နေပြည်တော် နိုဝင်ဘာ ၃၀
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှိ အာကာသပြတိုက်(ရန်ကုန်)ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသည်။

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့မှ သံအမတ်ကြီးများနှင့်သံရုံးယာယီတာဝန်ခံများ၊ ရန်ကုန်မြို့တော်ဝန်၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ရောက်ရှိကြရာနိုင်ငံတကာသံတမန်များ၊တာဝန်ရှိသူများနှင့်ကျောင်းသား၊ ကျောင်းသူများက ခရီးဦးကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အာကာသပြတိုက်ဖွင့်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ Myanmar Space Agency အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပြတိုက်ဆိုင်းဘုတ်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးပြတိုက်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယခင်နက္ခတ်တာရာ ပြခန်းတွင် အသုံးပြုခဲ့သော GOTO Planetarim Analog Projection System အား ကြည့်ရှုလေ့လာကြသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည်အာကာသပြတိုက်(ရန်ကုန်)ရှေ့တွင်မှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြတိုက်အတွင်းရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ အာကာသတွင်းသို့ ခေတ်အဆက်ဆက် လွှတ်တင်ခဲ့သည့်ဒုံးပျံများနှင့် အာကာသယာဉ်ပုံစံငယ်များ၊ အာကာသတွင်းလှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုပုံစံငယ်များ၊ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ဒုံးပျံလွှတ်တင်မှု သရုပ်ပြသမှုများကို လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားရာ၌ယနေ့တွင် အာကာသပြတိုက်(ရန်ကုန်)ကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်ရှိသည့် ကျောင်းသား/ကျောင်းသူ၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် စာအုပ်များတွင်ဖတ်ခဲ့ရသည့်၊ရုပ်သံများတွင်မြင်တွေ့ခဲ့ရသည့်အာကာသတွင်းစေလွှတ်မည့်ဒုံးပျံများ၊အာကာသတွင်လှည့်ပတ်သွားလာမည့်ဂြိုဟ်တုများ၊ အာကာသတွင်းစူးစမ်းလေ့လာမည့် အာကာသယာဉ်နှင့်ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာဗဟုသုတ အကြောင်းအရာများကို ယခုပြတိုက်အတွင်း၌ တစုတစည်းတည်း စူးစမ်းလေ့လာခွင့်ရနိုင်တော့မည်ဖြစ်ကြောင်း။အာကာသပြတိုက်ကို ကျွန်တော်တို့နိုင်ငံ၏ အနာဂတ်မျိုးဆက်သစ်လူငယ်များ၏ အာကာသနှင့်သိပ္ပံဆိုင်ရာ စိတ်ကူးစိတ်သန်းများကို နိုးကြားစေမည့်၊ ၎င်းတို့သင်ကြားနေသည့် ကျောင်းသင်ခန်းစာများကို ကျော်လွန်ပြီး အာကာသနှင့်သိပ္ပံဆိုင်ရာ အိပ်မက်အသစ်များကိုမွေးဖွားပေးမည့်နေရာတစ်ခုဖြစ်လာစေရေးအတွက်ရည်ရွယ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင်ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာတွင်အာကာသသိပ္ပံပညာနှင့် အသုံးချနည်းပညာများသည် တစ်နေ့တခြား ပိုမိုအရေးပါလာသည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံတွင် အာကာသနည်းပညာများ ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း ရည်မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိကြောင်း။
အာကာသပြတိုက်မှ ရရှိလာသည့် အာကာသနည်းပညာဆိုင်ရာ စိတ်ကူးစိတ် သန်းများနှင့် လှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုနိုင်မည့် အနာဂတ်၏အာကာသယာဉ်မှူးများ၊သိပ္ပံပညာရှင်များ၊အင်ဂျင်နီယာများနှင့်ကဏ္ဍအလိုက်ပညာရှင်များလည်းပေါ်ထွက်လာမည်ဟုယုံကြည်မိကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့်ဂျပန်နိုင်ငံအစိုးရတို့ ၁၉၈၇ ခုနှစ်က ပူးပေါင်းတည်ဆောက်ခဲ့သည့် နက္ခတ်တာရာပြခန်းကို ယခုကဲ့သို့ အာကာသပြတိုက်အဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး ယခင်အသုံးပြုခဲ့သည့်စက်ပစ္စည်းAnalog Projection System များနေရာတွင် ခေတ်မီစက်ပစ္စည်းတွေဖြစ်သည့် Digital Projection System များဖြင့်အစားထိုးလဲလှယ်ခြင်း၊ အာကာသနှင့်နက္ခတ်တာရာဆိုင်ရာပြခန်းများ၊ အာကာသစခန်းများနှင့် အခြားအာကာသနည်းပညာဆိုင်ရာပြခန်းများ အစရှိသည့်စိတ်ဝင်စားဖွယ် ပြခန်းနေရာများကိုထပ်မံထည့်သွင်းပြသခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍများတွင် အာကာသနည်းပညာများကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေတို/ရေရှည် စီမံကိန်းများသတ်မှတ်ပြီး စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ပညာရှင်လူငယ်များအနေဖြင့် ထိုကဲ့သို့ အာကာသနည်းပညာလှုပ်ရှားမှုအစီအစဉ်များတွင် ပါဝင်နိုင်မည့် အခွင့်အလမ်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယင်းနေရာတွင် သာဓကတစ်ခုအနေဖြင့် စက်တင်ဘာလက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဆီးရီးယပ်မြို့တွင်ကျင်းပခဲ့သည့် Open World Astronomy Olympiad (OWAO-25) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်လူငယ် ၆ ဦးနှင့် International Olympiad on Climate Change and Environmental Issues (IOCE-2025) ပြိုင်ပွဲသို့ ပြိုင်ပွဲဝင် လူငယ် ၅ ဦး စုစုပေါင်း လူငယ် ၁၁ ဦးကို စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ သက်ဆိုင်ရာပြိုင်ပွဲများအလိုက် ထိုက်တန်စွာယှဉ်ပြိုင်နိုင်ခဲ့ကြပြီး အောင်မြင်မှုအသီးသီးဖြင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း။
နည်းပညာခေတ်ဖြစ်သည့် ယနေ့မျက်မှောက်ကာလတွင် အာကာသနှင့် ဂြိုဟ်တုနည်းပညာများသည် အချိန်နှင့်အမျှ တစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး လူသားမျိုးနွယ်၏အကျိုးကို ဖော်ဆောင်ပေးနိုင်မည့် အာကာသသုတေသနလုပ်ငန်းများကို အပြိုင်အဆိုင်ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း၊ ထိုကဲ့သို့ သုတေသနလုပ်ငန်းများမှရရှိလာသည့် အကျိုးရလဒ်များဖြစ်သည့် အာကာသသိပ္ပံနှင့် အသုံးချနည်းပညာ၊ ဂြိုဟ်တုနည်းပညာများကို နိုင်ငံ၏ကာကွယ်ရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နိုင်ငံ့စွမ်းအားကိုဖြစ်စေမည့် ဘက်စုံအခန်းကဏ္ဍအသီးသီးတွင် အကျိုးရှိစွာအသုံးချနေကြသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ အလွန်အရေးပါသည့် အာကာသသိပ္ပံနှင့်နည်းပညာရပ်များတွင် နိုင်ငံတကာနှင့်ယှဉ်ပြီး ရင်ပေါင်တန်းနိုင်ရန်၊ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ပြီးအကျိုးရှိစွာအသုံးချနိုင်ရန်အတွက် မျိုးဆက်သစ်လူငယ်လူရွယ်များကို ပြုစုပျိုးထောင်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း။
ယနေ့တွင်အာကာသပြတိုက်ကြီးကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သောကြောင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်မျက်မှောက်ခေတ် အာကာသနယ်ပယ်၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းအသစ်များတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ စိတ်ကူးစိတ်သန်းများကိုမွေးဖွားကာ အကောင်အထည်ဖော်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း၊ အနာဂတ်ကာလအာကာသအသုံးချနယ်ပယ်အသီးသီးတွင်နိုင်ငံတော်ကဂုဏ်ယူအားထားရမည့် သုတေသနပညာရှင်များ၊ အင်ဂျင်နီယာများ၊ အာကာသယာဉ်မှူးများ၊ ဘက်စုံကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များနှင့်လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဟုလည်း ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
၎င်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌထံရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အာကာသပြတိုက် (ရန်ကုန်)ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာကြသည့်နိုင်ငံတကာမှသံတမန်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။
ယင်းနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အခမ်းအနားတက်ရောက်လာကြသူများသည် အာကာသနှင့် နက္ခတ်တာရာဆိုင်ရာ Dome Video Clip အားကြည့်ရှုကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် သံတမန်များက အကာသပြတိုက်(ရန်ကုန်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြသည်။
အဆိုပါ အာကာသပြတိုက်(ရန်ကုန်)သည် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင်တည်ရှိပြီး ယခင်နက္ခတ်တာရာပြခန်းအား ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် အဆင့်မြှင့်တင်ပြန်လည်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ အာကာသပြတိုက်(ရန်ကုန်)အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြတိုက်အတွင်း Deep Space Exploration ပြခန်း၊ Space Station ပြခန်းနှင့် အာကာသတွင်း စေလွှတ်ခဲ့သည့်ဒုံးပျံများ၊ အာကာသတွင် လှည့်ပတ်သွားလာလျက်ရှိသည့် ဂြိုဟ်တုများ၊ အာကာသတွင်းစူးစမ်းလေ့လာသည့်အာကာသယာဉ်နှင့် ယာဉ်မှူးများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများ အစရှိသည့် အာကာသဆိုင်ရာများအား ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။






