နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 နေပြည်တော်၊ ဒီဇင်ဘာ – ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုး မှု ဆိုင်ရာများကို ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးလှမိုးနှင့် ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကော်ဖီလုပ်ငန်းရှင်များ တက်ရောက် ကြသည်။

ပြင်ဦးလွင်ဒေသ၌ စိုက်ပျိုးမြေအသုံးချထားရှိမှု၊ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိမှုနှင့် အထွေထွေလိုအပ်ချက်များ တင်ပြဆွေးနွေး ဦးစွာ စိုက်ပျိုးရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင်ထွန်းက မြန်မာ နိုင်ငံတွင် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိမှု၊ ပြင်ဦးလွင် မြို့နယ်အတွင်း ကော်ဖီနှင့်အခြားသီးနှံများ စိုက်ပျိုးထားရှိမှု၊ စိုက်ပျိုးမြေ အသုံးချထား ရှိမှုနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးရန် ခွင့်ပြုထားသည့် စိုက်ပျိုးမြေများပေါ်တွင် ကော်ဖီများစနစ်တကျစိုက်ပျိုးရေး စည်းကမ်း၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များက ပြည်တွင်းမှ ထွက်ရှိသည့်ကော်ဖီများ ပြည်တွင်းနှင့် ပြည်ပဈေးကွက်သို့ဖြန့်ဖြူးရောင်းချလျက်ရှိမှု၊ ကော်ဖီထုတ်လုပ်မှုလုပ်ငန်းအတွက် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ ကော်ဖီစိုက်ပျိုးမြေ များတွင်စိုက်ပျိုးရေး၊ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ သတ်မှတ် အဆောက်အဦများ ဆောက်လုပ်မှုအပေါ် စနစ်တကျဖြင့် ပြန်လည်စိစစ်ပေးရန်လိုအပ်မှု၊ ကော်ဖီထွက် ကုန်များအပေါ် သင့်လျော်သည့် အခွန်သက်သာခွင့်ရရှိရန်လိုအပ်မှု၊ လုပ်ငန်းသုံး မော်တော်ယာဉ်များကိစ္စ၊ ကော်ဖီများစိုက်ပျိုးလျက်ရှိမှုနှင့် မတည်ချေးငွေများ ပို့ပိုးပေးရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြန်လည် ဖြည့်စွက်ဆွေးနွေးပြောကြား

ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကော်ဖီစီမံကိန်းကို တပ်မတော်အစိုးရလက်ထက် ကတည်း က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းအောင်မြင်စေရန်အတွက် မိမိ တာဝန်ယူဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ကော်ဖီစီမံကိန်းမြေများတွင် ကော်ဖီစိုက်ဧက များအလိုက် ပြည့်ဝစွာစိုက်ပျိုးရန်နှင့် စည်းကမ်း တကျရှိစေရေး စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ စနစ်တကျကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း။

ပြင်ဦးလွင်ဒေသကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွား ရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်သည့် ECO Tourism ဖြစ် မြောက်စေရေးနှင့် အခွန်ကိစ္စများကို စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ GAP လက်မှတ်များကို စည်းကမ်းနှင့်အညီ စနစ်တကျထုတ်ပေးလျက် ရှိကြောင်းနှင့် အလေ့အကျင့်ကောင်းများ ရရှိလာသ်နှင့်အညီ ဖြေလျှော့မှုများ ပြုလုပ်ပေးမည်ဖြစ် ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ

ထို့နောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦလှမိုး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့က ပြင်ဦးလွင်မြို့နယ်အတွင်း ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ တင်ပြသည့် လိုအပ်ချက်များကို အစိုးရမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ ကော်ဖီစိုက်ပျိုးရန် ရယူထားသည့် မြေဧရိယာများအား အမှန်တကယ် စိုက်ပျိုးမှုရှိရန်နှင့် အခြားနည်းဖြင့် အသုံးချမှုမရှိရန် လိုအပ်သည့် အခြေအနေများ၊ အမှန်တကယ်စိုက်ပျိုးမှုမရှိသည့် စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်းမရှိသည့် လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် ကော်ဖီစိုက်မြေဧရိယာများအား သတိပေးချက်များ အကြိမ်ကြိမ် ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ ကော်ဖီ စိုက်ပျိုးရာတွင် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများ၊ အရင်းအနှီးများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရယူရန် လိုအပ်သည့် အခြေအနေ များကို အသီးသီး တင်ပြကြသည်။

ပြည်တွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံအဝှမ်းလိုက်လံကြည့်ရှုအားပေးဆောင်ရွက်လျက်ရှိရာ ၁၀ ကြိမ်ခန့် ရှိပြီဖြစ်ကြောင်းနှင့် ယင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်း ရှင်များကို မကြာခဏတွေ့ဆုံကာ လိုအပ်သည်များကို ဆွေးနွေးခြင်း၊ ဖြည့်ဆည်းပေး ခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်း စသည့် အချက် ၄ ချက်ဖြင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် ဝန်ဆောင်မှုဟူ၍ ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာတွင် ကုန်ကြမ်းအခက်အခဲရှိမှု၊ လူသားအရင်း အမြစ် ကောင်းများလိုအပ်မှုတို့ကို တင်ပြကြကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ် သည့် ကုန်ကြမ်းကို ပြည်တွင်းမှ ကုန်ကြမ်းအစား ပြည်ပမှ မှာယူသုံးစွဲနေပါက အခက် အခဲများ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ပြီး စဉ်ဆက်မပြတ်သည့် ထုတ်လုပ်မှုဖြစ်နိုင်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှရရှိသည့် ကုန်ကြမ်းများကို အခြေခံ သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း။

