မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်လှူဒါန်း ပွဲကျင်းပပြုလုပ်

နေပြည်တော်  မေ  ၂၉

မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်စေတနာရှင်၊ အလှူရှင်များကဒုတိယအကြိမ်မြောက်  အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌   ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အလှူငွေ များ လက်ခံသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့်ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊  ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ၊  ဝန်ကြီးဌာန များမှ  ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဝမ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ်တစ်မိနစ်ငြိမ်သက်

ဦးစွာ အခမ်းအနားအစီအစဉ်အရ မန္တလေး ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့်  သေဆုံးခဲ့ရသည့် ပြည်သူများအတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ် အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ၊ အခမ်းအနားတက်ရောက်လာကြသူများသည်    တစ်မိနစ် ငြိမ်သက်စွာ ရပ်တန့်ကြသည်။

သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားခဲ့ရမှု

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈)ရက်တွင် ဖြစ်ပွားခဲ့ သည့် မြေငလျင်ကြီးကြောင့်နေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၁၀)ခုတွင် ထိခိုက် မှုရှိခဲ့ပြီး (၆)ခုတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ကြရကြောင်း၊  ထိုကဲ့သို့  ဘေးဒုက္ခ ကြုံတွေ့ နေရသည့်  ပြည်သူများအတွက် စေတနာရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြခြင်းဖြစ်သည့် အတွက်  ယနေ့အခမ်းအနားသည် မင်္ဂလာရှိသည့် အခမ်းအနားပင်ဖြစ်ကြောင်း။

မိမိတို့မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် ရေကြီးရေလျှံမှု၊ မုန်တိုင်း ဝင်ရောက်မှု၊ မိုးခေါင်ရေရှားမှုများအနေဖြင့် နှစ်စဉ်နှစ်တိုင်းလိုလိုဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်များအတွင်း ၌လည်း  ၂၀၂၃ ခုနှစ်တွင် မိုခါမုန်တိုင်းနှင့် ၂၀၂၄ ခုနှစ်တွင် ရာဂိမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာ သွန်းခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် (၈)ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ ယခု ၂၀၂၅ ခုနှစ်တွင်လည်း ပြင်းအား ၇ ဒသမ ၇ ရှိသည့် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သောကြောင့်   နိုင်ငံတော် အနေဖြင့်ဆုံးရှုံးခဲ့ရမှုများ များစွာရှိခဲ့သကဲ့သို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီနှင့် မိသားစုများ၌လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း။

အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများ

ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည် တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်(၁၀)ခု တွင်ရှိသည့်    ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇၊ လူဦးရေ စုစုပေါင်း  ၅၀၆၀၆၉  ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦး ရှိကြောင်း။

နေအိမ်၊ အဆောက်အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၁၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့်ရထားလမ်းတံတား ၁၁ စင်း၊  မိုဘိုင်းဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက်အဦ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊  အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့်  အခြားဘာသာရေးအဆောက်အဦ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံ ဖြစ်ကြောင်း။

ကူညီကယ်ဆယ်ရေး၊ အပျက်အစီးများဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး

မတ်လ (၂၈)ရက် ငလျင်လှုပ်ခတ်ပြီးချိန်၌ ငလျင်ဘေးသင့်ဒေသများနှင့် ထိခိုက်ဒဏ်ရာရလူနာများအား ဆေးရုံ၌ ကုသပေးနေမှုများကို မိမိကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း၊  ငလျင်ဘေးသင့်ဒေသများသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်မှာ  ယနေ့အထိ စုစုပေါင်း  ၁၅  ကြိမ်ရှိခဲ့ပြီး  လိုအပ်သည့်ကူညီထောက်ပံ့မှုများနှင့် စီမံလမ်းညွှန်မှုများပေးခဲ့ကြောင်း။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင်လည်း အဆင့်(၅) ဆင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး ပြည်တွင်းအင်အားစုများအပြည့်အဝပါဝင်ခဲ့ကြကြောင်း၊ ထို့အပြင်ပြည်ပနိုင်ငံများမှ လာရောက်ကူညီကြသည့် ရှာဖွေကယ်ဆယ် ရေးအဖွဲ့များနှင့်ပူးပေါင်း၍ အရေးပေါ်ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုကဲ့သို့  ဆောင်ရွက်ခဲ့ခြင်းကြောင့်   အဆောက်အအုံများအတွင်း ပိတ်မိနေသူ ၆၅၃ ဦးကို အသက်ရှင်လျက်ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး သေဆုံးသူ ၈၀၆   ဦးကိုဖော်ထုတ်ရှာဖွေပေးနိုင်ခဲ့ကြောင်း။

