နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်းပြသထားရှိမှု များကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်  ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့ဝင်များ၊   ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့်ဗိုလ်တထောင် မြို့နယ်ရှိဝန်ကြီးများရုံး(အတွင်းဝန်ရုံး) ပြင်ဆင်ခင်းကျင်း ပြသထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်သည်ဗဟန်းမြို့နယ်ရှိဗိုလ်ချုပ် အောင်ဆန်းပြတိုက်(ရန်ကုန်)သို့ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယာဉ်နှင့် မှတ်တမ်းဓာတ်ပုံများပြခန်း၊ ပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်း၏ပုံတူ၊ဗိုလ်ချုပ်၏ငယ်ဘဝ၊တက္ကသိုလ် ကျောင်းသားဘဝ၊နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊နိုင်ငံခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့်မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့်အသုံးအဆောင်ပစ္စည်းများ၊ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏နောက်ခံသမိုင်းအကျဉ်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ ဘုရားခန်း၊ စာကြည့်တိုက် နှင့် အထူးအစည်းအဝေးခန်းများအတွင်း ခင်းကျင်းပြသထားသည့် ဗိုလ်ချုပ် အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ ပန်းချီကားများ၊ ဓာတ်ပုံများနှင့် ပရိဘောဂပစ္စည်း များ၊ ဗိုလ်ချုပ်အောင်ဆန်း ဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့်ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား  ရေးသားထားသော ခေတ်အဆက်ဆက်တွင်  ထုတ်ဝေခဲ့သည့် စာအုပ်များအား   စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗိုလ်ချုပ် အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယာဉ်အား ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက်ကျွမ်းကျင် ပညာရှင်များဖြင့်    ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦအား ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူကိုမထိခိုက်စေဘဲ ရှေးဟောင်းမူလလက်ရာ များအတိုင်း ဖြစ်စေရန်အတွက်ယခင်မှတ်တမ်းဓာတ်ပုံများဖြင့် ပြန်လည်တိုက်ဆိုင်စစ်ဆေးပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်အတွင်းရှိ ဓာတ်ပုံများအား နည်းပညာများ အသုံးပြု၍  ထိန်းသိမ်းဆောင်ရွက်ပြီး ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သား သည့်ပုံများ ဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊အမှိုက်သရိုက်များမရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အဆိုပါဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်  ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁  ခုနှစ်တွင် တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက် ထားသော ဥရောပပုံစံအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း သည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိ နေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူး အစည်းအဝေးခန်း၊   ဘုရားခန်း၊   ဗိုလ်ချုပ်အောင်ဆန်း အားလပ်ချိန်တွင်စိုက်ပျိုးသော စိုက်ခင်း၊  ဗိုလ်ချုပ်အောင်ဆန်းစီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစားမော်တော် ယာဉ်နှင့်    ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား    ခင်းကျင်းပြသထားရှိပြီး    အများပြည်သူများအနေဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်နေ့ရက်များနှင့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် အာဇာနည်နေ့တို့တွင်  နေ့စဉ်နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ   အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်အဖွဲ့ဝင်များလိုက် ပါ၍ဗိုလ်တထောင်မြို့နယ်ရှိဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ရောက်ရှိကြပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာ တမ်းများနှင့် ဓာတ်ပုံများထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စား စွာဖြင့်လှည့်လည်ကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့်ဓာတ်ပုံများနှင့်  စာရွက်စာတမ်းများအားခေတ်မီနည်းပညာ များအသုံးပြု၍ ကြည်လင်ပြတ်သားမှုရှိအောင်ဆောင်ရွက်ပြီးခင်းကျင်းပြသသွားရန် လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများ စနစ်ကျမှန်ကန်မှုရှိရန်နှင့်  လွယ်ကူရှင်းလင်းစွာဖတ်ရှုနားလည်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ထို့နောက်ဝန်ကြီးများရုံးအဆောက်အဦအတွင်း လှည့်လည်၍ဗိုလ်ချုပ်ရုံးခန်းနှင့် အစည်းအဝေး ခန်းမအတွင်းဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များ လုပ်ကြံခံရမှုအား ပြသထားရှိမှု၊ ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများပြသထားရှိမှု၊ သမိုင်းဝင်အထောက်အထားများ ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့် အဆောက်အဦထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့်   အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား   မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်း အထောက်အထားဓာတ်ပုံများအား  ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊ သမိုင်းအထောက် အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)အဆောက်အဦသည် တန်ဖိုးဖြတ်၍မရသည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အဦ ဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျသုတေသနပြု ဆောင်ရွက်သွားရန် လိုကြောင်းနှင့်  အခြားလိုအပ်သည်များကိုမှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။