အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်းဖြစ်လာရေးအတွက်ရှိနေဆဲဖြစ်တဲ့ အဂတိလိုက်စားမှုတွေ လျော့ပါး သွားအောင်အဂတိလိုက်စားမှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးတိုက်ဖျက်ရမှာဖြစ်သလို နောင်အနာဂတ်မှာ ပပျောက်သွားတဲ့အထိ လိုအပ်တဲ့ပြင်ဆင်မှု၊ စီမံမှု၊ ဆောင်ရွက်မှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)
အားလုံး မင်္ဂလာပါ။
ယနေ့ ဒီဇင်ဘာလ(၉)ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်လာကြတဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ အထူးဖိတ်ကြားထားတဲ့ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြုပြင်ပြောင်းလဲရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာအဂတိလိုက်စားမှုပြဿနာဟာကြီးမားတဲ့အဟန့် အတားဖြစ်ပါတယ်။ မိမိတို့အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွားကိုအလေးထားပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်ရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ မျှတမှု၊ တရားဥပဒေစိုးမိုးမှု စတဲ့ကောင်းမြတ်တဲ့အလေ့အထတွေ ပိုမိုမြင့်မားလာစေရေးကိုမျှော်မှန်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာနဲ့ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
စည်းကမ်းကောင်းမွန်ပြီး ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ သန့်ရှင်းသောအစိုးရနဲ့ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်များလိုအပ်ပါတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ကိုဖော်ဆောင်ရာမှာ အဂတိလိုက်စားမှုကင်းစင်ဖို့လိုအပ်ပြီး အဂတိလိုက်စားမှုဟာ ကောင်းမွန်တဲ့အုပ်ချုပ်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။ ဒါ့ကြောင့်အဂတိကင်းပြီးကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်မှသာ နိုင်ငံတော်ဟာဘက်ပေါင်းစုံမှာဖွံ့ဖြိုးတိုးတက်လာပြီး အများပြည်သူရဲ့လူမှုဘဝတွေဟာလည်း မျှမျှတတနဲ့ သာယာဝပြောလာမှာဖြစ်ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ရေတို၊ရေရှည်လုပ်ငန်းစီမံချက်တွေချမှတ်ဆောင်ရွက်ဖို့လိုအပ်ပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကလည်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို ပြတ်ပြတ်သားသားနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတာဝန်ခံမှုရှိခြင်းဟာ အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးကာကွယ်တိုက်ဖျက်ခြင်းဖြစ်သလို အဂတိလိုက်စားမှုအပေါ်သည်းခံခွင့်လွှတ်ခြင်း၊ နားလည်မှုပေးခြင်း၊ လျစ်လျူရှုခြင်းတို့ဟာ အားပေးရာရောက်တဲ့အတွက် လုံးဝမပြုလုပ်ကြဖို့လိုအပ်ပါတယ်။
ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းက သတ်မှတ်ထားတဲ့ ယခုနှစ်အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ဦးတည်ချက်ကတော့ “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်၊ လူငယ်များနှင့်လက်ချင်းဆက်ကြပါစို့” ဖြစ်ပါတယ်။
အဲဒီလိုဦးတည်ချက်နဲ့အညီ ကော်မရှင်အနေနဲ့ အနာဂတ်အတွက်အရေးပါတဲ့လူငယ်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးခြင်းနဲ့လူငယ်စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားပြီး အဂတိကင်းတဲ့ လူ့ဘောင်ဖြစ်လာအောင် စီစဉ်ဆောင်ရွက်သွားဖို့လိုအပ်ကြောင်း အသိပေးမှာကြားလိုပါတယ်။
ဖြောင့်မတ်တည်ကြည်မှုရှိခြင်းဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအဆောက်အအုံရဲ့ အရေးကြီးတဲ့မဏ္ဍိုင်တစ်ရပ်ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးဦး၊ လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ရဲ့ စီးပွားရေးနဲ့ လူမှုရေးမှာယုံကြည်စိတ်ချရမှုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး၊ ကိုယ်စိတ်နှစ်ပါးချမ်းသာရေးနဲ့သာယာဝပြောရေးတို့အတွက် ဖြောင့်မတ်တည်ကြည်မှုဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်ပါတယ်။နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကို ထိရောက်မှုရှိစေဖို့အတွက် ဖြောင့်မတ်တည်ကြည်စွာဆောင်ရွက်မှုတွေကို အုပ်ချုပ်ရေးအပိုင်းမှာသာမက ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒီလိုလုပ်ဆောင်ချက်တွေကို အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေမှာသာမက လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ပုဂ္ဂလိကကဏ္ဍကပါပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာနိုင်ငံတော်နဲ့ အများပြည်သူရဲ့အကျိုးစီးပွားကို ကောင်းမြတ်တဲ့စိတ်စေတနာ၊ဖြောင့်မတ်တည်ကြည်တဲ့ ကိုယ်ကျင့်တရားတို့နဲ့ ဆောင်ရွက်သွားစေနိုင်မှာဖြစ်ပါတယ်။
