( ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် )
ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျာ..
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ယနေ့အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးမှ ဆရာ၊ဆရာမများ၏ မြင့်မြတ်ကြီးမားသောဂုဏ်ကို ချီးကျူးဂုဏ်ပြုသတ်မှတ်သည့် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။
၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ကမ္ဘာအနှံ့ကျင်းပခဲ့ရာ ယခုနှစ် ဆိုလျှင် (၃၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ မိမိတို့မြန်မာနိုင်ငံတွင်လည်း ပညာရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်စေရေး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နောက်ကျမကျန်ခဲ့စေရန် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့်ကောင်းမွန်မြင့်မြတ်မှုတို့ဖြင့် အစဉ်အမြဲကြိုးစားနေသည့် ဆရာများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှစတင်ကျင်းပခဲ့ရာ ယခုဆိုလျှင် (၂၃) နှစ်ရှိပြီဖြစ်ပါသည်။
ဆရာဟူသည် မိမိတို့၏တပည့်များကို အသိပညာမြှင့်တင်ပေးသူ၊ ကျွမ်းကျင်မှုတစ်ခုခုရစေရန် စွမ်းဆောင်ပေးနိုင်သူ၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးသူ၊ ဘဝခရီးလမ်းဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်စေရန် ပညာရပ်များကို သင်ကြားပို့ချပေးသူ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးခွဲခြားနိုင်မှုကိုသိမြင်စေသူ၊ တပည့်များ၏ဘဝနှင့်လောကကို အလှဆင်သူများဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး မင်္ဂလာတရားတော်နှင့်အညီ ပူဇော်ဦးခိုက်ကန်တော့ကြသည့် ထုံးတမ်းစဉ်လာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင်တည်ရှိခဲ့ပြီး ယနေ့ထက်တိုင်လည်း တည်တံ့ခိုင်မြဲလျက်ရှိပါသည်။
အင်းဝခေတ်၌ ဆရာတော်ရှင်မဟာသီလဝံသက “တိလောကဟု” အစချီသောဆုံးမစာတွင် “တိလောကဟု၊ မရနှိုင်းတူ ဘက်မပြူ သည်၊ သုံးဆူရတနာ မာတာပီတ၊ ဆရာစသား အရှင်များ” ဟူ၍ လည်းကောင်း၊ ဆရာတော် ရှင်မဟာရဋ္ဌသာရက “ဂမ္ဘီသာရ” ဆုံးမစာ တွင် “ပညာရင့်ညောင်း၊ သူတော်ကောင်းတို့၊ ကျိုးကြောင်းဟုတ်လှ၊ ထုံးစံပြသား၊ ဆုံးမစကား၊ ကျေးဇူးများကို၊ ကြားကြားသရွေ့၊ ရွှင်ပျော်မွေ့လျက်” ဟူ၍လည်းကောင်း ဆရာတို့၏ ရိုသေလေးစားထိုက်သည့်ဂုဏ်ကျေးဇူးများကိုဖွဲ့ဆိုခဲ့ပါသည်။
ဆရာတို့သည် လူ့ဘောင်လောကအဖွဲ့အစည်းကို ပညာဖြင့် အလှဆင်ပေးနေကြသော ပညာရှင်များ၊ တပည့်များအပေါ် ရှေ့ဆောင်လမ်းပြပေးနေသော စေတနာရှင်၊ ဝါသနာရှင်များ၊ တပည့်သားမြေးတို့ကို ရင်ဝယ်သားပမာ အကြင်နာတရားအပြည့်နှင့် သင်ကြားပြသ ဆိုဆုံးမပေးနေသော ကရုဏာရှင်များ၊ တပည့်တို့၏ စိုးရိမ်ကြောင့်ကြမှုများကို ဖြေဖျောက်ပေးစွမ်းနိုင်သော မေတ္တာရှင်များ၊ လှပကြော့ရှင်း ရနံ့သင်းသည့် ပန်းကောင်းပန်းပွင့်များ ပွင့်လန်းစေသည့်ဥယျာဉ်မှူးများဖြစ်ကြပါသည်။ ထို့ကြောင့်လည်း ဘုရားနှင့်တစ်ဂိုဏ်းတည်း အနန္တော၊ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အဖြစ် ရိုသေလေးစားဦးခိုက် ပူဇော်ခြင်းကို ခံယူထိုက်ကြပါသည်။
ဆရာဆိုသည်မှာ “စာကိုလည်းသင်၊ လူကိုလည်းပြင်” ဟူသော အဆိုအမိန့်အရ ဆရာ၊ ဆရာမများသည် ဘာသာရပ်သင်ကြားသူ သက်သက်သာမက၊ ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်သူ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် နိုင်ငံချစ်စိတ်ရှိသူ၊ စည်းကမ်းကို တန်ဖိုးထား လေးစားလိုက်နာသူ၊ ကြောင်းကျိုးဆက်စပ်စဉ်းစားတွေးခေါ်တတ်သူ၊ ကိုယ်ချင်းစာစိတ်ထားတတ်ကြစေရန်လမ်းပြပေးပြီး အများအကျိုး ဆောင်ရွက်တတ်သောအလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးကြ ရပါမည်။ နိုင်ငံ့သားကောင်း၊ ကမ္ဘာ့သားကောင်းများအဖြစ် ပေါ်ထွန်း လာစေရေးအတွက် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ စသည်တို့ကို လောကဇာတ်ခုံအတွေ့အကြုံများကိုပေါင်းစပ်၍ လေ့လာမှတ်သားဖွယ်ရာများကို စိတ်ဝင်စားဖွယ် သင်ကြားပျိုးထောင် ပေးကြရပါမည်။
