ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၂) ကျင်းပ

နေပြည်တော် ဇူလိုင် – ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၂/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊  အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက် ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေအရ အစည်းအဝေး မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်ထမ်းဆောင်နေရစဉ် အတွင်း ချမှတ်ထားသည့်ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက် နေသည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတာဝန်များကို ထမ်းဆောင်လာခဲ့ သည်မှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ၁ နှစ်နှင့် ၆ လ(၁၈ လ)ပြည့်မြောက်မည်  ဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အကြီးအကဲများနှင့် အဖွဲ့ဝင်များပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)ကို ကျင်းပခဲ့ပြီး မိမိတို့အစိုးရ၏ တစ်နှစ်တာ တာဝန်ထမ်းဆောင် ခဲ့မှုအခြေအနေကို တင်ပြခဲ့ပါကြောင်း၊ ၎င်းကာလဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ပထမ ၆ လ သက်တမ်းတိုးမြှင့်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သဘောတူ အတည်ပြုခဲ့ပါကြောင်း၊ သက်တမ်းတိုးမြှင့်ခဲ့သည့် ၆ လအတွင်း မိမိတို့အစိုးရ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ တိုးတက်ပြောင်းလဲ လုပ်ဆောင်မှုများ ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေတွေကို တင်ပြသွားမည် ဖြစ်ပါကြောင်း။

ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက် သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့်အချက်ကို ဆောင်ရွက်နေမှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၂ ရက် ရက်စွဲပါအမိန့်အမှတ်(၇/၂၀၂၁)အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးစီးအဖွဲ့ဝင် ၅ ဦးဖြင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က စစ်ဆေးတွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ခွင့်ရှိသူဦးရေ ၃၈,၂၇၁,၄၄၇ ဦး (၃၈ ဒသမ ၂၇ သန်းကျော်)ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၄,၈၆၉,၄၂၇ ဦး၊ နိုင်ငံသား စိစစ်ရေးကတ် တစ်ခု တည်းဖြင့် မဲစာရင်း ၂ကြိမ်/ ၃ ကြိမ် နှင့် အထက်ပါဝင်နေသူ၊ အသက် ၁၀၀ နှစ်နှင့် အထက်၊ အသက် ၁၈ နှစ် နှင့်အောက်  အပါအဝင်  မဲစာရင်းကွာဟမှု ၁၁,၃၀၅,၃၉၀ ဦး ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို ဦးစွာ တင်ပြလိုပါကြောင်း။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဆိုင်ရာ များစွာဖြစ်ပေါ်ခဲ့သကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများလည်း များစွာဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ဖြစ်ပွားခဲ့သည့်အမှု ပေါင်း ၁,၀၇၇ မှု ဖြစ်ပွားခဲ့သည့်အနက် ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်း၍ အမှုဖွင့်ခဲ့သည့် အမှုပေါင်း ၅၄၆ မှုရှိပြီး ၎င်းအနက်အမှုခိုင်မာ၍ တရားစွဲဆို တင်သွင်းခဲ့မှု ၃၄၅ မှု၊ ပိတ်သိမ်းခဲ့တဲ့အမှု ၂၀၀ မှုနဲ့ ဥပဒေအကြံပြုချက်တောင်းခံဆဲ ၁ မှုတို့ ရှိခဲ့ပါကြောင်း။

