မိမိတို့ဒေသကိုချစ်သည့်စိတ်၊နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့်စိတ်များဖြင့်ဒေသနှင့်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြစေလို
နေပြည်တော် ဒီဇင်ဘာ ၂၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)စီးပွားရေးလုပ်ငန်းရှင်များနှင့်ယနေ့နံနက်ပိုင်းတွင်မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ မင်းပူးဦးဩဘာသခန်းမ၌တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူးတွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ပြည်ထောင်စုဝန်ကြီးများ၊မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်ချက်များအား အသီးသီးတင်ပြ
ဦးစွာခရိုင်အုပ်ချုပ်ရေးမှူးကမင်းဘူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊အဓိကသီးနှံများအား ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ခရိုင်အတွင်းဆန်နှင့်ဆီဖူလုံမှု၊ဆီထွက်သီးနှံများအား အထူးဇုန်များအလိုက်စိုက်ပျိုးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊ ဝါစိုက်ပျိုးမှုများအောင်မြင်ဖြစ်ထွန်းလျက်ရှိမှု၊စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်မှု၊ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိမှု၊နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများဖြင့်စိုက်ပျိုးရေများလုံလောက်စွာရရှိရေးဆောင်ရွက်လျက်ရှိမှု၊လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊မင်းဘူးခရိုင်အတွင်း မြို့နယ်အလိုက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊မင်းဘူးခရိုင်အတွင်းရေနံနှင့်သဘာဝဓာတ်ငွေ့များ၊ကျောက်မီးသွေးများထုတ် လုပ်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကမင်းဘူးခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်လျက်ရှိမှုနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု၊မကွေးတိုင်းဒေသကြီးအတွင်းဆန်ဖူလုံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက်နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများကိုဆောင်ရွက်ခဲ့မှုကြောင့်ယခင်ကထက်သီးနှံများ ပိုမိုစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိမှု၊စိုက်ပျိုးရေးထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်လာနိုင်ခြင်းကြောင့် တိုင်းဒေသကြီး၏ GDP များတိုးတက်လျက်ရှိမှု၊ ဝါနှင့်ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်၍ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက်မင်းဘူးမြို့ရှိ မြို့မိမြို့ဖများကမင်းဘူးမြို့နယ်၊ ကောင်းသာရွေး ကျေးရွာရှိအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌စာသင်ဆောင်များလိုအပ်လျက်ရှိမှု၊စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်သည့် စိုက်ပျိုးရေများလုံလောက်စွာရရှိရေးနေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်လုပ်ငန်းများထပ်မံတိုးချဲ့ဆောင်ရွက်ပေးစေလိုမှုနှင့်ဒေသဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ပြည်ထောင်စုဝန်ကြီးများကပြန်လည်ဆွေးနွေးပြောကြား
၎င်းနောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ဦးမင်းနောင်၊ ဦးလှမိုးနှင့်ဦးခင်မောင်ရီတို့က နိုင်ငံတော်တစ်ဝှမ်းတည်ငြိမ်မှုနှင့်အေးချမ်းသာယာမှုရှိစေရေးအတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးနှင့်အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားတိုက်ဖျက်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့်တရားမဝင် ပြည်ပနိုင်ငံသားများအားသက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းပေးလျက်ရှိမှု၊ နိုင်ငံတော်အစိုးရအနေဖြင့်အွန်လိုင်းလိမ်လည်လောင်းကစားမှုများကိုအမျိုးသားရေးတာဝန်အဖြစ်ခံယူ၍အမြစ်ပြတ်ချေမှုန်းလျက်ရှိသဖြင့်ပြည်သူလူထုများမှလည်းဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်မှု၊ စိုက်ပျိုးရေလိုအပ်ချက်ပြည့်မီစေရေးအတွက်မြစ်ရေတင်လုပ်ငန်းများဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိမှု၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတော်မှလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ချိတ်ဆက်ဆောင်ရွက်သွားကြစေလိုမှု၊တင်ပြချက်များတွင် ပါဝင်သည့် စိုက်ပျိုးရေလိုအပ်ချက်ရှိသည့်ကျေးရွာများ၌နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ မြေအောက်ရေထုတ်ယူရရှိနိုင်ရေးလိုအပ်သည့်သုတေသနပြုတွက်ချက်မှုများကိုဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊မကွေးတိုင်းဒေသကြီးနှင့်မင်းဘူးခရိုင်တို့အတွင်း နှစ်အလိုက်သစ်တောဖုံးလွှမ်းမှုအခြေအနေများအပေါ်စိစစ်တွေ့ရှိချက်များ၊နိုင်ငံအဝန်းသဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်လျက်ရှိမှုနှင့်ဒေသခံများအနေဖြင့်လည်းဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်မှုတို့နှင့်ပတ်သက်၍အသီးသီးဆွေးနွေးတင်ပြကြသည်။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေး၍ ဒေသဖွံ့ဖြိုးတိုးတက်စေရေး အလေး ထားဆောင်ရွက်
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊မင်းဘူးဒေသတွင်ပဲနှင့်ဝါကို အဓိကထားစိုက်ပျိုးကြသည်ကိုတွေ့ရှိရပြီးဆန်ဖူလုံမှုရှိသည့် ဒေသလည်းဖြစ်ကြောင်း၊ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင်စိုက်ပျိုးဆောင်ရွက်နိုင်မည်ဆိုပါကယခုထက်ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊မင်းဘူးခရိုင်တစ်ခုတည်းအနေဖြင့်စိုက်ပျိုးသီးနှံများပန်းတိုင်ရည်မှန်းချက်မပြည့်မီခြင်းကြောင့်ဝင်ငွေလျော့နည်းမှုမှာ ၅၀၀ ဘီလီယံကျော်ခန့်ရှိကြောင်း၊ထို့ကြောင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းဖြင့်ဒေသ၏စီးပွားရေးကို များစွာပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း၊အဓိကအားဖြင့် ယခုဒေသတွင် စိုက်ပျိုးဖြစ်ထွန်းသည့်ဝါများစိုက်ပျိုးရာတွင်တစ်ဧကပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးဆောင်ရွက်သွားရန်လိုကြောင်း၊မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုဧက ၅သိန်းခန့်ရှိပြီး ဝါအထွက်နှုန်းကောင်းမွန်အောင်စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါကပြည်တွင်း ချည်ချောထုတ်လုပ်မှုများကိုပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချက်အလက်များအားတင်ပြဆောင်ရွက်ရာ၌ ကိန်းဂဏန်းအချက်အလက်များမှန်ကန်ရန်လိုအပ်ကြောင်း၊မိမိတို့နိုင်ငံ၌ ခေတ်အဆက်ဆက်တွင်လယ်ယာထွက်ကုန်ပစ္စည်းများထွက်ရှိမှုမှာကိန်းဂဏန်းအချက်အလက်များအရကွာခြားချက်များရှိနေကြောင်း၊ကိန်းဂဏန်း အချက်အလက်များ၊ စာရင်းဇယားများမှန်ကန်စွာသိရှိနိုင်မှသာလျှင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလေ့လာဆန်းစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်ပန်းတိုင်ရည်မှန်းချက်များပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့်စာရင်းဇယားကောက်ယူသူများအနေဖြင့်လည်းမှန်ကန်သည့်စာရင်းဇယားများရရှိနိုင်ရေးဆောင်ရွက်သွားကြရန်လိုကြောင်း၊အဓိကအားဖြင့် မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်မိမိတို့အားလုံးအမှန်တကယ်အလုပ်လုပ်ကြရမည်ဖြစ်ပြီးအလုပ်လုပ်နိုင်ရေးအတွက်လည်းလိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိစေရေး
