နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်စေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများ ရင်းရင်း နှီးနှီးဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Sihasak Phuangketkeowဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့် ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တတက်ရောက်ကြပြီး ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှု၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား ဆက်လက်အကောင်အထည်ဖော် နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုများပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြားပူးပေါင်း၍ ထိန်းသိမ်း ဆောင်ရွက်သွားရန်လိုအပ်မှု အခြေအနေများ၊နယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ် ဒေသတွင်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကိုလုပ်ဆောင်လျက်ရှိသည့် KK Park နှင့် ရွှေကုက္ကိုလ်တို့ရှိ အဆောက်အဦများအား မြန်မာနိုင်ငံဘက်မှအမြစ်ပြတ် ဖြိုချဖျက်ဆီးလျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင်လက်နက်ခဲယမ်းများတရားမဝင်ရောင်းချနေမှုများကို နိုင်ငံတော်အဆင့်ပူးပေါင်းထိန်းသိမ်းဆောင်ရွက် နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတွင် ယခုလအတွင်း လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်စေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက် ၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည်အမှတ်တရလက်ဆောင်ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီးတက်ရောက်လာကြသူများနှင့်အတူမှတ်တမ်းတင်စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။