ခေတ်မီတိုးတက်ပြောင်းလဲနေသော ပညာခေတ်တွင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဆရာများသည် ခေတ်မီအတတ် ပညာများ၊ နည်းပညာများကို အစဉ်လေ့လာသင်ယူနေကြရန်လည်း လိုအပ်ပါသည်။ ဆရာ၊ ဆရာမများသည် မိမိတို့၏တပည့်များကို အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုးထောင်နေရသူ များဖြစ်ရာ မိမိတို့၏ အရည်အသွေးတိုးတက်မှုအတွက်လည်း စဉ်ဆက် မပြတ်လေ့လာသင်ယူနေကြရပါမည်။
နိုင်ငံတော်အနေဖြင့်လည်း ဆရာ၊ ဆရာမများ၏ အသက် မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးတိုးတက်စေရန်နှင့် သင်ကြားရေးအဆင့်အတန်း မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိပါသည်။ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းဆောင်ရည်တိုးတက်စေရန် အထူးသဖြင့် (၂၁)ရာစု စွမ်းရည်များနှင့်ကိုက်ညီအောင် သင်ကြားရေးနည်းလမ်းများ တီထွင်အသုံးချခြင်း၊ ဒစ်ဂျစ်တယ်စွမ်းရည်များ ထည့်သွင်းအသုံးချခြင်း၊ စာကြည့်တိုက်အခြေပြုလေ့လာသင်ကြားစေခြင်းတို့ကို ဆောင်ရွက်နိုင်ရန်တို့အတွက် စွမ်းရည်မြှင့်သင်တန်းများ ပြုလုပ်ပေးလျက်ရှိပါသည်။
ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးမြင့်မားမှုအပေါ်တွင် မူတည်လျက်ရှိနေပါသည်။ ဆရာတို့၏ အဓိကတာဝန်သည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသော၊ အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် ကျောင်းသား လူငယ်လူရွယ်များကို မွေးထုတ်ပေးကြရမည်ဖြစ်ပါသည်။ တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတတ်များဖြင့် နိုင်ငံတော်ကိုတည်ဆောက်မှသာ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။
လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေခြင်းတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်နေသည့်အတွက် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်က အလေးထားအားပေးဆောင်ရွက်လျက်ရှိပါသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိ ပညာသင်ကြားနိုင်စေရေးနှင့် တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားစေရေးတို့အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများတိုးတက်အောင် အမြဲမပြတ် ဆက်လက်အားပေးဖြည့်ဆည်းသွားမည် ဖြစ်ပါသည်။ မိဘ၊ ဆရာ၊ ကျောင်းသား၊ တာဝန်ရှိသူများကလည်း လက်တွဲညီပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။
ယနေ့ခေတ် ကမ္ဘာတွင် နိုင်ငံအသီးသီး၌ အရည်အသွေးကောင်းမွန်သည့် ပညာရေးကို ဆောင်ကြဉ်းပေးနိုင်သော ဆရာကောင်းများ အမှန်ပင်လိုအပ်လျက်ရှိသည့်အတွက် မျိုးဆက်သစ် ဆရာကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး အထူးအလေးထားဆောင်ရွက်လျက်ရှိပါသည်။ အရည်အသွေးကောင်းမွန်သော ဆရာများရရှိစေရန် လုပ်ငန်းခွင်အတွင်းမှ ဆရာများ၊ လုပ်ငန်းခွင်အတွင်းသို့ ထပ်မံဝင်ရောက်လာမည့် ဆရာများအတွက်ပါ စနစ်တကျ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက် ဆရာ့လုပ်ငန်းခွင်အခြေအနေများကို သာလွန်ကောင်းမွန်လာစေရန် ကြိုးပမ်းအားထုတ်ဖော်ဆောင်ပေးကြရမည်ဖြစ်ပါသည်။
သို့ဖြစ်၍ ငြိမ်းချမ်းသာယာဝပြောသော အနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာရှိမှု၊ ကျွမ်းကျင်မှုနှင့် ပင်ကိုအရည်အချင်းပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ် လူငယ်လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော နိုင်ငံ့အကျိုးသယ်ပိုးကြမည့် အနာဂတ်လူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ မတူကွဲပြားမှုကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားကာ ငြိမ်းချမ်းရေးအခြေခံအသိများဖြင့် လက်တွေ့ကျင့်သုံးနေထိုင်တတ်သော နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရန် မိမိတို့၏တပည့်သားသမီးများကို ဆရာ့ဝတ်၊ မိဘဝတ်များနှင့်အညီ သင်ကြားလေ့ကျင့်ပျိုးထောင်ပေးကြပါရန် ကမ္ဘာ့ဆရာများနေ့အခါသမယတွင် အလေးအနက်တိုက်တွန်းအပ်ပါသည်။
ဆရာ၊ ဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးပညာရေးတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ကြပါစေ၊ စိတ်ကောင်းစေတနာဖြင့် ပညာပါရမီဖြည့်ဆည်းပေးနေကြသူများ ဖြစ်သည့်အတွက် ကောင်းကျိုးအရာရာပြည့်ဝနိုင်ပါစေကြောင်း ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါသည်။ ။