နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ  ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်

မင်းဘူးမြို့နယ်မှ တက္ကသိုလ်ဝင်တန်းတွင် ဝင်ရောက်ဖြေဆိုသူ  မောင်ဂျူးသက်ကိုသည်  သုံးနှစ်ဆက်တိုက်   လူရည်ချွန်သုံးထပ်ကွမ်းဖြစ်ခဲ့ပြီး  တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးရရှိပြီး မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Myanmar First)ရရှိခဲ့သည့်အတွက်လည်း မိမိအနေဖြင့်ဂုဏ်ယူ၊  အလားတူ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်အတွက်လည်း ဂုဏ်ယူ 

နေပြည်တော်    ဩဂုတ်  ၁၉

နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဦးမင်းနောင်၊ ဦးခင်မောင်ရီနှင့် ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်  ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ကြသည်။

ဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူးက မင်းဘူးခရိုင်အတွင်း   ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှု၊ အဓိကသီးနှံများအား ပန်းတိုင် အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ဆန်နှင့် ဆီဖူလုံမှု၊ ဝါစိုက်ပျိုးမှုများအောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး   နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအခြေအနေများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်း ကျောင်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ မြို့နယ်အလိုက် ရွေးကောက်ပွဲကျင်းပ ပြုလုပ်ရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်လျက်ရှိမှု၊ ဆန်ဖူလုံမှုရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ ဖြည်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် မင်းဘူးမြို့ရှိ မြို့မိမြို့ဖများက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအနေဖြင့် မင်းဘူးမြို့တွင် သောက်သုံးရေများ လုံလောက်စွာရရှိရေး စီစဉ်ဆောင်ရွက်ပေးမှု၊ ဘိုးဘွားရိပ်သာအား ပြုပြင်ဆောင်ရွက်ပေးမှုနှင့်  မင်းဘူးမြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးအား  တည်ဆောက်လှူဒါန်းပေးခဲ့မှု၊ လမ်းများပြုပြင်ဆောင်ရွက်ပေးခဲ့မှုများအပေါ်မြို့သူမြို့သားများ ကိုယ်စား ကျေးဇူးတင်ရှိမှု၊ မင်းဘူးမြို့၌ ကောလိပ်တစ်ခု တည်ဆောက်ပေးစေလိုမှု၊  မြစ်ရေတင်လုပ်ငန်းအတွက် အရန်စက်တစ်လုံးထားရှိပေးစေလိုမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများတိုးတက်ရေးအတွက်    နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများရရှိသဖြင့်လုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ နှင့် ဒေါက်တာချာလီသန်းတို့က မင်းဘူးဒေသနှင့် ကိုက်ညီသည့် စပါးမျိုးကို စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဝန်ကြီးဌာနမှ    ကွင်းဆင်း ဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ရှိကာ အထွက်နှုန်းကောင်းမွန်သည့် မျိုးစပါးများစိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရနှင့်    စိုက်ပျိုးရေးတောင်သူများက ဆောင်ရွက်သွားရန်လိုအပ်မှု၊ မင်းဘူးဒေသအတွင်း ပန်းတိုင်အထွက်နှုန်းကောင်းမွန်လျက်ရှိပြီး    ဆက်လက်၍ တိုးတက်အောင် ဆောင်ရွက်သွား ကြစေလိုမှု၊ မင်းဘူးဒေသတွင် စပျစ်စိုက်ပျိုးထုတ်လုပ် မှုအောင်မြင်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဈေးကွက် လိုအပ်ချက်များအပေါ် မူတည်၍ ပိုမိုတိုးချဲ့စိုက်ပျိုးသွားနိုင်ရန် လိုအပ်မှု၊ ဝါစိုက်ပျိုးထုတ်လုပ်မှုများတိုးတက်စေရေး ဆောင်ရွက်သွားစေလိုမှု၊   ဒေသအတွက်လိုအပ်သည့်   လူသားအရင်းအမြစ်များရရှိစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေးစီမံချက်များချမှတ်ဆောင်ရွက်ပေးလျက်ရှိမှု၊ သဲကန္တာရမဖြစ်ပေါ်စေရေး စိမ်းလန်းစိုပြည်ရေးအလေးထားဆောင်ရွက်သွားရန်လိုအပ်မှု၊  မင်းဘူးခရိုင်အတွင်း ဝါးကိုအခြေခံသည့် ထုတ်ကုန်များထုတ်လုပ်နိုင်မှု၊ စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိမှု၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး နည်းပညာသင်တန်းများ   ဖွင့်လှစ်ပေးလျက်ရှိမှုနှင့် စက်ပစ္စည်းများရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ ကမ်းနီမြစ်ရေတင်စီမံကိန်းအား နေရောင်ခြည်စွမ်းအင်ဖြင့် ဆောင်ရွက်လျက်ရှိမှုနှင့် အရန်ရေတင်စက်အသင့်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက်   နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များတွင် မင်းဘူးကားလမ်းတိုးချဲ့ပေးရေး၊ တက္ကသိုလ်ကောလိပ်များ တိုးချဲ့ တည်ဆောက်ပေးရေးကိုတင်ပြခဲ့ကြကြောင်း၊ တက္ကသိုလ်ကောလိပ်များကို   ဖွင့်လှစ်ရန်အတွက်   ခရိုင်အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများ၏ တန်းစဉ်ကူးပြောင်းမှုများကို တွက်ချက်ကြည့်ရန်လိုကြောင်း၊ မင်းဘူးဒေသတွင်    တန်းစဉ်ကူးပြောင်းမှုမှာ လျော့နည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးစီးသည့်သူများအတွက် Polytechnic  ကျောင်းများဖွင့်လှစ်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။

