နေပြည်တော် စက်တင်ဘာ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟာပင်းမြို့တွင် အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဟာပင်းမြို့ရှိ တက္ကသိုလ်များ၌ ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများအား ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီခွဲတွင် ဟာပင်းမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံ အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာ သည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။
ဦးစွာ ဟာပင်းမြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သင်တန်းများ လာရောက်တက်ရောက်၍ ပညာသင်ကြားခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက်များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် လက်ရှိအချိန်တွင် အကောင်းဆုံး အခြေအနေတွင်ရှိနေကြောင်း၊ မိမိအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး(Shanghai Cooperation Organisation – SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အဖွဲ့အစည်းဖြစ်ပြီး မကြာမီအချိန်အတွင်း မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့ဝင်ဖြစ်လာ မည်ဟုယုံကြည်ကြောင်း။
သင်တန်းများလာရောက်သင်ကြားချိန်တွင် သင်ကြားရသည့် ပညာရပ်များအလိုက် အကောင်းဆုံးသင်ယူသွားရန်လိုပြီး ပညာပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် မိမိတို့၏ ဌာနများအလိုက် မိမိတို့သင်ကြားခဲ့ရသည့် ပညာရပ်များနှင့်ပတ်သက်၍ ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံအတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊အလားတူ တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့ရမှုအတွေ့အကြုံများ၊ ကြုံတွေ့ခဲ့ရသည့်လူနေမှုအဆင့်အတန်းဖွံ့ဖြိုးတိုးတက်မှုများ၊ ပတ်ဝန်းကျင်ဆိုင်ရာ နေထိုင်မှုများကိုလည်း ပြန်လည်မျှဝေပေးရန်လိုကြောင်း၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားနေချိန်အတွင်း တရုတ်ဘာသာစကားကိုလည်း ထိုက်သင့်သလောက် တတ်ကျွမ်းအောင် လေ့လာသင်ကြားသွားရန်လိုကြောင်း။
လာမည့်ဒီဇင်ဘာလအတွင်း မိမိတို့နိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြုလုပ်ချိန်တွင် ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မဲစာရင်းများ မှားယွင်းမှုနှင့် မဲမသမာမှုများမဖြစ်စေရေး မြန်မာအီလက်ထရောနစ် မဲပေးစက်များဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနေချိန်အတွင်းမိမိတို့၏ ကျန်းမာရေးကောင်းမွန်စေရေး နေထိုင်ဆောင်ရွက်သွားကြရန်နှင့် ပညာသင်ကြားမှုများကိုလည်း ပြီးဆုံးအောင်မြင်သည်အထိ သင်ယူသွားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သင်တန်းသားများ၏ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။