ရွေးကောက်ပွဲလုပ်ရပ်များအပေါ် စနစ်တကျ ကြီးကြပ်ကွပ်ကဲရန် အားနည်း ပျက်ကွက်ခဲ့သည့် တာဝန်ရှိသူ ၂,၄၁၇ ဦးရှိပြီး တရားစွဲဆိုမှုများ ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ် များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့သူ ၄၇၉ ဦးကို အမှုဖွင့်လှစ်အရေးယူခဲ့သကဲ့သို့ မဲ ၂ ကြိမ်နဲ့ ၂ ကြိမ်အထက် မဲပေးသူများကိုလည်း ဥပဒေနှင့် အညီအရေးယူနိုင်ရေး တိုင်ကြား/တရားစွဲဆိုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးစီးပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်း တို့မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များသည် နိုင်ငံရေးပါတီ များ စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းများ အပါအဝင် နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့်အညီ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးခဲ့ပါကြောင်း၊၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှစပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ အထိ နိုင်ငံရေးပါတီ ၈၅ ပါတီကို စစ်ဆေးပြီးဖြစ်ပါကြောင်း၊ စစ်ဆေးရန်ကျန်ပါတီတွေကို ဆက်လက် စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာများကို ပြန်လည်သုံးသပ် နိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံ ဆွေးနွေးခဲ့ပါကြောင်း၊ ၁၈ လတာကာလအတွင်း ၄ ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းများ မှန်ကန်ဖို့သည် အဓိကကျသည့် အခြေခံအချက်ပင်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် နိုင်ငံသား ကတ်မရှိ ဘဲ မဲပေးသူ ၄,၈၆၉,၄၂၇ ဦး (၄ ဒသမ ၈ သန်းကျော်)ရှိပါကြောင်း၊ လာမည့် ရွေးကောက်ပွဲ၌ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအနက် ၃-၅-၂၀၂၁ ရက်မှ ၃-၁၁-၂၀၂၂ ရက်အထိ ၁၈ လတာ ကာလသတ်မှတ်၍ အကျုံးဝင်သူဦးရေ ၃,၄၉၁,၃၆၄ ဦး(၃.၄ သန်းကျော်) အား ကိုင် ဆောင် လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်ကို နိုင်ငံအဝှမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ၃,၃၄၀,၁၃၀(၃ ဒသမ ၃ သန်း)ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသေးသည်ကို တင်ပြလိုပါကြောင်း။

သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများတွင် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားတဲ့စာရင်းများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊ ရှေ့ပြေးလုပ်ငန်းစီမံချက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန် အတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်(Pilot Project)ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်နေ့အထိ မြို့နယ် ၂၉၈ မြို့နယ် ဆောင်ရွက်ပြီးစီး၍ မြို့နယ် ၁၄ မြို့နယ်အား ဆောင်ရွက်ဆဲဖြစ်ပြီး မြို့နယ် ၁၃ မြို့နယ်မှာ ဆောင်ရွက်ရန်ကျန်ရှိ နေသေး ကြောင်း၊ ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များသည် အကြမ်းဖက်မှုများကြောင့် နယ်မြေအေးချမ်းမှုမရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့မှဖြစ်ပြီး ပြီးစီးအောင် ဆက်လက်ဆောင် ရွက်သွားရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

လုပ်ငန်းစဉ်(၂) “လက်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက် ဆောင်ရွက် သွားမည် ဆိုသည့်အချက်အား ဆောင်ရွက်နေမှုအနေဖြင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ပါကြောင်း၊ မိမိတို့ အစိုးရ စတင်တာဝန်ယူထမ်းဆောင်စဉ် ကာလ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၃၉၅,၆၆၈ ဦး၊ ရောဂါပိုး ကင်းစင်သွားသူ ၃၈၈,၈၃၂ ဦး၊ သေဆုံး သူ ၁၆,၁၈၅ ဦးရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၇၈,၄၇၇ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၇၉,၅၉၂ဦး၊ သေဆုံးသူ ၁၂၄ ဦးသာရှိခဲ့ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့မှုကြောင့် ပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံး မှုနှုန်းလျင်မြန်စွာကျဆင်း လာခဲ့ခြင်းဖြစ်သည်ကို တင်ပြအပ်ပါကြောင်း၊ သက်သာ ပျောက်ကင်းသူ အရေအတွက်တွင် ဖော်ပြပါကာလ မတိုင်မီ ရောဂါဖြစ်ပွားခဲ့ပြီး ဖော်ပြပါ ကာလအတွင်း၌ သက်သာပျောက်ကင်းခဲ့သည့် လူနာများအားလည်း ထည့်သွင်းရေတွက် ထားခြင်း ဖြစ်သဖြင့် ရောဂါပျောက်ကင်းမှု အရေအတွက်များပြားနေခြင်းဖြစ်ကြောင်း လည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဇူလိုင်လ ၂၆ ရက်နေ့အ ထိ လူဦးရေ ၃၆,၀၄၇,၀၉၄(၃၆ သန်းကျော်) ထိုးနှံပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရည်မှန်းလူဦးရေ၏ ၈၅ ရာခိုင်နှုန်းအထက်ကို ထိုးနှံပြီးစီး၍ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးနှံရမည့် ရည်မှန်း လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအောက်ရှိသည်ကို တွေ့ရပါကြောင်း၊  အဆိုပါဒေသများ ထဲမှ တချို့နေရာများတွင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသေးသဖြင့် သတ်မှတ်ချက် အောက် အနိမ့်ဆုံးဖြစ်နေသည်ကိုတွေ့ရပါကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများတွင် သတ်မှတ်ရာနှုန်းအတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် နယ်မြေအခြေအနေ များ တည်ငြိမ်အေးချမ်းရန် ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်သည်ကိုတင်ပြလိုပါ ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့အထိ ကာကွယ်ဆေးဝယ်ယူရရှိမှုအနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှဝယ်ယူမှု စုစုပေါင်း ၄၅,၀၀၀,၀၀၀           (၄၅ သန်း) Doses ဖြစ်ပါကြောင်း၊ လှူဒါန်းရရှိမှုအနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ Nippon Foundation ၊ GAVI Covax Facility နှင့် AHA Center တို့မှလှူဒါန်းမှုစုစုပေါင်း ၃၁,၅၉၁,၆၀၀ Doses ရရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဧပြီလကစတင်ပြီး ကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိပြီး ဇူလိုင်လ ၁ ရက်နေ့အထိ ကာကွယ်ဆေး ၄,၀၉၁,၆၂၅ (၄ သန်းကျော်) Doses ထုတ်လုပ် ခဲ့ ပြီး ဖြစ်ပါကြောင်း၊ကာကွယ်ဆေးဝယ်ယူရရှိမှု၊ လှူဒါန်းမှု၊ ထုတ်လုပ်မှုများမှ ၈၀,၆၈၃,၂၂၅ (သန်း ၈၀ ကျော်) Doses ရရှိပြီးဖြစ်ပါကြောင်း၊ ကာကွယ်ဆေး ၁,၄၀၀,၀၀၀ (၁.၄ သန်း) Doses ထပ်မံဝယ်ယူရန် စာချုပ်ချုပ်ဆိုထားပြီးလည်း ဖြစ်ပါကြောင်း။

ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ဖို့နှင့် လူတစ်ဦးချင်းစီ ၏ ပျမ်းမျှသက်တမ်းတိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေးဝန်ဆောင်မှုများကိုတိုးမြှင့် ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် အစားအသောက်များကို မျှတစွာ စားသုံးနိုင်ရန်အတွက် ပညာပေးလုပ်ငန်းများမြှင့်တင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံရန်အတွက် စစ်ဆေးခြင်းများ၊ ကျန်းမာရေးအတွက်လိုအပ်သည့် ဆေးဝါးနှင့်ကုသ ရေးကိရိယာများ ခေတ်မီစွာသုံးစွဲနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို နိုင်ငံ တစ်ဝန်းလွှမ်းခြုံကာကွယ်နိုင်ရန် ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ကာကွယ်ဆေးထိုးနှံ နိုင်ရန် ဦးစားပေးအစီအစဉ်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

လုပ်ငန်းစဉ်(၃)ပါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် ဆိုသည့် အချက်အား ဆောင်ရွက်နေမှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံများစွာရှိ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရပါကြောင်း၊ မိမိတို့နိုင်ငံအတွက်လည်း ရိုက်ခတ်မှုများရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှနည်းလမ်းများနှင့် အမြန်ဆုံးကုစားသွားမည်ဖြစ် ပါကြောင်း၊ မိမိတို့အစိုးရတာဝန်မယူမီအချိန်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီသည် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာခဲ့သည်ကို တွေ့ရပါကြောင်း၊ ထုတ်ယူသုံးစွဲပြီး ကြွေးမြီ ပေါင်း အမေရိကန်ဒေါ်လာ ၁၅.၅၇ ဘီလီယံကျော်ရှိပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ အထိ ပေးဆပ်ပြီးသည့်ငွေပမာဏ အမေရိကန်ဒေါ်လာ ၄.၁၄ ဘီလီယံရှိပါကြောင်း၊ ပေးဆပ်ရန်ကျန် ငွေပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ (၁၁ ဒသမ ၄၂ ဘီလီယံ ကျော်)ရှိပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိက ချေးငွေများကို နှစ်စဉ် အတိုးအရင်းဒေါ်လာ သန်း ၇၀၀ ခန့်ပေးဆပ်နေရပါကြောင်း၊ ထို့ကြောင့် အစိုးရ တာဝန် ယူခဲ့သည့် ၁ နှစ်တာကာလအတွင်း ပို့ကုန်များတင်ပို့နိုင်ရေးနှင့် မလိုအပ်သည့် သွင်းကုန် များကို လျော့ချနိုင်ရေး စီမံဆောင်ရွက်ခဲ့ရပါကြောင်း၊ ပြီးခဲ့သည့်အစိုးရနှစ်ဆက်တွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇၁ ဘီလီယံ ရှိခဲ့ပါကြောင်း၊ အဓိက အားဖြင့် ပြည်တွင်းတွင် ထုတ်လုပ်၍ရနိုင်သည့် ပစ္စည်း များကို ထုတ်လုပ်နိုင်ရန်အတွက် အားမပေးဘဲ ပြည်ပကသာ မှာယူတင်သွင်းမှုများ ကြောင့်ဖြစ်ကြောင်းတွေ့ရှိရပါကြောင်း၊ ကုန်သွယ်မှု အခြေအနေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ လက်ရှိအချိန်ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၃၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇၅ ဘီလီယံရှိပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိပါကြောင်း။

