နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်(လေ) လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်  

အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို  ထိရောက် အောင်မြင်စွာကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (ကြည်း၊ရေ၊လေ) တပ်ဖွဲ့များကို အင်အား တောင့်တင်းပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက်ထိန်းသိမ်း နေရမည်ဖြစ် 

နေပြည်တော်  မတ်   ၁၂

တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကားမြင့်မားစေရန်အတွက် လေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ကျင်းပပြုလုပ်ရာနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်း ရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ   အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်   ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊  ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ၊ တပ်မတော်(လေ)မှ အရာရှိ၊ စစ်သည်၊  မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  အမှာစကားပြောကြားရာတွင် မိမိတို့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွားလာခဲ့သည့် မျိုးချစ်တပ်မတော် ဖြစ်ကြောင်း၊ ထို့အပြင် တိုင်းရင်းသားပြည်သူပေါင်းစုံပါဝင်ဖွဲ့စည်းထားသည့်    ပြည်သူ့ တပ်မတော်၊   ပြည်ထောင်စုတပ်မတော်လည်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက် တိုင်းပြည်နှင့်လူမျိုးအပေါ်  အန္တရာယ်အမျိုးမျိုးကျရောက်လာသည့်အချိန်တိုင်း၊အချုပ်အခြာအာဏာကိုခြိမ်းခြောက်ထိပါးခံရသည့်အချိန်တိုင်းတွင်တပ်မတော်သည်ပြည်သူရှေ့က မားမား မတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို  အထင်အရှားတွေ့ရမည်ဖြစ်ကြောင်း။

အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နှင့် အမျိုးသားအကျိုးစီးပွားကို  ထိရောက်အောင်မြင်စွာ   ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (ကြည်း၊ရေ၊လေ)တပ်ဖွဲ့များကိုအင်အားတောင့်တင်းပြီးစွမ်းရည်ပြည့်ဝထက်မြက်နေအောင်အစဉ်တည်ဆောက်ထိန်းသိမ်းနေရမည်ဖြစ်ကြောင်း၊ တပ်မတော်အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝနေမှသာ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို  ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါရပ်တည်နိုင်မည်ဖြစ်ကြောင်းကိုခေတ်အဆက်ဆက်ဖြတ်ကျော်ကြုံတွေ့ခဲ့ရသည့် သမိုင်းအတွေ့အကြုံများက ထင်ထင်ရှားရှား သင်ခန်းစာပေးထောက်ပြလျက်ရှိကြောင်း။

ခေတ်သစ်စစ်ပွဲများနှင့် လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့အရေးအခင်းများကိုလေ့လာကြည့်ပါက လေကြောင်းနှင့် အာကာသစွမ်းအားသည် အမျိုးသားအကျိုးစီးပွားဖော်ဆောင်ရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအဓိကကျအရေးပါသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးသည် နိုင်ငံကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိတို့၏လေကြောင်းစွမ်းအားကို တတ်နိုင်သမျှ မြင့်မားကောင်းမွန်အောင် အစဉ်ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း။

တပ်မတော်(လေ)သည် နိုင်ငံ၏လေကြောင်းစွမ်းအား မြင့်မားကောင်းမွန်စေရန် တာဝန်အရှိဆုံးနှင့် အဓိကအကျဆုံးတပ်ဖွဲ့ဖြစ်ကြောင်း၊   လေတပ်အင်အား တောင့်တင်းခိုင်မာနေမှသာ လေကြောင်းစိုးမိုးအရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားဆိုသည်မှာ လေယာဉ်၊ရဟတ်ယာဉ်များရှိနေရုံဖြင့် မလုံလောက်သေးဘဲ အထောက်အကူပြုမည့်စနစ်အမျိုးမျိုး၊  ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ဖြည့်တင်းရေးအတွက်စနစ်အမျိုးမျိုး၊  လေ့ကျင့်ရေးစနစ်အမျိုးမျိုး ပြည့်စုံစွာရရှိ ပိုင်ဆိုင်ထားရန်လည်း  လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်းစွမ်းအားဟန်ချက်ညီဘက်စုံတိုးတက်ကောင်းမွန်စေရေး ၂၀၁၁ ခုနှစ်မှစပြီး အဓိကကျသည့် အရင်းအမြစ်အမျိုးမျိုးကို တွက်ချက်သုံးသပ်ဖြည့်တင်းပေးလျက်ရှိကြောင်း။