စက်မှု၊   စိုက်ပျိုးရေးနှင့်  မွေးမြူရေး ကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကိုတွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအားလုံး၌ အဆင့်မြင့် ပညာကျောင်းများဖွင့်လှစ်ရန်ရည်ရွယ်ချက်ရှိပြီးဖြစ်ကြောင်း၊   အချို့တက္ကသိုလ်နှင့် ကောလိပ်များ၌  ကျောင်းတက်ရောက်သူများနည်းပါးလျက်ရှိသည်ကိုတွေ့ရကြောင်း၊ Polytechnic တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ ကွန်ပျူတာ၊ နည်းပညာနှင့်အခြားသင်ကြား၍ရသည့် ပညာရပ်များကို  သင်ကြားပေးသွားမည်ဖြစ်ကြောင်း။

လမ်းများတိုးချဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ထားသည့်   လမ်းအင်္ဂါရပ်များ အတိုင်းဖြစ်စေရေး သတ်မှတ်ချက်များနှင့်အညီ   အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာ၌ အိမ်ဆိုင်များဆောက်လုပ် ရောင်းချလျက်ရှိမှုကြောင့် သွားလာမှုအတွက် အနှောင့်အယှက်များဖြစ်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ထားသည့်  အိမ်ဆိုင်များ နှင့်ပတ်သက်၍ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုကြောင်း။

မင်းဘူးမြို့သည် သမိုင်းအစဉ်အလာများရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ အကျော်အမော်များ၊ ယဉ်ကျေးမှုအမွေအနှစ်များရှိခဲ့သည့် မြို့ဖြစ်ကြောင်း၊ မြန်မာစာပေသမိုင်းတွင် ဇာတ်ကြီးဆယ်ဘွဲ့ထဲမှ ဇာတ်တော်ကြီး ၈ ဘွဲ့ကို  နောင်လာနောက်သားတို့ အတုယူရအောင် စကားပြေနဲ့ ရေးသားတော်မူခဲ့သည့် ဆရာတော်ဦးဩဘာသသည်   မင်းဘူး နယ်သားထင်ရှားသည့် စာဆိုကျော်တစ်ဦး ဖြစ်တယ်ဆိုတာ ဂုဏ်ယူဖွယ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ အလားတူမြန်မာ့လွတ်လပ်ရေးသမိုင်းတွင် အသက်ပေးတာဝန်ထမ်းဆောင်သွားခဲ့သည့် အာဇာနည် ၉ ဦးတွင် တစ်ဦး အပါအဝင်ဖြစ်သည့် အတွင်းဝန် ဦးအုန်းမောင် သည်လည်း မင်းဘူးမြို့သားတစ်ဦးဖြစ်သည်ကိုသိရှိကြပြီးဖြစ်ကြောင်း။