ပြည်တွင်း/ပြည်ပ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘဏ်လုပ်ငန်းများ ယုံကြည် မှုကျဆင်းခဲ့ရပြီး ပုံမှန်မလည်ပတ်နိုင်သည့်အတွက် အစိုးရအနေဖြင့် ကျောထောက် နောက်ခံရပ်တည်ပေး၍ တည့်မတ်ပေးခဲ့ရာလက်ရှိတွင် လုပ်ငန်းများအားလုံး ပုံမှန် လည်ပတ်နိုင်ပြီဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းတွေဖြေလျော့မှု အစီအစဉ်အနေဖြင့် အတိုးနှုန်းလျော့ချရေးနှင့် ပတ်သက်ပြီး အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းပေးခြင်း၊ အခွန်နှင့်ပတ်သက်သည့် ပေးသင့်ပေးထိုက်သည့် အခွန်များပေးဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကို အတတ်နိုင်ဆုံးကုစားနိုင်ရန်အတွက် တောင်သူလယ်သမား များနှင့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်များကို စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ် ၂,၃၃၅.၄၉ ဘီလီယံအား အရင်းအနှီး ပံ့ပိုးထုတ်ပေးထားပါကြောင်း။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ခွင့်ပြုချက်နှင့် စနစ် တကျ စိစစ်သုံးစွဲလျက်ရှိသည့် ရန်ပုံငွေလက်ကျန် ၄၉၁ ဒသမ ၁၈ ဘီလီယံမှ ကျန် ဘီလီယံ ၄၀၀ ကို သီးသန့်ရန်ပုံငွေ ထူထောင်ကာ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက် ပေးသွားရန် စီစဉ်ထားသည်ကို တင်ပြအပ်ပါကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေနှင့် နိုင်ငံရေးအခြေအနေများအရ ဖြစ်ပေါ် လာသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံ ၂၉၁ ခုနှင့် အလုပ်သမား ၁၀၄,၇၉၈ ဦး ရပ်နားထားရပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၈ ရက် ကာလအတွင်း အသစ်ဖွင့်လှစ်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၁၁၄ ရုံနှင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံ ၁၀၀ ရုံ၊ စုစုပေါင်း ၂၁၄ ရုံရှိခဲ့ပြီး အလုပ်သမားအင်အား ၅၄,၈၁၉ ဦး အလုပ်အကိုင် ပြန်လည်ရရှိခဲ့ပါကြောင်း၊ ပုဂ္ဂလိကကုန်ထုတ်လုပ်ငန်းများ မူလအတိုင်း လုပ်ငန်းများပြန်လည် လည်ပတ်ရန်နှင့် အလုပ်သမားများ ရာနှုန်းပြည့် လုပ်ငန်းခွင်တွင် ဝင်ရောက်အလုပ်လုပ်ကိုင်နိုင် ရန်အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

