နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချန်းတို့ သဝဏ်လွှာ များ အပြန်အလှန်ပေးပို့

၂၀၂၅  ခုနှစ် ဇွန်လ ၈ ရက်တွင် ကျရောက်သည့် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၇၅)နှစ်မြောက်အထိမ်းအမှတ်အခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီချန်းတို့ သဝဏ်လွှာများ အပြန်အလှန်ပေး ပို့ခဲ့ကြပါသည်။ အဆိုပါ သဝဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းထံ ပေးပို့သည့်သဝဏ်လွှာ

ရက်စွဲ၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ   ၈  ရက်

အဆွေတော်ခင်ဗျား

၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ကျရောက်သော မိမိတို့နှစ်နိုင်ငံရဲ့ သံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်ပြည့်မြောက်သည့် မင်္ဂလာအခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မိမိအနေဖြင့် အဆွေတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရထံသို့   ဂုဏ်ယူဝမ်းမြောက်စွာ နှုတ်ခွန်းဆက်သအပ်ပါသည်။

၁၉၅၀ ပြည့်နှစ်၊  နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံနှင့်တရုတ် နိုင်ငံတို့သည်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများအဖြစ် အတူယှဉ်တွဲနေထိုင်လျက်ရှိကြပါသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မိမိတို့၏နှစ်နိုင်ငံဆက်ဆံရေးမှာ တဖြည်းဖြည်း ပိုမိုနက်ရှိုင်း လာခဲ့ပြီး ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှသည် ဘက်စုံမဟာဗျူ ဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ကိုမြှင့်တင်ခဲ့ကြပြီး        အေးအတူပူအမျှအနာဂတ်ကို  မျှဝေပိုင်ဆိုင်သည့် နှစ်နိုင်ငံအသိုက်အဝန်းထူထောင်ရေး  တူညီသည့်ကတိကဝတ်ကိုထားရှိနိုင်ခဲ့ကြပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုး တက်မှုအကူအညီ၏ အဓိကအရင်းအမြစ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုကို အရေးကြီးသည့်အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိပါသည်။ တစ်ချိန်တည်းမှာပင် မိမိတို့နှစ်နိုင်ငံအကြားရှိ   ထူးကဲသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှာလည်း  နှစ်နိုင်ငံပြည်သူများအကြား ကဏ္ဍစုံကူးလူးဆက်ဆံမှုများဖြင့် ဆက်လက်တိုးပွား လျက်ရှိပါသည်။ ညီအစ်မမြို့တော်များနှင့် ချစ်ကြည်ရေးမြို့တော်မိတ်ဖက်ထူထောင်မှု အရေအတွက် များပြားလာခြင်းကလည်း မိမိတို့နှစ်နိုင်ငံ ပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလာလျက်ရှိသည်ကိုထင်ဟပ်ပြသလျက်ရှိပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ ထိပ်သီးအစည်းအဝေးကာလ အတွင်း အဆွေတော်နှင့်တွေ့ဆုံစဉ် စွမ်းအင်၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်နိုင်ရေး အခွင့်အလမ်းသစ်များနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်စွာ အမှတ်ရမိပါသည်။ အထူးသဖြင့် ဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေးအပေါ် ခြိမ်းခြောက်လျက် ရှိသော အွန်လိုင်းလိမ်လည်မှုများကို အတူတကွတိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကိုမြှင့်တင်ရန် တူညီသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့မှုအတွက် များစွာနှစ်ထောင်းအားရဖြစ်မိပါသည်။

အခွင့်ကြုံခိုက် မကြာသေးမီကလှုပ်ခတ်ခဲ့သော မန္တလေးငလျင်အတွက် စေတနာ သဒ္ဓါတရား ထက်သန်စွာ အချိန်နှင့်တစ်ပြေးညီ ကူညီပံ့ပိုးမှုများအတွက် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအစိုးရအား အထူးကျေးဇူးတင်ရှိပါသည်။ ယင်းသို့ စာနာထောက်ထားမှုဖြင့် ကူညီဖေးမမှုများက နှစ်ကာလရှည်ကြာစွာရှိခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေး၏ကျောရိုး ဖြစ်သည့် စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုစိတ်ရင်းအမှန်ကို ထင်ဟပ်လျက် ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့တွင် တရုတ်နိုင်ငံက အခိုင်အမာ ပံ့ပိုးပေးလျက်ရှိသည့်အတွက်လည်း များစွာကျေးဇူးတင်ရှိပါသည်။

ရှေ့ဆက်၍လည်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား   ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ၍ အပြန်အလှန်အကျိုးရှိသည့်ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးတက်များပြားလာကာ   မိမိတို့၏ နှစ်နိုင်ငံ၏ မျိုးဆက်သစ်များအတွက် တူညီသည့်သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။

အဆွေတော် ကျန်းမာရွှင်လန်း၍ အောင်မြင်မှုများဆက်လက်ရရှိပါစေကြောင်းနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစဉ်ထာဝရငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

အဆွေတော်အား အစဉ်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အဆွေတော် မစ္စတာလီချန်း

ဝန်ကြီးချုပ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ပေကျင်းမြို့

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့သည့် သဝဏ်လွှာ

ပေကျင်းမြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၈ ရက်

အဆွေတော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

အဆွေတော် ခင်ဗျား

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်အထိမ်းအမှတ်အခါသမယ တွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေများ ဆက်စပ်လျက်ရှိပြီး ရှေးပဝေ သဏီ ကတည်းကပင် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး သမိုင်း ကြောင်းရှိခဲ့ပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး  စတင်ထူထောင်ခဲ့ ချိန်မှစ၍ (၇၅)နှစ်တာကာလအတွင်း မိမိတို့နှစ်နိုင်ငံ အတူတကွကြိုးပမ်းအားထုတ်မှု များကြောင့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်   ချစ်ကြည်ရင်းနှီး သည့် အပြန်အလှန်ဖလှယ်မှုများတွင် တိုးတက်အောင်မြင်မှုအများအပြားရရှိခဲ့ပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက်အခါသမယတွင် တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးပိုမို အားကောင်းစေရေး၊ မြန်မာ-တရုတ်   အေးအတူပူအမျှအသိုက်အဝန်း  တည်ထောင်မှု ပိုမိုနက်ရှိုင်းစေရေးနှင့် အဓွန့်ရှည်ကြာရေး၊   နှစ်နိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းရေး တို့အတွက် အဆွေတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်သွား လိုပါကြောင်း ပြောကြားလိုပါသည်။

မြန်မာနိုင်ငံနှင့် ပြည်သူပြည်သားများအားလုံး သာယာဝပြောချမ်းသာပါစေကြောင်း   ဆုမွန်ကောင်းတောင်းအပ်ပါသည်။

                                                                                                                လီချန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။