နေပြည်တော် ဩဂုတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြား ချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိ နေသည့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ တီယန်ကျင်းဧည့်ဂေဟာ၌ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဝါဝါမောင်၊ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်အတူ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping က ယခုကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီး အစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025)နှင့်တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားသို့တက်ရောက်အသိအမှတ်ပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် SCO အဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးတွင်လည်းပါဝင်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာသည် ခိုင်မာသည့်ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိ သည့် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက် ရေးနှင့်တည်ငြိမ်ရေးကိုအမြဲထောက်ခံရပ်တည်အားပေးလျက်ရှိကြောင်း၊မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများကိုလည်း ထောက်ခံပြီး မြန်မာပြည်သူလူထုဖွံ့ဖြိုးတိုးတက်မှုနှင့်နှစ်နိုင်ငံအေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း၊ နှစ်နိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်အတိုင်း ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ဖက်ဆစ်အား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်တော်လှန်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်၏ တပ်မတော်နေ့ကို ဖက်ဆစ်အား တော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ နှစ်(၈၀)ပြည့်အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ညီလာခံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့် အလေးထားရသောညီလာခံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလတွင် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးများစတင်တက်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင် နိုင်ငံဖြစ်လာစေရေး တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ထောက်ခံပေးစေလိုကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးမှုမှသည်နှစ်နိုင်ငံအကြား ကောင်းမွန်သည့်ဆက်ဆံရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ OBOR စီမံကိန်းနှင့် မြန်မာစီးပွားရေးစင်္ကြံ (CMEC) ၌ပါဝင်သည့် စီမံကိန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝသယံဇာတများအား အကျိုးရှိစွာအသုံးပြုနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးနှင့် ပတ်သက်၍ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊နိုင်ငံတကာမျက်နှာစာ၌တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေးရပ်တည်ချက်အပေါ်အထူးအလေးထားမှုနှင့်နှစ်နိုင်ငံအကြားဆက်ဆံရေးပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌စတင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထားသည့် အခြေအနေများနှင့်ပတ်သက်၍ ကျယ်ပြန့်စွာဆွေးနွေးကြသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ဆွေးနွေးပြောကြားရာတွင် ၂၀၂၅ခုနှစ်၊ မေလတွင် မော်စကိုမြို့၌ တရုတ်၊ မြန်မာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီခဲ့သည့်ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၌ ပြည်ပမှဝင်ရောက်စွက်ဖက်မှုကိုဆန့်ကျင်မှု၊ တရုတ်-မြန်မာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သောရပ်တည်ချက်များနှင့်ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့၌ မြန်မာနိုင်ငံအနေဖြင့် သိက္ခာမြင့်မားစွာရပ်တည်နိုင်ရေး ကိစ္စရပ်များအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများအပေါ်တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုနှင့်သံတမန်ရေးရာအရ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ SCOအဖွဲ့ဝင်နိုင်ငံအဖြစ်ထောက်ခံပေးမည့်အခြေအနေများ၊နှစ်နိုင်ငံကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက်ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်ပြီး အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။