နေပြည်တော် နိုဝင်ဘာ ၄
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၅ ခုနှစ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်အမှုဆောင်ချုပ် ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များတက်ရောက်ကြပြီး ဘုရားဖူးလာရဟန်း ရှင်လူပြည်သူများက လည်း စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး အခမ်းအနားတက်ရောက်လာကြသူများသည် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ပေါ်သို့ ရောက်ရှိကြရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မီးရှုးမီးပန်းများပစ်ဖောက်ပူဇော်ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့က မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအားပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် ဆီမီးများအတူတကွ ထွန်းညှိပူဇော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့က သဒ္ဓါဓိပတိ ခေါင်းလောင်းတော်အား ထိုးခတ်ပူဇော်ကြကာ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည်အခမ်းအနားကျင်းပမည့် ရေပန်းရင်ပြင်တော်သို့ရောက်ရှိကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊နိုဗို စီဗစ်ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်နားပန် မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကြီးမီးပုံပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအားပေးကြသည်။

မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများဆောင်ရွက်နေချိန်နှင့် လွှတ်တင်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများ၊ ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။


ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး နှင့် ကိုယ်စားလှယ်အဖွဲ့တို့သည် ကျောက်စာရုံစေတီတော်များအတွင်း လှည့်လည် ကြည့်ရှုလေ့လာကြပြီး နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား မြန်မာ့ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ၊ ခေတ်မီနည်းပညာများပေါင်းစပ်၍ ဗိသုကာလက်ရာမြောက်စွာ တည်ထားကိုးကွယ်ထားရှိမှု များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် ရုရှား- မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်မီးပုံးပျံကို လွှတ်တင်ကြပြီး အဆိုပါမီးပုံးပျံတွင် NOVOSIBIRSK စာသားကို လှပစွာချိတ်ဆွဲထားရှိပြီး ဝေဟင်ထက်သို့ လှပစွာဖြင့် လွှတ်တင်ခဲ့ကြသည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ကော်မရှင်အဖွဲ့ဝင်များက ညမီးကြီး(ညမီးကျည်)၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတို့တွင် စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံးဆု၊ စက္ခုပသာဒအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက် သင်္ကန်းအား ကြည်ညိုဖွယ်ရာဖြစ်အောင် ဖန်တီးမှုအကောင်းဆုံးဆု၊ ဆန်းသစ်တီထွင်မှု အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက် ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆု၊ မီးပုံပျံအတက် အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက် ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံ အတက်စံချိန် အကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်ချုပ်ရိုးချုပ်သားအကောင်းဆုံးဆုရရှိသည့် အသင်းများအား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ကော်မရှင်ဒုတိယဥက္ကဋ္ဌက ညမီးကြီး(ညမီးကျည်)မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်ကိုယ်စားပြု မနောမြေရက္ကန်းစင် အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌက ညမီးကြီး(ညမီးကျည်)မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာ သင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု အမရရွှေပြည်ရက္ကန်းစင် အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများ ပစ်ဖောက်၍ လက်တီးတေးသီချင်းဖြင့် သီဆိုကပြနှုတ်ဆက်ဖျော်ဖြေခဲ့ကြရာ ပြိုင်ပွဲဝင်အသင်းများမှ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ ဧည့်သည်တော်များက အတူတကွ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် နိုဗို စီဗစ်ဒေသ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတန်ဆောင်တိုင် မီးထွန်းပွဲတော်သို့ လာရောက်ကြသူများအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြသည်။



ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော်အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာလ ၂ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်၌ ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံပျံကြီးများ လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့်အလှဆင်ပူဇော်ခြင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်ခန်းများ၊ ဒေသထွက် မြန်မာ့ရိုးရာမုန့်ဆိုင်များ ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံတော်အနုပညာရှင်များကလည်း တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် တင်ဆက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့သည်။