အဂတိကင်းစင်တဲ့ လူ့အသိုက်အဝန်းဖြစ်လာရေးအတွက် ရှိနေဆဲဖြစ်တဲ့ အဂတိလိုက်စားမှုတွေလျော့ပါးသွားအောင် အဂတိလိုက်စားမှုဖြစ်စဉ်တွေကို စုံစမ်းစစ်ဆေးတိုက်ဖျက်ရမှာဖြစ်သလို နောင်အနာဂတ်မှာ ပပျောက်သွားတဲ့အထိ လိုအပ်တဲ့ပြင်ဆင်မှု၊ စီမံမှု၊ ဆောင်ရွက်မှုတွေနဲ့ ကြိုးပမ်းဆောင်ရွက်ကြဖို့လည်းလိုပါတယ်။
အထူးအားဖြင့် အဂတိလိုက်စားမှုတွေဟာ ဘယ်လိုအကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အဂတိလိုက်စားမှုကို လက်ယပ်ခေါ်နေတဲ့အခြေခံအရင်းအမြစ်တွေမှန်သမျှဖယ်ထုတ်နိုင်ဖို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ အဲဒီလိုကြိုးစားတဲ့အခါမှာ ကိုင်တွယ်အသုံးပြုသူတွေက လိုအပ်သလိုဆွဲယူအသုံးချနိုင်တဲ့ ရှုပ်ထွေးပြီး လူအများနားလည်ရခက်ခဲတဲ့ ဥပဒေ၊ နည်းဥပဒေ၊အမိန့်နဲ့ ညွှန်ကြားချက်တွေ၊ စည်းမျဉ်း၊ စည်းကမ်းတွေကို အများပြည်သူလွယ်ကူရှင်းလင်းစွာသိရှိနားလည်နိုင်တဲ့ဖော်ပြချက်တွေနဲ့ ပြုပြင်ဖို့ကိစ္စရပ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်တွေရေးဆွဲရာမှာ ထည့်သွင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
မိမိတို့အစိုးရအနေနဲ့ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဆိုတဲ့ အမျိုးသားရေးရည်မှန်းချက်နဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး” ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တို့ကိုချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအနေနဲ့“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီးပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဦးတည်ချက်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးတည်ဆောက်ဖို့အတွက် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိဖို့၊ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွေမှာ ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အားပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းမှာကြားလိုပါတယ်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာဖြစ်ပွားတတ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ မလျော်ကန်တဲ့လုပ်ရပ်များနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့အပြုအမူများရှောင်ရှားပြီး အဂတိတရားကင်းရှင်းစွာနဲ့ သမာသမတ်ကျကျ၊ တရားမျှတပြီးလွတ်လပ်တဲ့၊ သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်စေဖို့ တာဝန်ရှိသူများနဲ့ ပြည်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း မှာကြားလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးနဲ့ အကျင့်ပျက်ခြစားမှုတွေမရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အသိပညာပေးရေးနဲ့ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုပါ ဟန်ချက်ညီညီချဉ်းကပ်ပြီး အလေးထားဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကချမှတ်ထားတဲ့ ဦးတည်ချက်များကိုသွေဖည်၍ အဂတိလိုက်စားမှုကျူးလွန်သည့် မည်သူ့ကိုမဆို ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံတဲ့ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့စပ်လျဉ်းတဲ့အသိပညာတွေတိုးပွားလာစေရေး၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာစေရေးတို့ကို အကောင်အထည်ဖော်ကြဖို့လိုပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အများအကျိုးဆောင်ရွက်ခြင်းနဲ့ ကိုယ်ကျိုးရှာခြင်းတို့အကြား မှန်ကန်စွာခွဲခြားနိုင်စေရေးနဲ့ အကျင့်ပျက်ခြစားမှုတွေမရှိစေရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနဲ့ ပြည်သူလူထုအားလုံးကပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အတူတကွဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ပြောကြားရင်း (၂၂)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုလိုက်ရပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။