ကိုဗစ်-၁၉ ရောဂါ၊ နိုင်ငံရေးအခြေအနေနှင့် လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်း ကြောင့် အများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ရပ်တန့်လုနီးပါးဖြစ်ခဲ့ရပြီး ကုန် ဈေးနှုန်း ကြီးမြင့်စေမှုသို့ ဦးတည်စေခဲ့ပါကြောင်း၊ အစိုးရမှ Public Transportation များကို ပြည်သူလူထုပိုမိုအမှီသဟဲ ပြုနိုင်ရန်ကြိုးပမ်းနေပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာခြင်းနှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်စပြုလာခြင်း တို့ကြောင့် Public Transportation လုပ်ငန်းများ ယခင်တစ်နှစ်တာကာလထက် လက်ရှိ ၆ လတာလတွင် ပိုမိုလည်ပတ်မှုရှိလာပါကြောင်း။

ပြည်တွင်းလေကြောင်းလိုင်းများပြေးဆွဲခြင်းကို ကိုဗစ် – ၁၉ ရောဂါ ဖြစ်ပွားမှု များပြားသော မြို့များကို ကန့်သတ်ထားခြင်းနှင့် ပြည်ပလေကြောင်းလိုင်းများ ပုံမှန် ပြေးဆွဲမှု ရပ်ဆိုင်းထားရာမှ ဧပြီ ၁၇ ရက်ကစပြီး ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ယခုအခါ ပြည်ပလေကြောင်းလိုင်း ၁၆ လိုင်း ပြေးဆွဲနေပြီး ဇူလိုင်လ ၂၉ ရက်အထိ မြန်မာနိုင်ငံ သား အထွက် ၁၁၆,၇၅၈ ဦး၊ အဝင် ၇၈,၆၁၄ ဦး၊ ပြည်ပနိုင်ငံသား အဝင် ၁၉,၉၆၃ ဦး၊ အထွက် ၁၈,၉၇၀ ဦး ရှိသည်ကို တွေ့ရှိရပါကြောင်း။

မိမိတို့နိုင်ငံ လူဦးရေတိုးတက်လာသည်နှင့်အမျှ စားရေးနှင့်ဝတ်ရေးသည် ပိုမိုလိုအပ်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ် ၉၇ ပြည်ခန့် စားသုံးမှုရှိသည့်အတွက် လက်ရှိစပါးစိုက်ပျိုးမှုနှင့် လုံလောက်မှုရှိပါကြောင်း၊ အထွက်နှုန်းတိုးတက်အောင် စီမံဆောင်ရွက်ပြီး စိုက်ပျိုး မည်ဆိုပါက တိုင်းပြည်၏ဝင်ငွေ များစွာရရှိမည် ဖြစ်ပါကြောင်း၊ စားသုံးဆီအနေဖြင့် လိုအပ်သည့် ပြည်တွင်းဖူလုံမှု မလောက်ငှသည့်အတွက် ပြည်ပမှ ပြည်ပငွေနှင့် များစွာတင်သွင်းနေရပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံစေရန် အတွက် နေရာဒေသမရွေး ၁ ဧက ဆီထွက်နှုန်း ပိဿာ ၁၄၀ ခန့် ရရှိစိုက်ပျိုးနိုင်သည့် နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံး နေကြာသီးနှံ စိုက်ဧက ၁ ဒသမ ၅ သန်းကျော် စိုက်ပျိုး ထုတ်လုပ်ရန်အတွက် စီမံလျာထားလျက်ရှိပြီး နေကြာစိုက် တောင်သူများကို စိုက်ပျိုး စရိတ်ချေးငွေ ကျပ် ၁၀၀ ဒသမ ၂၄၈ ဘီလီယံ ထုတ်ချေးခွင့်ပြုပြီး ဆောင်ရွက်စေ လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်နေခြင်းသည် မိမိတို့အစိုးရအနေဖြင့် ကျေးလက် နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ထိရောက်တဲ့နည်းလမ်းများ ကိုအသုံးပြုပြီး မြို့ပြနှင့်ကျေးလက်ဒေသကြား ကွာဟချက်ကျဉ်းမြောင်းစေရန်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခြင်းဖြစ်သည်ကို တင်ပြလိုပါကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်မှာ စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ ဒသမ ၃၀၆ သန်းကို စိုက်ပျိုးနိုင်ခဲ့ကာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် စုစုပေါင်းစပါးစိုက်ပျိုးဧက ၁၇ သန်းခန့် စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ မိုးစပါးစိုက် ဧက ၁၄ ဒသမ ၉၂၆ သန်းနှင့် နွေစပါးစိုက်ဧက ၂ ဒသမ ၂၇၆ သန်းဖြစ်ပါကြောင်း၊ တိုင်းပြည်၏အဓိကသီးနှံဖြစ်သည့် စပါး ၁ ဧက ထွက်နှုန်းကောင်းမွန်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ လာမည့်စိုက်ပျိုးရာသီတွင် နွေစပါး၊ ပဲ၊ ပြောင်း၊ ဆီထွက်သီးနှံများကို  Contract Farming စနစ်ဖြင့် တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနိုင်ရေးအတွက် ၄၀၀ ဘီလီယံ ကျပ် မြှုပ်နှံ စီမံဆောင်ရွက် လျက်ရှိကြောင်း တင်ပြလိုပါကြောင်း။