ငလျင်ဘေးတုံ့ပြန်ရေး ဆောင်ရွက်နိုင်ရန်အတွက်   သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre– DMC)ကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၉)ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ပြီးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်တွင်ရှိသည့်   လုပ်ငန်း ကော်မတီများအလိုက် တုံ့ပြန်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘေးသင့်ပြည်သူများအတွက် လတ်တလော ယာယီနေထိုင်နိုင်ရေးဆောင်ရွက်ပေးခြင်း၊ သောက်သုံးရေလိုအပ်ချက်များ ဖြည့်ဆည်း ပေးခြင်း၊ အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ဈေးကားဖြင့် လှည့်လည် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိကြောင်း။

ထို့အပြင် အရေးပေါ်လိုအပ်ချက်ဖြစ်သည့် ဆက်သွယ်ရေး၊   လျှပ်စစ်မီးရရှိရေးနှင့် မိုးမကျမီ ယာယီအမိုးအကာအောက်ရောက်ရှိစေရေးတို့ကိုလည်း  ဆောင်ရွက်လျက်ရှိ ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ယာယီကျန်းမာရေးဆေးပေးခန်းများ ဖွင့်လှစ်ပြီး ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊    လိုအပ်သည့် ဆေးကုသမှုများ၊ ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း။

ယခုကဲ့သို့ တုံ့ပြန်မှုများဆောင်ရွက်သည့်အခါတွင် နိုင်ငံတကာက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ဖိတ်ခေါ်လမ်းဖွင့်ပေးခဲ့ကြောင်း၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊   အိန္ဒိယနိုင်ငံ၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊  AHA Centre၊  ဗီယက်နမ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ လာအိုနိုင်ငံ၊  Singapore  Red Cross Society၊ နီပေါနိုင်ငံ၊ UAE နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှပေးပို့လှူဒါန်းသည့်အလှူပစ္စည်းများကို ငလျင်ဘေးသင့်ဒေသများတွင်ရှိသည့် လိုအပ်နေသည့် ပြည်သူများထံသို့ အချိန်မဆိုင်းဘဲ ဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်း။

ငလျင်ဘေးကြောင့်  ထိခိုက်ပျက်စီးခဲ့ရသည့် တိုင်းဒေသကြီး/ပြည်နယ်များ၌ အရေး ပေါ်ရှာဖွေကယ်ဆယ်ရေး၊   အရေးပေါ် ထောက်ပံ့ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး    ယခုအချိန်တွင်    အပျက်အစီးများရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ်ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊    ယခုကဲ့သို့ ငလျင်ဒဏ်ကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည့်ကာလဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှုလိုအပ်သောကြောင့် တပ်မတော်အနေဖြင့် ဧပြီလ (၂) ရက်မှစပြီး ယခုမေလကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ သတ်မှတ်ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့်ပြည်သူတို့၏   အကျိုးစီးပွားကိုရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့်လည်း ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ၌လည်း လက်ရှိကြုံ တွေ့နေရသည့် ဘေးအန္တရာယ်များအပြင် နောင်ဖြစ်လာနိုင်ခြေရှိသည့် ဘေးအန္တရာယ် များအတွက်ပါ ကြိုတင်ထည့်သွင်းစဉ်းစားပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်အတွက်  တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ မူလကတည်းက ထိထိရောက်ရောက် ကြိုတင်စီမံဆောင် ရွက်ခဲ့မည်ဆိုပါက သဘာဝဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ထက် (၇)ဆခန့် လျော့နည်းသက်သာစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံ၏ ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက သဘာဝဘေးကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြားဖွံ့ဖြိုးတိုးတက်မှုများ မဆုံးရှုံးစေရေးအတွက်ကိုပါ အကျိုးရှိစေမည်ဆိုသည်ကို အသိပေးလိုကြောင်း။

