ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံလုံခြုံရေးကောင်စီအတွင်း ရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ 

နေပြည်တော်    ဖေဖော်ဝါရီ     ၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး  ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Iskander Azizov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဆွေတော် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံ ရေးကောင်စီအတွင်းရေးမှူးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကို လှိုက်လှဲနွေး ထွေးစွာကြိုဆိုပါကြောင်း၊ မိမိတို့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲ၍ကျင်းပပြုလုပ်ခဲ့ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် ရွေးကောက်ခံရသူကိုယ်စားလှယ်များ ၏အမည်စာရင်းအားနောက်ဆုံးထုတ်ပြန်သွားမည်ဖြစ်ပြီး   မတ်လတတိယပတ်အတွင်း လွှတ်တော်အစည်းအဝေးခေါ်ယူသွားမည်ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးသည့်အချိန်၌အဆွေတော်၏ ခရီးစဉ်ရောက်ရှိလာမှုမှာလည်း ထူးခြားလေးနက်မှုရှိပါကြောင်း၊ အဆွေတော်၏ ခရီးစဉ် အတွင်း  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဦးစွာနှုတ်ခွန်းဆက်စကား  ပြောကြားသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူးကဆွေးနွေးပြောကြားရာတွင် မိမိနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များအားလုံးကိုနွေးထွေးစွာ ကြိုဆိုမှုနှင့် တွေ့ဆုံခွင့်ပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin က အဆွေတော်တို့နိုင်ငံတွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအတွက် ပေးပို့လိုက် သည့် ဂုဏ်ပြုသဝဏ်လွှာအား လက်ရောက်ပေးအပ်လိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်အခက်အခဲများအကြားမှယခုကဲ့သို့ရွေးကောက်ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ်တွင် မိမိတို့ရုရှားနိုင်ငံအနေဖြင့် အသိအမှတ်ပြုအပ်ပါကြောင်း၊မိမိတို့ နှစ်နိုင်ငံအကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင်နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များလာရောက်ခဲ့ပြီး ပြည်သူများမှတက်ကြွစွာဖြင့် ဆန္ဒမဲပေးခဲ့ကြသည်ကို မြင်တွေ့ခဲ့ရမှုနှင့် လွတ်လပ်ပြီးတရားမျှတမှုရှိသည့် ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်သည်ကို သိရှိခဲ့ရသည့်အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် မြန်မာတပ်မတော်မှပါဝင်ချီတက်ခဲ့မှုအပေါ်ရုရှားနိုင်ငံမှ အမြဲအမှတ်ရနေမည်ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးနှင့်ပတ်သက်၍ တူညီသော သမိုင်းကြောင်းများရှိခဲ့သည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား Cyber security၊ Information security  တို့ အပါအဝင်လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ချမှတ်၍ တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများနှင့်နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍   ခင်မင်ရင်းနှီးစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  လုံခြုံရေးကောင်စီအတွင်းရေးမှူးတို့သည်   အမှတ်တရ လက်ဆောင်ပစ္စည်းများ  အပြန်အလှန်ပေးအပ်ခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။