လုပ်ငန်းစဉ်(၄) တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည် ဆိုသည့်အချက်အား ဆောင် ရွက် နေမှုအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်အတွင်း ငြိမ်းချမ်း သာယာမှုရှိရေးသည်အရေးကြီးပါကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် စတင်ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၂၀၂၂ ခုနှစ်ကုန် အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအား ထုတ်ပြန်ခဲ့သည့်အတွက် ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်မှုပေါင်း ၂၁ ကြိမ် ထုတ်ပြန်ခဲ့သည်ကို တင်ပြလိုပါကြောင်း။

အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ နှင့် ညှိနှိုင်းရေးကော်မတီတို့အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ၁၈ လတာ ကာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် EAO အဖွဲ့များ တွေ့ဆုံမှု ၉ ကြိမ်၊ ညှိနှိုင်းရေးကော်မတီဖြင့်တွေ့ဆုံမှု EAO အဖွဲ့များ၊  နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်း ရေးကို လိုလားသည့်အခြားအဖွဲ့အစည်းများ စသည်ဖြင့် စုစုပေါင်း ၇၅ ကြိမ် တွေ့ဆုံ၍ ငြိမ်းချမ်း ရေး၊ တိုင်းပြည်နှင့် ဒေသကောင်းကျိုးအတွက် ဆွေးနွေးနိုင်ခဲ့ (Bold နှင့် Box ထုတ်ရန် ဖြစ်ပါသည်) ပါကြောင်း။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားရှိခဲ့သည်နှင့်အညီ ငြိမ်းချမ်း ရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သည့်အတွက် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးနိုင်ရန်အတွက် မိမိအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ကမ်းလှမ်း ဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ ၃ ဖွဲ့၊ စုစုပေါင်း ၁၀ ဖွဲ့တို့မှ တွေ့ဆုံဆွေးနွေးနိုင်ရန် အကြောင်း ပြန်ကြားခဲ့ရာ အဖွဲ့ ၉ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ပြီး ကျန်ရှိသည့်အဖွဲ့ ၁ ဖွဲ့ကို ဩဂုတ်လ လဆန်းပိုင်းတွင် တွေ့ဆုံသွားရန်ရှိသကဲ့သို့ ဆွေးနွေးပြီးအဖွဲ့များနှင့်လည်း ဒုတိယအကြိမ် အမြန်ဆုံးထပ်မံတွေ့ဆုံဆွေးနွေးမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ် သည်ကို တင်ပြလိုပါကြောင်း။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူလူထုဆန္ဒနှင့်ကိုက်ညီသည့် ပါတီစုံဒီမို ကရေစီကျင့်သုံးဆောင်ရွက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်သင့်တာနှင့်ဖြစ်ချင်သည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့သည့်အပြင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)ပါသဘောတူညီချက်များနှင့် ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း(၃)ပါ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့် ဇယား(၂)ပါဆွေးနွေးရန်အချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း။

ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးနိုင်ရေး ကမ်းလှမ်းဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး ပထမအကြိမ်ဖိတ်ခေါ်မှုမှာ တက်ရောက်လာခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တက်ရောက်ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ်၊ ဇွန် ၁၄ ရက်တွင် ထပ်မံဖိတ်ခေါ်ခဲ့ပါကြောင်း၊ EAO များ (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ)ကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်မှာဖြစ်မည်ဖြစ်ပါ ကြောင်း။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၃ ရက်အတွင်း နိုင်ငံတွင်းကို နည်းမျိုးစုံနှင့် သွင်းယူခဲ့သည့် လက်နက်များနှင့် အကြမ်းဖက်သူများ၏ ထိတွေ့ ပစ်ခတ်မှုများမှ ဖမ်းဆီးရမိခဲ့သည့် လက်နက်မျိုးစုံ ၆,၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်၊ လက်ပစ်ဗုံး/မိုင်း မျိုးစုံ ၁၁,၇၁၅ လုံးရှိပါကြောင်း၊ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များတွင် နောက်ကွယ်မှ လူအင်အားနှင့် လက်နက်၊ ခဲယမ်း အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့မှုရှိသည့် KIA၊ KNU နှင့် KNPP စသည့်နယ်မြေများတွင်သာ ဖြစ်စဉ်အများဆုံး ဖြစ်ပေါ်နေသည်ကိုတွေ့ရပါကြောင်း၊ ဖမ်းဆီးရမိသည့် လက်နက်များကို စစ်ဆေးကြည့်ပါက KIA ထုတ်လက်နက်များနှင့် KNU နယ်မြေ ထိုင်း-မြန်မာ နယ်စပ်ကလာသည့် လက်နက်တွေပင် ဖြစ်သည်ကို တွေ့ ရှိရပါကြောင်း၊ ထို့ကြောင့် တရားမဝင်ထုတ်လုပ် တင်သွင်းသည့် လက်နက်များမရှိစေ ရန်အတွက် အချိန်ယူဆောင်ရွက်ရန် လိုအပ်သည်ကို တင်ပြလိုပါကြောင်း။

မိမိတို့အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်မှုအပေါ် တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲ့အစည်းများဖွဲ့စည်းကာ နိုင်ငံ အတွင်း လုံခြုံမှု၊ တည်ငြိမ်အေးချမ်းမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့ သည်များရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်အထိ ၁၈ လတာ ကာလအတွင်း တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံးပစ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှို့ခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရဟန်း/ သံဃာ/ သီလရှင်များ၊ ကလေးသူငယ် အပါအဝင် အပြစ်မဲ့ အရပ်သား ၃,၄၈၃ ဦး သေဆုံးခဲ့ပြီး ၃,၀၆၅ ဦးဒဏ်ရာ ရရှိ၍ ၄၁ ဦးပျောက်ဆုံးမှု ရှိခဲ့ပါ ကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂,၁၉၄ ကြိမ်၊ မကွေးတိုင်းဒေသကြီးတွင် ၁,၃၉၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စသည်တို့မှာ အများဆုံးဖြစ်ပွား ခဲ့သည့်အတွက် အဆိုပါ ဒေသများအတွင်း မူလအခြေအနေများအတိုင်း လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုရှိအောင် ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည်ကို တင်ပြ လိုပါကြောင်း။

တစ်မျိုးသားလုံးလူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ် နှိမ်နင်း ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် တစ်နှစ်တာကာလ တွင် မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း စုစုပေါင်းမြန်မာငွေကျပ် ၉၇၀,၂၈၈.၉၇၁၄ သန်း(USD ၅၂၄.၄၈ သန်း)ကျော်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှမေလအထိ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း မြန်မာငွေကျပ် ၅၇၆,၄၁၆.၆၆၅၁ သန်း(USD ၃၁၁.၅၈ သန်း) ကျော်ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ငါးလအတွင်း ဖမ်းဆီးရမိ သည့် တန်ဖိုးသည် ၂၀၂၁ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့်တန်ဖိုးထက် ထက်ဝက်ကျော် ရှိသည့်အတွက် မိမိတို့ အစိုးရလက်ထက်တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊  အဆိုပါ မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ် အတွင်းမှ အဓိကလာခြင်းဖြစ်သည်ကို မိမိတို့ ဖော်ထုတ်ရရှိထားပြီးဖြစ်သည့်အတွက် မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ယူ၊ ရောင်းချ မှုများ လုံးဝမရှိသည်အထိ ရှာဖွေ၊ ဖော်ထုတ် နှိမ်နင်းနိုင်ရန် လိုအပ်မည်ဖြစ်သည်ကို တင်ပြလိုပါကြောင်း။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းစဉ်(၅) အရေးပေါ် ကာလ ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဟူသည့် အချက်အား ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ပြောကြားရာတွင် “ကျွန်တော်တို့အစိုးရ အနေနဲ့ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေး အစဉ်တစိုက် ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိပါတယ်။ လုပ်ငန်းစဉ်(၁)ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ရန်ကျန်သည်များကို ပြည့်ပြည့်စုံစုံ တင်ပြပြီး ဖြစ်ပါတယ်။

