ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ   နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်   တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း    မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား   လိုက်လံကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့်ဖျော်ဖြေရေးရင်ပြင် တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်း ဖောက်လုပ်နေမှု

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ သည် နေပြည်တော်၊ မြို့တော်ခန်းမအနီး ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင် တည်ဆောက်နေမှုနှင့် ပျဉ်းမနား-တောင်ညို ၈ လမ်းသွားလမ်းဖောက်လုပ်နေ မှုလုပ်ငန်းခွင်နေရာသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြည်သူ့ရင်ပြင်နှင့် ဖျော်ဖြေရေးရင်ပြင်အတွင်း မြန်မာ့ရိုးရာပွဲတော်များ၊ အခမ်းအနားများကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ မြန်မာ့သမိုင်းဝင် အထင်ကရပုဂ္ဂိုလ်ကြီးများ၏ ရုပ်တုများ၊ နိုင်ငံတော်နှင့် သက်ဆိုင်သည့် အထိမ်းအမှတ်ရုပ်တုများကိုလည်း ထည့်သွင်းတည်ဆောက်နိုင်ရေး ဒီဇိုင်းရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်အလိုက်စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးဒဏ်မှ ခံနိုင်ရည်ရှိစေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်မှု အရည် အသွေးပိုင်းဆိုင်ရာစစ်ဆေးရန်တာဝန်ရှိသူများအနေဖြင့်လည်း အဆင့်လိုက် စနစ်တကျဖြစ်စေရေး စစ်ဆေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

နေပြည်တော်မြို့အဝင်မုခ်ဦးတည်ဆောက်ရန်လျာထားနေရာ

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ သည် အဖွဲ့ဝင်များလိုက်ပါ၍ ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့ အဝင် မုခ်ဦးတည်ဆောက်ရန်လျာထားနေရာသို့ရောက်ရှိကြပြီး မြို့အဝင်မုခ်ဦး တည် ဆောက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ဗိုလ်ရှုခံစင်မြင့်

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဗိုလ်ရှုခံစင်မြင့်နေရာသို့ ရောက်ရှိကြပြီး ငလျင်ဘေး ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုအားပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဗိုလ်ရှုခံစင်မြင့်နှင့် စင်မြင့်မျက်နှာစာနေရာတို့အား အဆင့်မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး ဆန်းစစ်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

လွှတ်တော်ဝင်းအတွင်းရှိ အဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် လွှတ်တော်ဝင်းအတွင်းရှိအဆောက်အဦများအား ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် လွှတ်တော်အဝင်အမှတ်(၁) တံတားနေရာသို့ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငလျင်ဘေးဒဏ် ကြောင့် တံတားထိခိုက်ပျက်စီးမှုနှင့် ရွှေ့လျားမှုများဖြစ်ပေါ်ခဲ့ခြင်းအား ပြန်လည်ပြုပြင် ရာ၌ တံတားတစ်စင်းတွင် ခန်းဖွင့် ၅ ခု ပါဝင်ပြီး ခန်းဖွင့် ၁ ခုလျှင် အလေးချိန် ၁၅၀၀ တန် ခန့်ရှိသဖြင့် တံတားတစ်စင်းလုံး စုစုပေါင်းအလေးချိန် ၇၅၀၀ တန်ခန့်အား 3 D Synchronise jack အသုံးပြုသည့် ခေတ်မီနည်းပညာဖြင့် ပင့်တင်၍ ပြုပြင်ခဲ့သည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လွှတ်တော်အဝင်အမှတ်(၁)တံတားနှင့် မုခ်ဦးဆောင် ပြုပြင်ပြီးစီးမှု၊ ပြည်ထောင်စုလွှတ်တော်အဆောက်အဦ ပြုပြင်ပြီးစီးမှု အခြေအနေများကို  လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား ဆောက်လုပ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုလွှတ်တော်အဆောက်အဦခန်းမအတွင်း၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အဆောက်အဦတို့အပါအဝင် အခြားအထောက်အကူပြုအဆောက်အဦများ၊ လမ်းတံတားများ၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများ၊ ဦးစားပေးအဆင့်သတ်မှတ်ချက်များအလိုက် ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ပြုပြင်မှုများဆောင်ရွက်ရာတွင် အဆင့်အလိုက် စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့စေရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အမြင်အားဖြင့်ကောင်းမွန်ရုံမဟုတ်ဘဲ  ခိုင်ခိုင်ခံ့ခံ့ဖြစ်စေရေးပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်တည်ဆောက်မှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုလည်း စနစ်တကျဖြင့်မှတ်တမ်းထားရှိသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ဝန်းအတွင်းအဆောက်အဦများနှင့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။