်နေရန်လိုပြီး ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိမှသာ တိုက်စွမ်းရည် အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ တိုက်စွမ်းရည်ပြည့်ဝစေရေးအတွက်  တပ်မတော်သားတစ်ဦးချင်းစီအလိုက် ရှိသင့်ရမည့်အရည်အချင်းများနှင့်   တပ်ဖွဲ့တစ်ခုချင်းစီအလိုက် အရည်အချင်းများရှိရမည်ဖြစ်ကြောင်း။

ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှ သည် နိုင်ငံစီးပွားမြှင့်တင်ခြင်းကို ဖော်ဆောင်ပေးနိုင်ရမည်

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်နိုင်ရမည်ဖြစ်သည့်အပြင်နိုင်ငံစီးပွားတိုးတက်ရေးအတွက်လည်းတပ်မတော်အနေဖြင့်ဝိုင်းဝန်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊တပ်မတော်သားများ၏စားသောက်နေထိုင်ရေးကိုပြည့်စုံအောင်ဆောင်ရွက်ပေးမည်ဆိုပါကဒေသစီးပွားတိုးတက်ရေးအတွက်လည်း  အထိုက်အလျောက် အကူအညီပေးနိုင်ကြောင်း၊    အလားတူ တပ်တွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များအား ဒေသခံပြည်သူများကို ထိုက်သင့်သည့် ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်မည်ဆိုပါက ဒေသစီးပွားရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အလားတူ တစ်ဦးချင်းဆောင်ရွက်နိုင်သည့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် အရာရှိ၊ စစ်သည် မိသားစုများ၏ သက်သာချောင်ချိရေးကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ဒေသအလိုက်လုံခြုံတည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်မည်ဆိုပါကလည်း ဒေသ၏စီးပွားဖွံ့ဖြိုးတိုးတက်မှုကို  ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊   မိမိတို့သက်ဆိုင်ရာဒေသအလိုက်  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မှုမှသည် နိုင်ငံစီးပွားမြှင့်တင်မှုကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။

တပ်မတော်သားမိသားစုဝင် သားသမီးများ၏ ပညာရည်မြင့်မားရေး

ပညာရေးနှင့်ပတ်သက်၍ ယခုလ ၂၂ ရက်မှစတင်၍ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်နေပြီဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသဖြင့် မိဘများအနေဖြင့်လည်း မိမိတို့ကလေးငယ်များ၏  ပညာရည်မြင့်မားရေးကို အလေးပေးဆောင်ရွက်ကြရန်တိုက်တွန်းမှာကြားလိုကြောင်း၊  ပညာရေးကောင်းမွန်မှသာလျှင် ၎င်းတို့၏ဘဝတစ်လျှောက်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ အလားတူ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေးအတွက်မိမိတို့အစိုးရအနေဖြင့်   ဆောင်ရွက်လျက်ရှိပြီး ပညာရေးနှင့်ပတ်သက်သည့်အားပေးထောက်ပံ့မှုမျိုးစုံကို   ပြုလုပ်ပံ့ပိုးလျက်ရှိကြောင်း။

တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးဖြင့် စုစည်းညီညွတ်သည့်အားကိုတည်ဆောက်

တပ်တွင်း  စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်၍ မိမိတို့တပ်အတွင်းနှင့် တပ် အချင်းချင်း စည်းလုံးညီညွတ်မှုရှိအောင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို၊ မောင်ရင်းနှမသဖွယ်စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံးနေထိုင်ကြရန်၊ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို  ကျေပွန်စွာတာဝန်ထမ်းဆောင်ကြရန်လိုကြောင်း၊ တွေ့ကြုံနေရသည့်အခက်အခဲများကို  ဖြေရှင်းဆောင်ရွက်ရာတွင်လည်း “တောင်ကြီး ဖဝါးအောက် ဟူသည့်  စိတ်ဓာတ်များမွေးမြူ၍ ကျော်လွှားဆောင်ရွက်သွားကြရန်လိုကြောင်း၊  မိမိတို့အနေဖြင့်လည်း ဒေသခံပြည်သူများနှင့်အတူ တစ်သွေးတည်း တစ်သားတည်းဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုပြီး တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကိုလည်း    စနစ်တကျဖြင့်ဆောင်ရွက်သွားကြရန်နှင့် ဒေသအကျိုး၊ ဒေသခံများ၏အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊  စုစည်းညီညွတ်သည့်အားများဖြင့်  ပြည်သူလူထု၏အကျိုးစီးပွား၊ နိုင်ငံ၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ဖြင့် မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးက လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက   တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ  တိုင်းမှူး၏ဇနီးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့်  အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှိ  နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား   သွားရောက်ကြည့်ရှု၍   တစ်ဦးချင်း၏ကျန်းမာရေး အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ   ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။