သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန် ကြည်လင် ပြတ်သားသည့်ပုံများဖြစ်အောင် ဆောင်ရွက်သွားရန်လို
နေပြည်တော် ဩဂုတ် ၄
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှု ဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)နှင့် ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တို့သို့ သွားရောက်၍ ခင်းကျင်းပြသထားရှိမှုများနှင့် ပြုပြင် ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများကိုသွားရောက်ကြည့်ရှုစစ်ဆေး သည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗဟန်း မြို့နယ်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်) သို့ရောက်ရှိ ပြီး ဗိုလ်ချုပ်အောင်ဆန်းစီးနင်းခဲ့သည့် မော်တော်ယာဉ်ပြသထားရှိမှုနှင့်မော်တော်ယာဉ်အားပြင်ဆင် နေမှု၊ ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏နောက်ခံသမိုင်းအကျဉ်း၊ မှတ်တမ်းဓာတ်ပုံများနှင့် ပုံတူပန်းချီကားများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူရုပ်တု၊ ဗိုလ်ချုပ်၏ ငယ် ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေးလောကဘဝ၊ တပ်မတော်ခေါင်းဆောင်ဘဝ၊ နိုင်ငံ့ ခေါင်းဆောင်ဘဝ၊ မိသားစုဘဝမှတ်တမ်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများ၊ ဧည့်ခန်း၊ အထူးအစည်းအဝေးခန်း၊အိပ်ခန်း၊စာကြည့်တိုက်တို့အတွင်းခင်းကျင်းပြသထားသည့်ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့သော အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ၊ပန်းချီကားများ၊ ဓာတ်ပုံများနှင့်ပရိဘောဂပစ္စည်းများ၊ ဗိုလ်ချုပ်အောင်ဆန်းဖတ်ရှုလေ့လာခဲ့သည့်စာအုပ်များနှင့်ဗိုလ်ချုပ်၏သမိုင်းမှတ်တမ်းများအား ရေးသားထားသော ခေတ်အဆက်ဆက်တွင် ထုတ်ဝေခဲ့သည့် စာအုပ်များအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုရာသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများကရှင်းလင်းတင် ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ချုပ် အောင်ဆန်း စီးနင်းခဲ့သည့်မော်တော်ယာဉ်အားရေရှည်တည်တံ့ကောင်းမွန်နေစေရေးအတွက် ကျွမ်းကျင်ပညာရှင်များဖြင့် ပြုပြင်ထိန်းသိမ်းခြင်းများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သမိုင်းမှတ်တမ်းဓာတ်ပုံများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမိုကောင်းမွန်ကြည်လင်ပြတ်သားသည့် ပုံများဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ မီးလိုင်းများသွယ်တန်းထားရှိမှုများကိုလည်း စနစ်တကျဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ဗိုလ်ချုပ်၏မိန့်ခွန်းများမှ မိန့်ခွန်းကောက်နုတ်ဖော်ပြထားမှုအား လွယ်ကူရှင်းလင်းစွာဖတ်ရှုလေ့လာနိုင်ရေးကြည်လင်ပြတ်သားမှုရှိအောင် ပြန်လည်ဆောင်ရွက်ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်များအား အောက်ခြေရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်၊ အမှိုက်သရိုက်များမရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဝင်းအတွင်းရှိ ရေကန်၊ ဗိုလ်ချုပ် ကိုယ်တိုင်စိုက်ပျိုးခဲ့သည့် သီးပင်စားပင်စိုက်ခင်းနေရာပြကွက်နှင့်ပြတိုက်ပတ်လမ်း အတိုင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကန်၏ပုံသဏ္ဌာန်အမှန်ကို ပြန်လည်ဖော်ထုတ်လေ့လာ၍ နဂိုမူလပုံစံမပျက် ပြသထားရှိရန်လိုကြောင်း၊ ပြတိုက်သို့လာရောက်လေ့လာသူများကိုလည်း စနစ်တကျစာရင်းသွင်းထားရှိရန်လိုပြီး ထူးခြားသည့်ကိန်းဂဏန်းများဖြစ်သည့် ရာပြည့်၊ ထောင်ပြည့် လာရောက်သူများအတွက် သင့်လျော်သည့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့သောအိမ်ကို ပြတိုက်အဖြစ်ခင်းကျင်းပြသထားခြင်းဖြစ်ကြောင်း၊ ၁၉၂၁ခုနှစ်တွင်တည်ဆောက်ခဲ့သောအဆောက်အဦဖြစ်ပြီး အနောက်တိုင်းဗိသုကာဟန်များ ရောနှောတည်ဆောက်ထားသော ဥရောပပုံစံအဆောက်အဦတစ်ခုဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် မိသားစုနှင့်အတူ ယခုအိမ်၌ ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ လုပ်ကြံခံရသည့်နေ့အထိနေထိုင်ခဲ့ကြောင်း၊ ပြတိုက်အတွင်း ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများအိပ်ခန်း၊ အထူး အစည်းအဝေးခန်း၊ ဘုရားခန်း၊ ဗိုလ်ချုပ် အောင်ဆန်း အားလပ်ချိန်တွင်စိုက်ပျိုးသော စိုက်ခင်း၊ ဗိုလ်ချုပ်အောင်ဆန်းစီးနင်းအသုံးပြုခဲ့သည့် အင်္ဂလန်နိုင်ငံထုတ် WOLSELEY အမျိုးအစား မော်တော်ယာဉ်နှင့် ဓာတ်ပုံမှတ်တမ်းပြခန်းတို့အား ခင်းကျင်းပြသထားရှိပြီး အများပြည်သူများအနေဖြင့် သတ်မှတ်ချိန်များအတွင်း အခမဲ့လာရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)
ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အဆောက်အဦသို့ရောက်ရှိကြပြီး အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် သမိုင်းမှတ်တမ်းအထောက်အထား စာရွက်စာတမ်းများနှင့် ဓာတ်ပုံများထိန်းသိမ်းထားရှိမှုနှင့် လွှတ်တော်ခန်းမ ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကသမိုင်းကြောင်းကိုဖော်ပြလျက်ရှိသည့်ဓာတ်ပုံများနှင့် စာရွက်စာတမ်းများအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ကြည်လင်ပြတ်သားမှုရှိအောင်ဆောင်ရွက်ခင်းကျင်းပြသသွားရန်လိုကြောင်း၊ ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများအား အညွှန်းဖော်ပြရာတွင်လည်း ရေးထုံးသတ်ပုံများစနစ်ကျမှန်ကန်မှုရှိရန်နှင့် လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနားလည်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ပြုပြင်ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် ယခင်ခေတ်ကအသုံးပြုခဲ့သည့် ပုံစံများအတိုင်းဖြစ်စေရေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကိုမှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ကြီးများရုံးအဆောက်အဦအတွင်းလှည့်လည်၍ဗိုလ်ချုပ်ရုံးခန်းနှင့်အစည်းအဝေးခန်းမအတွင်း ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုအား ပြသထားရှိမှု၊ဓာတ်ပုံပြခန်းအတွင်း သမိုင်းဝင်ဓာတ်ပုံများပြသထားရှိမှု၊ သမိုင်းဝင်အထောက်အထားများပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုနှင့်အဆောက်အဦထိန်းသိမ်းထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေးခန်းမအတွင်း၌ ဗိုလ်ချုပ်နှင့် အာဇာနည်ပုဂ္ဂိုလ်များလုပ်ကြံခံရမှုနှင့် ဗိုလ်ချုပ်အောင်ဆန်း ရုံးထိုင်သည့်နေရာအား မူလခင်းကျင်းထားရှိမှုအတိုင်း ခင်းကျင်းပြသသွားရန်လိုကြောင်း၊ သမိုင်းအထောက်အထားဓာတ်ပုံများအား ပုံစာအညွှန်းတပ်၍ ဖော်ပြသွားရန်လိုကြောင်း၊သမိုင်းအထောက်အထားဓာတ်ပုံများအား ထပ်မံပြုစု၍ ခင်းကျင်းပြသသွားရန်နှင့်ရှေးဟောင်းသမိုင်းဝင်အဆောက်အဦဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲနေစေရေး ပြုပြင်ထိန်းသိမ်းမှုများကို မူလလက်ရာအတိုင်း စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားရန်နှင့်ထိုခေတ်တွင်မီခဲ့သည့်သတင်းစာဆရာကြီးများ၊ စာရေးဆရာများအားလိုက်လံမေးမြန်း၍ တစ်ပုံစံတည်းဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦ၏ အချို့နေရာများ၌ နိမ့်ကျနေမှုအား ပြန်လည်မြှင့်တင်ထိန်းသိမ်းနိုင်ရေး ပညာရှင်များဖြင့် စနစ်တကျ သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အဆောက်အဦသို့ရောက် ရှိကြပြီး အဆောက်အဦအတွင်းရှိ ရုံးခန်းများ၊ စာကြည့်တိုက်၊ တရားခွင်များနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ပြတိုက်အတွင်းသို့ လိုက်လံကြည့်ရှုစစ်ဆေး ရာ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အဦသည်ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သဖြင့် မူလလက်ရာမပျက်ယွင်းစေဘဲ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုအဆောက်အဦသည်ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရှေးဟောင်းအဆောက်အဦတစ်ခုဖြစ်သဖြင့် အဆောက်အဦရေရှည်ကောင်းမွန်ကြံ့ခိုင်စေရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့သည်။