မြန်မာနိုင်ငံ၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသို့ ပါကစ္စတန် နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်ပေးသွားမည့်အခြေအနေများ ရင်းရင်း နှီးနှီးဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim က ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။

ထို့နောက် နှစ်နိုင်ငံအကြား ခိုင်မာသည့်သံတမန်ဆက်ဆံရေးရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ ကုန်သွယ်ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ နိုင်ငံရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးဆိုင်ရာနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံ၌မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသို့ပါကစ္စတန်နိုင်ငံမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များစေလွှတ်ပေးသွားမည့်အခြေအနေများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီးတို့သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသန်းထွေးတို့ တက်ရောက်ခဲ့ကြသည်။


