ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒေသစံတော်ချိန် ယနေ့ညနေ ၆ နာရီအချိန်တွင် ဟေလုံကျန်းပြည်နယ် ပါတီအတွင်းရေးမှူး Mr.Xu Qin နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးတို့တက်ရောက်ကြပြီး ဟေလုံကျန်းပြည်နယ်ပါတီအတွင်းရေးမှူးနှင့်အတူ ဟေလုံကျန်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်း အဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) နှင့်တရုတ်ပြည်သူများ၏ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများကို အောင်မြင်စွာကျင်းပဆောင်ရွက်နိုင်ခဲ့မှု၊ မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ သံတမန်ဆက်ဆံမှု သည် ၇၅ နှစ်တာကာလကိုကျော်လွန်ခဲ့ပြီဖြစ်ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများရှိမှု၊ ဟေလုံကျန်းပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား အောင်မြင်အောင်ဆောင်ရွက်လျက်ရှိမှု၊ အဆင့်မြင့်တက္ကသိုလ်၊ ကောလိပ်များဖွင့်လှစ်သင်ကြားလျက်ရှိမှုနှင့် မြန်မာနိုင်ငံမှ ပညာတော်သင်များ တက်ရောက်သင်ကြားလျက်ရှိမှု၊ မြန်မာနိုင်ငံမှထွက်ရှိသည့် သီးနှံများအားဟေလုံကျန်းပြည်နယ်သို့ တင်ပို့နိုင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် နည်းပညာဖလှယ်မှုများဆောင်ရွက်နိုင်မှု၊ ပညာရေးကဏ္ဍ ၊ ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှု၊ ဟေလုံကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက်နိုင်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။