လေကြောင်းစွမ်းအား ထက်မြက်ကောင်းမွန်နေရေးအတွက်  ကိုင်တွယ်အသုံးပြုသူများမှ စွမ်းအားပြည့်အသုံးချပြီး ပိုင်ဆိုင်ထားသည့်အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးချနိုင်ရန်အရည်အသွေး အရည်အချင်းပြည့်ဝကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်များ မဖြစ်မနေလိုအပ်ကြောင်း၊ ကျွမ်းကျင်မှုရှိပြီး အထိရောက်ဆုံးအသုံးချနိုင်မည့် စစ်သည်တော်များလေ့ကျင့်မွေးထုတ်ရေးအတွက် စဉ်ဆက်မပြတ်စီစဉ်ဆောင်ရွက်သွားရန်အထူးမှာကြားလိုကြောင်း၊လူ့စွမ်းအားအရင်းအမြစ်များလေ့ကျင့်မွေးထုတ်ပေးရာတွင် လေသူရဲများ၊လေယာဉ်သားနှင့်ပညာရှင်များ၊ အုပ်ချုပ်မှုပိုင်းအထောက်အကူပေးရမည့် တာဝန်ရှိသူများစသည်ဖြင့် သက်ဆိုင်ရာကဏ္ဍအားလုံး အကျုံးဝင်ကြောင်း။

တပ်မတော်(လေ)တွင်  တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်နှင့် အမှု ထမ်းတိုင်းသည်   နိုင်ငံ့အကျိုးလိုလားပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့်  တန်ဖိုးရှိ လူသားအရင်းအမြစ်များဖြစ်နေကြရန်လိုအပ်သည်ကိုလည်း ပြောကြားလိုကြောင်း၊ သို့မှသာ မည်သို့သောလုပ်ငန်းတာဝန်များကိုမဆို   ရဲရဲဝံ့ဝံ့ဖြင့်   ကျေကျေပွန်ပွန်ထမ်းဆောင်လိုစိတ်  ပြင်းပြနေကြမည်ဖြစ်ကြောင်း၊  တိုင်းချစ်ပြည်ချစ်စိတ်ရှိရန်နှင့်ယုံကြည်ချက်ခံယူချက်  မွန်မြတ်ကောင်းမွန်စေရေး  နိုင်ငံတော်နှင့် တပ်မတော်ဆိုင်ရာသမိုင်းကြောင်းများကို သိရှိလေ့လာကြရန်၊  စာပေဗဟုသုတ ရှာဖွေဆည်းပူးကြရန်တိုက်တွန်းမှာကြားလိုကြောင်း။

တပ်မတော်(လေ)  စတင်ဖွဲ့စည်းတည်ထောင်ခဲ့ချိန်မှစပြီး  လက်ရှိကာလအထိ ရည်မှန်းချက်တာဝန်များ ထမ်းဆောင်ခဲ့မှုအပေါ် သုံးသပ်စိစစ်ကြည့်ပါက နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်သည့်တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ခဲ့ သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊  ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေးနှင့် အကြမ်းဖက် မှုတိုက်ဖျက်ရေးစစ်ဆင်မှုများ၊ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေးစစ်ဆင်မှုများ တွင်  စွမ်းစွမ်းတမံအထောက်အကူပြုတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊  ထို့အပြင်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊   သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင်လည်း နည်းလမ်းအမျိုးမျိုးဖြင့်   ပါဝင်အထောက်အကူပြုနိုင်ခဲ့ကြောင်း။

တပ်မတော်(လေ)၏ တိုးတက်အောင်မြင်မှုအရှိန်အဟုန်များကို ရေရှည်ထိန်းသိမ်းမြှင့်တင်ပြီး  နိုင်ငံတော်နှင့်တပ်မတော်က ပေးအပ်သည့်တာဝန်အမျိုးမျိုးကို အောင်မြင်ကျေပွန်စွာထမ်းဆောင်သွားကြရန်၊ရရှိပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်နှင့်လက်နက်စနစ်များ၊လေကြောင်းစွမ်းအားအရင်းအမြစ်များကို  စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး စွမ်းရည်ထက်မြက်သည့် တပ်မတော်(လေ)ဖြစ်ကြောင်းသက်သေပြကြရန်၊ယနေ့အထိ  တည်ဆောက်ထိန်းသိမ်းလာသည့် တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို  လေးစားဂုဏ်ယူတန်ဖိုးထားပြီး မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းကောင်းမွေပေးအပ်ကြရန်   တိုက်တွန်းမှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က လေယာဉ်များ တပ်တော်ဝင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးထွန်းဝင်းက  လေယာဉ်များအား   တပ်တော်ဝင်အဖြစ်ကြေညာသည်။