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများမြန်ဆန်ထိရောက် အောင်မြင် နိုင်မည်

နိုင်ငံတော်အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ရေတိုရေရှည်အစီအမံများချမှတ်ပြီး မူလအခြေအနေထက် ပိုမိုသာလွန် ကောင်းမွန်သည့် ပြန်လည်ထူထောင်မှုဖြစ်စေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ ချန်လှပ်မှုမရှိစေရေး တို့ကို ဦးတည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရ၏ အင်အားတစ်ခုတည်းဖြင့် ဆောင်ရွက်ရန်အကန့်အသတ်များရှိသောကြောင့် ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြမှသာ ငလျင်ဘေးသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မြန်ဆန်ဆန်နှင့် ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

ဧပြီလ(၁)ရက်နေ့၊ ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက ကျပ်ငွေ ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ လှူဒါန်းခဲ့ကြကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် ကိုယ်ချင်းစာတရားကြီးမားကြသူများဖြစ်ပြီး ဆင်းရဲဒုက္ခကို ထပ်တူထပ်မျှခံစားကာ အမြဲရိုင်းပင်းကူညီတတ်ကြသူများဖြစ်ကြောင်း၊ ထို့အပြင် အလှူအတန်းတွင်လည်း ရက်ရက်ရောရော ပေးကမ်းလှူဒါန်းလေ့ရှိသူများဖြစ်ကြောင်း။

ပြည်တွင်းပြည်ပမှ အားတက်သရောထောက်ပံ့လှူဒါန်းပေးကြသည့် စေတနာရှင် များ၊ အလှူရှင် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်းလူပုဂ္ဂိုလ်များအားလုံးနှင့် ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက် မှုများသည် နိုင်ငံတော်အစိုးရ၏ဆောင်ရွက်မှုများအပေါ် များစွာအထောက်အကူဖြစ်စေကြောင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့်ဘေးသင့်သူများအတွက်  စိတ်ခွန်အားများကိုပါ ရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် အလှူရှင်များအားလုံးကို နိုင်ငံတော်နှင့် ငလျင်ဘေးသင့်သူများကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များ၊ တက်ရောက်လာကြသူ များသည် “မြေငလျင်ဘေးဒဏ် ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံသားတို့၏ စွမ်းရည်၊ မွန်မြတ်သည့် ဂုဏ်ဒြပ်” မှတ်တမ်း Video ကို အတူတကွကြည့်ရှုကြသည်။

အလှူငွေများလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ထို့နောက် မန္တလေးငလျင်ကြီး ကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ လာအိုနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ သံအမတ်ကြီးများ၊  စေတနာရှင်၊ အလှူရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်ပြီး စေတနာရှင်အလှူရှင်များ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ များ၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက အလှူငွေများ ဆက်လက်ပေးအပ်လှူဒါန်း ကြရာ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီဝင်များက အသီးသီးလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အလှူငွေများပေးအပ်လှူဒါန်းပွဲအခမ်းအနားအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတနာရှင်၊ အလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် မန္တလေးငလျင်ကြီးကြောင့် ဘေးဒဏ်သင့်ခဲ့ရသည့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင်၊ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် လှူဒါန်းမှုအနေဖြင့် အိမ်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် အဆောက် အဦတစ်လုံးလျှင် ငွေကျပ်သိန်း ၂၀၀၀၀ နှုန်းဖြင့် အလုံး ပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၃၁  ဒသမ  ၅၃  ဘီလီယံနှင့်အမေရိကန်ဒေါ်လာ ၂၃၁၄၉၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။