မျိုး၊ မြေ၊ ရေ၊ နည်း စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေ ကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်ရန် အဓိက လိုအပ်ကြောင်း၊ ကော်ဖီနှင့် ပတ်သက်၍ စိုက်ပျိုးရေးအပိုင်း၊ ထုတ်လုပ်ရေးအပိုင်း၊ ရောင်းဝယ်ရေးအပိုင်း ဟူ၍ ရှိမည်ဖြစ်ပြီး စတင်စိုက်ပျိုးမှုမစတင်မီကပင် ရေရှည်ကို ကြည့်၍ ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ဧကအတွင်း ဝင်ဆန့်နိုင်မည့် အပင်အရေ အတွက် ပြည့်မီမှန်ကန်မှုရှိစေရေး၊ ကုန်ထုတ်လမ်းများပါဝင်ရေးတို့ကအစ စဉ်းစား ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များကို ရွေးခြယ်စိုက်ပျိုးမှသာလျင် အထွက်နှုန်းနှင့် အရည်အသွေးလည်း ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများ ကောင်းမွန်ရေးအတွက် မြေပြင်ဆင်မှုများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ကော်ဖီသည် စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ရေရရှိမှုလည်း ပြည့်မီရန် လိုကြောင်း၊ ဓာတ်မြေဩဇာ ကျွေးမွေးမှုလည်း စနစ်ကျန၍ မှန်ကန်ရမည်ဖြစ်ပြီး မြေဩဇာအတွက် ဒေသတွင်းမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် တိရိစ္ဆာန်စွန့်ပစ် ပစ္စည်းများဖြင့် ဇီဝမြေဩဇာများပြုလုပ်ကာ အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ စိုက် နည်း စနစ်များလည်း မှန်မှန်ကန်ကန် ဖြစ်စေလိုကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်း လုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန်တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လိုကြောင်း။

ကော်ဖီစိုက်ပျိုးမှုနှင့်ပတ်သက်၍ သာမာန်စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မရဘဲ စနစ် ကျနသည့် စိုက်ပျိုးမှုစနစ်ရှိရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် သွင်းအားစုများကိုလည်း မှန်မှန်ကန်ကန် ထည့်သွင်းရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးမှသာလျင် အရည် အသွေးကောင်းမွန်သည့် ကော်ဖီရရှိမည်ဖြစ်ပြီး ကော်ဖီထုတ်ကုန်များ ဈေးကွက် ရရှိ ရေးနှင့် အရည်အသွေးမြင့် ထုတ်ကုန်ဖြစ်စေရေး အစိုးရက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း။

ဒေသနှင့် တိုင်းပြည်အတွက် အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်

မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များစွာရှိပြီး ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံဟူ၍ ရှိကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံတွင် ပါရှိပြီး ကမ္ဘာ နှင့်အဝန်းသောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည် တိုင်းပြည်အတွက် ဒေသ အတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပြီး ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း။

မိမိတို့ တစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး တစ်ဧကအထွက် နှုန်း တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ရရှိလာသည့် အကျိုးအမြတ်သည် လည်း ကွာခြားသွားမည်ဖြစ်ကြောင်း၊ စိုက်ဧကတိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းကို ပိုမိုအားပေးလိုကြောင်း၊ အထွက်နှုန်းများ တိုးတက်လာမည်ဆိုပါက ကော်ဖီမှရရှိသည့် ငွေကြေး များစွာတိုးတက်လာမည်ဖြစ်ပြီး စိုက်ပျိုးတောင်သူများ၏ တစ်ဦးချင်းဝင်ငွေများတိုးတက်လာမည် ဖြစ်သကဲ့သို့ နိုင်ငံ့ ဝင်ငွေလည်းတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီထွက်ကုန်များကို ပြည်ပသို့တင်ပို့ နိုင်မည်ဆိုပါက နိုင်ငံခြား ဝင်ငွေများလည်း တိုးတက်လာမည်ဖြစ်သဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို ပြည်တွင်း၌ပင် တန်ဖိုးမြင့်ကုန်ချောအဖြစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ပါက ယခု ထက်ပိုမို အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) မှတစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီဈေးကွက်ရရှိရေး မိမိ အနေဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် ကြော်ငြာခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လို ကြောင်း၊ ဈေးကွက်လိုအပ်ချက်ကို ပြည့်မီနိုင်ရေးအတွက်လည်း ထုတ်လုပ်မှုများကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုကို သာမက ပြည်ပသို့တင်ပို့မှုအတွက်ပါ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရန် လိုကြောင်း၊ GAP နှင့် ISO လက်မှတ်များလည်း ရရှိအောင် လုပ်ရန်လိုအပ်မည်ဖြစ် ကြောင်း။

ပြည်တွင်းကုန်ထုတ်လုပ်မှုအားပေးနိုင်ရန်၊ ပြည်ပသွင်းကုန်အစားထိုးရန်၊ ပြည်ပ ပို့ကုန် ရရှိစေရန် စသည့်အချက် ၃ ချက်ကိုရည်ရွယ်၍ MSME လုပ်ငန်းများကိုအားပေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ချေးငွေနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများထက် သက်သာသော အတိုးနှုန်းထားဖြင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးထားခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ချေးငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီစိုက်ပျိုး ရေးလုပ်ငန်းများအတွက်လည်း ထိုက်သင့် သည့် အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် ပြည်ပမှ စက်သုံးဆီနှင့်စားသုံးဆီများနှစ်စဉ် တင်သွင်းနေရ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီနှင့် ဓာတ်မြေဩဇာများကို ပြည်ပမှ တင်သွင်းရခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ ဓာတ်မြေဩဇာများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝ မြေဩဇာများ အသုံးပြုရန်လည်း တိုက်တွန်းလိုကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက်မိမိအနေဖြင့် တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

 
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။