ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအပြန်အလှန်အထောက်အကူပြုလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေ များ အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E. Mr. Han Zheng နှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူကော်မရှင်အတွင်းရေးမှူး၊တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်ဒေါက်တာဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးH.E. Ms. Ma Jia နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် SCOအဖွဲ့အစည်းသည်အရှေ့တောင်အာရှနိုင်ငံများအတွက် အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့တွင်ပါဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ အေးအတူပူအမျှ အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်နှစ်နိုင်ငံအပြန်အလှန်အထောက်အကူပြုလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊မြန်မာနိုင်ငံအနေဖြင့်ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်လျက်ရှိမှု၊နှစ်နိုင်ငံအကြား စီးပွားရေးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မတ်လအတွင်းလှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့မှုများအပေါ် တရုတ်နိုင်ငံအနေဖြင့်ကူညီဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့သည်။