ယခုအခါ   မင်းဘူးဒေသသည်ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ပြီး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ကောင်းမွန်ရန်လိုပြီး ကုန်ထုတ်လုပ်မှုများတိုးတက်ရန်လိုကြောင်း၊ ဒေသတွင်းရှိပြီး ဖြစ်သည့်    စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်ကုန်များပိုမိုတိုးတက်ရရှိရေး တစ်ဧကပန်းတိုင်အထွက်နှုန်းအတိုင်းရရှိအောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကိုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မင်းဘူးခရိုင်မှ ဝင်ရောက်ရွေးချယ်ခံမည့်ကိုယ်စားလှယ်လောင်းများသည် ဒေသတိုးတက်ရေးအတွက် လက်တွေ့ကျသည့်၊ ဖြစ်နိုင်သည့် ကိစ္စရပ်များကို ကြိုတင်တွေးခေါ် မြော်မြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ဒေသအကျိုးအတွက်   အမှန်တကယ် ချစ်မြတ်နိုးသည့်စိတ်ဖြင့် တာဝန်ထမ်းဆောင်နိုင်သည့်သူဖြစ်ရန်လိုကြောင်း။

တိုင်းဒေသကြီး၊  ခရိုင်နှင့် မြို့နယ်များအလိုက် အဆင့်ဆင့်အုပ်ချုပ်ကြရပြီး သက်ဆိုင်ရာအဆင့်အလိုက် လုပ်ပိုင်ခွင့်ပေးထားပြီးဖြစ်ကြောင်း၊ ချမှတ်ပေးထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ ဒေသအတွက် အမှန်တကယ်အကျိုးရှိမည်ဆိုပါက  အဆင့်ဆင့်တင်ပြ၍ လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို   အဓိကထားဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး ထက်ဝက်ကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် မိမိတို့ဒေသ၏ အကြောင်းအရာများကို သိရှိရန်လိုပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်ထုတ်လုပ်နိုင်ရေး နည်းလမ်းများရှာဖွေဆောင်ရွက်ပေးကြရန်လိုကြောင်း။

မင်းဘူးခရိုင်အနေဖြင့် ဆန်ဖူလုံမှုရှိသော်လည်း စေတုတ္တရာမြို့နယ်တွင် ဆန်ဖူလုံမှုလျော့နည်းလျက်ရှိကြောင်း၊ ယခုထက်ပိုမိုကောင်းမွန်ပြီး အထွက်နှုန်းပိုမိုကောင်းမွန်သည့် စပါးမျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးဆောင်ရွက်သွားကြရန်လိုကြောင်း၊ အလားတူဆန်စက်လုပ်ငန်းများ  ကောင်းမွန်နေရန်လည်းလိုကြောင်း၊ ဆန်စက်များမှထွက်ရှိသည့် ဆန်ကွဲ၊ ဖွဲများဖြင့် တိရစ္ဆာန်အစာများ ပြုလုပ်၍ရကြောင်း၊  ဆီထွက်သီးနှံများမှနှမ်းဆီ၊ ပဲဆီမျာ ထုတ်လုပ်နိုင်သဖြင့် တန်ဖိုးရှိသည့် ထုတ်ကုန်များအတွက် ထုတ်လုပ်သွားရန်လိုကြောင်း၊ ဆီစက်များမှထွက်ရှိသည့် နှမ်းဖတ်၊ ပဲဖတ်များဖြင့်လည်း တိရစ္ဆာန်အစာများထုတ်လုပ်နိုင်ကြောင်း၊ ထို့ကြောင့် မကွေးတိုင်းဒေသကြီးအတွင်း၌ မွေးမြူရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသစီးပွားရေးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်ဧကပန်းတိုင်အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက်များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသိပညာ၊ အတတ်ပညာများလိုအပ်ကြောင်း၊ ထို့ကြောင့် အတန်းပညာများရှိစေရေး ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ပြီး တန်းစဉ်ကူးပြောင်းမှုများ ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံးပညာရည်မြင့်မားရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာတတ်များပေါများမှသာ   အတတ်ပညာများ   ပိုမိုတတ်ကျွမ်းလာမည်ဖြစ်ကြောင်း။

ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ မင်းဘူးခရိုင်သည် ဝါစိုက်ပျိုးသည့် ခရိုင်များတွင်ပါဝင်ကြောင်း၊ ထို့ကြောင့်  ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို  စံပြအဖြစ် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ကြက်သွန်များအား ရေရှည်သိုလှောင်အသုံးပြုနိုင်သည့် စည်သွတ်ဘူးများနှင့်အခြားထုတ်ကုန်များကို ထုတ်လုပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ သိုးများကို မွေးမြူဆောင်ရွက်သွားကြရန်လိုကြောင်း၊ မင်းဘူးဒေသသည် အဓိကအားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို   အဓိကထား ဆောင်ရွက်ခြင်းဖြစ်သဖြင့်   မိမိအနေဖြင့်လုပ်ငန်းများပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးပြောကြားခြင်းဖြစ်ကြောင်း။

မင်းဘူးဒေသတွင်  ဝါးများ  များစွာထွက်ရှိကြောင်း၊ ဝါးဖြင့်ပြုလုပ်သည့် ကုန်ချောပစ္စည်းများနှင့် စက္ကူများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့်  မင်းဘူးဒေသတွင် ဝါးကိုပျော့ဖတ်အဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများတွင် တစ်ခုအပါအဝင်ဖြစ်သည့် နေကြာစိုက်ပျိုးထုတ်လုပ်မှုအား ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားကြရန်အကြံပြုပြောကြားလိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ယခုအခါတွင်လည်း မင်းဘူးမြို့နယ်မှ  တက္ကသိုလ်ဝင်တန်းတွင် ဝင်ရောက်ဖြေဆိုသူမောင်ဂျူးသက်ကိုသည် သုံးနှစ်ဆက်တိုက် လူရည်ချွန်သုံးထပ်ကွမ်းဖြစ်ခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌   ၆  ဘာသာဂုဏ်ထူးရရှိပြီး  မြန်မာတစ်နိုင်ငံလုံးပထမ(The Whole Myanmar First) ရရှိခဲ့သည့်အတွက်လည်း မိမိအနေဖြင့် ဂုဏ်ယူပါကြောင်း၊ အလားတူ ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင် အတွက်လည်းဂုဏ်ယူပါကြောင်း၊  ယခုကဲ့သို့  ကောင်းမွန်သည့်  အစဉ်အလာကို လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ အောင်မြင်မှုအသီးအပွင့်များကိုလည်း ဆက်လက်ခံစားကြ ရပါစေကြောင်းဖြင့် ဆုမွန်တောင်းစကား ပြောကြားသည်။

ထို့နောက်    နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ၆ ဘာသာဂုဏ်ထူးရှင် မြန်မာတစ်နိုင်ငံ လုံးပထမ (The Whole Myanmar First) ရရှိခဲ့သည့် မောင်ဂျူးသက်ကိုနှင့် ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦးဖြစ်သည့် မဟန်နွယ်မိုးဇင်တို့အား ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အခမ်းအနားအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။