မိမိတို့အနေဖြင့် မျိုး၊မြေ၊ ရေ၊နည်းလိုအပ်ချက်များနှင့်ပတ်သက်၍တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်လက်တွေ့မြေပြင်၌စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်နေကြသည့်သူများကိုကွင်းဆင်း၍လိုအပ်ချက်များကိုသုတေသနပြုမေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင်စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍အခြေခံကျသောအချက်၊ ဖြည့်ဆည်းပေးရမည့်အချက်များကိုရိုးရှင်းစွာမေးမြန်းခဲ့ကြောင်း၊မေးမြန်းချက်များအရ မင်းဘူးဒေသတွင်သီးနှံ ၉ မျိုးစိုက်ပျိုးသည်ကိုတွေ့ရှိရကြောင်း၊ အားနည်းချက်များတွင် လူများ၏အားနည်းချက်၊ ငွေကြေးအားနည်းချက်ဟူ၍ရှိကြောင်း၊မြေပြုပြင်ခြင်းတွင်လိုအပ်သည့်ထွန်ယက်မှုများလုံလောက်စွာပြုလုပ်ခြင်း၊ဓာတ်မြေဩဇာများလိုအပ်မှုရှိပါက သဘာဝမြေဩဇာများ ထည့်သွင်းခြင်းများကိုဆောင်ရွက်နိုင်ကြောင်း၊ မြေဩဇာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက်နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများကိုထုတ်ချေးပေးထားကြောင်း၊ကောက်ကွက်များပြည့်မီအောင်စိုက်ပျိုးရန်အတွက်လိုအပ်သည့် လူများမရရှိနိုင်ပါက Feed Seeder များဖြင့်စနစ်တကျအစေ့ချစိုက်ပျိုးခြင်းဖြင့် တစ်ဧကပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက်များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊စိုက်ပျိုးရေးလုပ်ငန်းတွင်မိရိုးဖလာဆောင်ရွက်နေခြင်းအစားခေတ်မီနည်းစနစ်များကိုလည်းလေ့လာကျင့်သုံး၍အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
စိုက်ပျိုးရေလိုအပ်ချက်နှင့်ပတ်သက်၍
မကွေးတိုင်းဒေသကြီးအတွင်းနေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မင်းဘူးဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုးရေးလုပ်ငန်းဖြစ်သဖြင့်စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်ပြောင်းလဲစေရေးမိမိအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ဒေသမှထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအပေါ်အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါကဒေသ၏လူမှုစီးပွားဘဝများသည်လည်းပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်စေရေးအတွက်အားပေးဆောင်ရွက်လျက်ရှိပြီးလိုအပ်သည့်သွင်းအားစုများကိုဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိကလိုအပ်ချက်ဖြစ်သည့်စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးနည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက်လည်းနိုင်ငံတော်မှဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း ဒေသ၏စားရေးလိုအပ်ချက်ကို ပြည့်မီအောင်မွေးမြူထုတ်လုပ်သွားရန်လိုကြောင်း၊ဒေသအတွင်းမွေးမြူဖြစ်ထွန်းသည့်ဆိတ်မွေးမြူရေးလုပ်ငန်းအပြင်အခြေခံစားကုန်များဖြစ်သည့်ကြက်၊ ဝက်၊ နွားတို့ကိုလည်း အောင်မြင်အောင် မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့်အစာလိုအပ်ချက်အတွက်လည်းဒေသမှထွက်ရှိသည့်စိုက်ပျိုးရေးထုတ်ကုန်များကိုအခြေခံ၍လုပ်ဆောင်ရနိုင်မည်ဖြစ်ကြောင်း။
လူသားအရင်းအမြစ်ကောင်းများရရှိရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်အသိပညာ၊ အတတ်ပညာဖြင့်ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ လိုအပ်မည်ဖြစ်ကြောင်း၊အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဟူသည့်အတိုင်း အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ဖြစ်ကြောင်း၊ထို့အတူ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လူရည်မွန်များလည်းဖြစ်လာမည်ဖြစ်ကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လူသားအရင်းအမြစ်ကောင်းများမွေးထုတ်ပေးနိုင်ရေးစက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများကိုလည်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာကိုထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊သန်းခေါင်စာရင်းပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်မှုသည် နိုင်ငံတော်အတွက် အဖိုးတန်သည့်စာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များပင်ဖြစ်ပြီးမကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်အနေဖြင့်လည်းမိမိတို့ဒေသ၏ကိန်းဂဏန်းအချက်အလက်များကိုအခြေခံ၍မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးရှိရှိအသုံးချသွားကြရန်လိုကြောင်း။