၎င်းနောက်နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်က   လေယာဉ်၊   ရဟတ်ယာဉ်များ တပ်တော်ဝင်အထိမ်းအမှတ်    အမှတ်တရလက်ဆောင်ပစ္စည်းများကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် လေယာဉ်၊ ရဟတ်ယာဉ်များ သရုပ်ပြအုပ်ဖွဲ့ပျံသန်းအလေးပြုခြင်းကို ဆောင်ရွက်ရာ  ဦးစွာအချိန်ကိုက်ပျံသန်းအလေးပြုခြင်းအစီအစဉ်အရ   သယ်ယူ ပို့ဆောင်ရေးရဟတ်ယာဉ် ၄ စင်းတို့က အမျိုးအစားမတူညီသည့် Composite Formation  အုပ်ဖွဲ့ဖြင့်လည်းကောင်း၊ အမျိုးအစားမတူညီသည့် ရဟတ်ယာဉ် ၅ စင်းတို့က Composite Formation အုပ်ဖွဲ့ဖြင့်လည်းကောင်း၊ ကင်းထောက်လေယာဉ် ၁ စင်းနှင့် အပေါ့စားရဟတ်ယာဉ်  ၂  စင်းတို့က Composite Formation  ဖြင့်လည်းကောင်း၊ အမောင်းသင်လေယာဉ် ၅ စင်းတို့က Kite Formation အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊  အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းနှင့် တိုက်လေယာဉ်  ၂ စင်းတို့က Composite Formation ဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စင်းက Arrow Head Formation ဖြင့် အုပ်ဖွဲ့ပျံသန်းပြီး တိုက်လေယာဉ် ၁ စင်းက Barrel Roll Maneuver ဖြင့် သရုပ်ပြပျံသန်း၍လည်းကောင်း၊   အလတ်စားသယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စင်းနှင့် ဘက်စုံသုံးတိုက်လေယာဉ်  ၂ စင်းတို့က Composite Formation   ဖြင့်လည်းကောင်း၊ တိုက်လေယာဉ် ၃ စင်းတို့က Arrow Head Formation ပုံစံဖြင့်လည်းကောင်း၊ ဘက်စုံသုံးတိုက်လေယာဉ် ၃ စင်းတို့က Arrow Head Formation အုပ်ဖွဲ့ပုံစံဖြင့် လည်းကောင်း၊ တိုက်လေယာဉ်  ၃  စင်းတို့က  ရှုရပ်၏ရှေ့တည့်တည့်မှ  ပျံသန်းဝင်ရောက်ကာ တပ်မတော်(လေ)အလံကိုယ်စားပြုအဝါရောင်၊ အဖြူရောင်နှင့်အပြာရောင်မီးခိုးများထုတ်လွှတ်ပြီး Cross Turn Maneuver ဖြင့် ပျံသန်း၍ လည်းကောင်း၊ တိုက်လေယာဉ် ၁ စင်းနှင့် စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံးအကြီးစားဂျက်တိုက်လေယာဉ် ၁ စင်းတို့က Composite Formation ဖြင့်ပျံသန်းပြီးမီးကျည်များပစ်လွှတ်၍လည်းကောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ပျံသန်းအလေးပြုခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင်လေယာဉ်များအား အမွှေးနံ့သာရည်များပက်ဖျန်းပေးပြီး တပ်တော်ဝင်လေယာဉ်များအား  လှည့်လည်ကြည့်ရှုကြပြီးစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

၎င်းနောက်  နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သရုပ်ပြအုပ်ဖွဲ့ပျံသန်းမှုတွင်ပါဝင်သော လေသူရဲများအားဂုဏ်ပြုနှုတ်ဆက်စကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။