မိမိတို့အနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ၊ “နိုင်ငံတော်သာယာဖို့သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဆိုသည့်ဆောင်ပုဒ်များကိုချမှတ်ထားကြောင်း၊မကွေးတိုင်းဒေသကြီးအတွင်းရှိပြီးသား သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်နှင့်သစ်ပင်များတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊အပူဒဏ်ကို ကာကွယ်နိုင်ရေးအတွက်ရွာတိုင်းရွာတိုင်း အရိပ်ရပင်များကိုတိုးချဲ့စိုက်ပျိုးကြရန်လိုကြောင်း၊မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များသည်ကမ္ဘာ့အပူဆုံးမြို့များစာရင်းအတွင်း၌ ပါဝင်သည်ကို တွေ့ရကြောင်း၊အပူရှိန်လျှော့ချရေးနှင့်ရာသီဥတုကောင်းမွန်စေရေးအတွက်ဆောင်ရွက်ရန်မှာ သစ်ပင်စိုက်ပျိုးခြင်းပင်ဖြစ်ပြီးကျေးရွာတစ်ရွာချင်းစီအလိုက်သစ်တောသစ်ပင်များကိုတိုးချဲ့စိုက်ပျိုးသွားကြရန်လိုကြောင်း၊ထိုသို့စိုက်ပျိုးရာတွင်ဒေသတွင်းဖြစ်ထွန်းအောင်မြင်ပြီးကုန်ထုတ်လုပ်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေနိုင်သည့်ဆီးသီးပင်၊ မန်ကျည်းပင်အပါအဝင် အခြားအပင်များကို ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကုန်ကြမ်းပစ္စည်းများသည် အဓိကကျကြောင်း၊ဒေသတွင်းမှထွက်ရှိသည့်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များကိုထုတ်လုပ်နိုင်မည်ဆိုပါကဒေသအတွက်များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။
ပညာရေးနှင့်ပတ်သက်၍
ပညာသင်ကြားခြင်းကိုသာမကသိသင့်သိထိုက်သည့်အသိပညာဗဟုသုတများရရှိစေရေးအတွက် မိမိတို့ကိုယ်တိုင်နှင့် မိမိတို့သားသမီးများကို စာဖတ်သည့်အလေ့အကျင့်များ မွေးမြူပေးရန်လိုကြောင်း၊မိမိတို့သားသမီးများ၏ဘဝတိုးတက်ရေးအတွက် ပညာရည်မြှင့်တင်ခြင်းများကိုဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ပညာရည်မြှင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခြင်းအားဖြင့်ဒေသတွင်း လူမှုစီးပွားဘဝများသည်လည်းတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုသည်ဖွံ့ဖြိုးတိုးတက်သည့်အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ခြင်းပင်ဖြစ်သဖြင့်နိုင်ငံတော်မှအလေးပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊နိုင်ငံအတွင်း တရား ဥပဒေစိုးမိုးရေးအတွက်အထောက်အကူပြုနိုင်ရန်အတွက်လည်းနိုင်ငံ့ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများကိုဥပဒေနှင့်ပတ်သက်သည့်အသိပညာများသင်ကြားပေးလျက်ရှိကြောင်း၊တရားဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံအတွင်း သွားလာလုပ်ကိုင်မှုများအဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့်အားလုံးက ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ယခုဒီဇင်ဘာလ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲ၍ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးနိုင်ရန် အရေးကြီးသကဲ့သို့၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊မဲစာရင်းတွင်ပါဝင်သူများမဲပေးခွင့်မဆုံးရှုံးစေရေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ဆန္ဒမဲပေးခြင်းမပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒဖြစ်ပြီးမဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်မှာအစိုးရ၏တာဝန် ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးခြင်းသည်ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းခြင်းကိုထောက်ခံခြင်းဖြစ်ပြီး မဲမပေးခြင်းသည်ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းမှုကို မထောက်ခံခြင်းပင်ဖြစ်ကြောင်း၊ထို့ကြောင့် မင်းဘူးဒေသအတွင်း ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန်လိုကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်မင်းဘူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တတ်နိုင် သည့်ဘက်မှ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ဒေသတွင် နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသည့်ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ဒေသကိုချစ်သည့်စိတ်၊နိုင်ငံကောင်းရာကောင်းကျိုးကိုလိုလားသည့်စိတ်များဖြင့် ဒေသနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။
ယင်းနောက် အခမ်းအနားအပြီးတွင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံ ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌသည် ခင်းကျင်းပြသထားသည့်မင်းဘူးခရိုင်အတွင်းရှိအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများမှထွက်ရှိသည့်ထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီးတာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
မင်းဘူးမြို့ခရိုင်ဘောလုံးအားကစားကွင်း
ထို့နောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့၊ခရိုင်ဘောလုံးအားကစားကွင်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အားကစားပွဲများ ကျင်းပပြုလုပ်ချိန်တွင် အားကစားဝါသနာရှင်ပြည်သူများအဆင်ပြေစွာကြည့်ရှုနိုင်ရန်အတွက်ပွဲကြည့်စင် တည်ဆောက်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ရေနုတ်မြောင်းဆောက်လုပ်ရာတွင်လည်း ရေများစနစ်တကျစွန့်ထုတ်နိုင်ရန်အတွက်မြေအနိမ့်အမြင့်အားတွက်ချက်ဆောင်ရွက်သွားရန်၊ပြေးလမ်းအား စနစ်တကျတည်ဆောက်သွားရန်နှင့်အခြားလိုအပ်သည်များလမ်းညွှန်မှာကြားသည်။
မင်းဘူးမြို့အထွေထွေရောဂါကုဆေးရုံကြီး
ယင်းနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး သို့ရောက်ရှိကြရာ ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊အဖွဲ့ဝင်များသည်သွားနှင့် ခံတွင်းကုသမှုဌာန၊ ဓာတ်ခွဲ ခန်းနှင့်ဇီဝဓာတ်ခွဲခန်းတို့အတွင်းလှည့်လည်၍ပြည်သူများအား ဆေးကုသမှုများဆောင်ရွက်ပေးနေမှုနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးနေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ယင်းနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့က မင်းဘူးမြို့အထွေထွေရောဂါကုဆေးရုံကြီးအတွက်အလှူငွေများကိုပေးအပ်ရာဆေးရုံအုပ်ကြီး နှင့်တာဝန်ရှိသူများက လက်ခံရယူသည်။
မကွေး–မင်းဘူးလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု
နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်းမင်းဘူးမြို့ရှုခင်းသာနေရာသို့ရောက်ရှိကြရာမကွေး-မင်းဘူးလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌကလမ်းနယ်များနှင့်ပတ်သက်၍ သတ်မှတ် ထားသည့်အတိုင်း စနစ်တကျဖြစ်ရန်လိုပြီး အချို့လမ်းနယ်များ၌ကျူးကျော်မြေအသုံးချမှုများရှိနေသည့်အတွက်လမ်းမကြီးများဥပဒေနှင့်အညီဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊လမ်းများအဆင့်မြှင့်တင်ခြင်းများပြုလုပ်ရာတွင်လည်းလမ်းကြောင်း တစ်လျှောက် စနစ်တကျဖြစ်စေရေးနှင့် သတ်မှတ်ချက်များပြည့်မီစေရေးစနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကိုလမ်းညွှန် မှာကြားခဲ့သည်။