စစ်မှန်စစ်ကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့ အခြေခံဟာ “လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ”ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကမှတစ်ဆင့် ရရှိလာတဲ့ရလဒ်တွေအရ လွတ်တော်အသီးသီးနဲ့ အစိုးရအဖွဲ့ တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး နိုင်ငံတော်ယန္တရားကို လည်ပတ်ကြရပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ၊ ဒေသတွေနဲ့ နိုင်ငံအနှံ့လူထုလူတန်းစားအလွှာ အသီးသီးကို ကိုယ်စားပြုတဲ့သူတွေ ဝင်ရောက်အရွေးချယ်ခံနိုင်ဖို့နဲ့ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ဖို့လိုအပ်(Box ထုတ်ရန်) ကြောင်း တင်ပြလို ပါ တယ်။

ကျွန်တော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးတဲ့ကာလကစပြီး အထွေထွေရွေးကောက်ပွဲ(၃)ကြိမ် ကျင်းပခဲ့ပါတယ်။ နိုင်ငံမှာ မြို့နယ် ၃၃၀ မြို့နယ်ရှိပြီး ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပ နိုင်ခဲ့ပါတယ်။ တစ်ကြိမ်ထက် တစ်ကြိမ် ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ်အရေအတွက် နည်းပါး လာတာကိုတွေ့ရပါမယ်။ ဒီမိုကရေစီစနစ်နဲ့ရွေးချယ်ခံရပြီး ဒီမိုကရေစီ စနစ်ကိုဖော်ဆောင်မယ်ဆိုတဲ့ အစိုးရတွေလက်ထက်မှာမှ ရွေးကောက်ပွဲ မကျင်းပဖြစ်လို့ ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးရတဲ့ တိုင်းရင်းသားဒေသတွေ များပြားလာတာကို သတိပြု ဖွယ်တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် ရမည့် ကိစ္စရပ်များရှိနေသေးကြောင်း တင်ပြလိုပါတယ်။

ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေမှာ တည်ငြိမ်အေးချမ်းမှု မရှိလို့လို့ အကြောင်းပြချက်များရှိပါတယ်။ တည်ငြိမ်အေးချမ်းမှုမရှိခြင်းနဲ့ အဓိကအကြောင်းအရာ ကတော့ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခြင်းကြောင့်ဖြစ်ပါ တယ်။ ဒီကိစ္စတွေကိုဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားဒေသတွေကို အခွင့်အရေးပိုမိုဆောင်ရွက်နိုင်ဖို့လိုတယ်ဆိုတာကို ကျွန်တော် တို့ အစိုးရ အနေနဲ့တွေ့ရှိရပါတယ်။ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားဒေသတွေနဲ့ လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုတဲ့ကိုယ်စားလှယ်များ တရားဝင်နိုင်ငံရေး စင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကိုရောက်ရှိလာဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လက်ရှိရှိနေတဲ့နိုင်ငံရေးပါတီ ၉၂ ပါတီကို အမျိုးအစား ခွဲခြားကြည့်တဲ့အခါမှာ (၁) နိုင်ငံရေးအယူဝါဒ၊ အယူအဆကို ကိုယ်စား ပြုတဲ့ပါတီ ၄၃ ပါတီ၊ (၂) ဒေသကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီ ၃၀ ပါတီနဲ့ (၃) တိုင်းရင်းသား လူမျိုးစုများကို ကိုယ်စားပြုတဲ့ပါတီ ၁၉ ပါတီဆိုပြီး သုံးမျိုး၊ သုံးစားခွဲခြားတွေ့ရှိ ရပါတယ်။ အားလုံးဟာ ကိုယ်အစုအဖွဲ့နဲ့ကိုယ် ထောက်ခံမှုများ၊ ကိုယ်စားပြုမှုများရှိကြ ပါတယ်။ ဒီကိုယ်စားပြုမှုများကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ဆောင်လုပ်ဆောင်နိုင်ရေး လက်ရှိအသုံးပြုနေတဲ့ နိုင်သူအကုန်ယူ(First Past The Post-FPTP) ရွေးကောက်ပွဲစနစ် ဟာ ပြည့်ပြည့်စုံစုံ လုံလောက်မှုမရှိတဲ့အတွက် အချိုးကျကိုယ်စားပြုစနစ် (Proportional Representation-PR) ကိုပါထည့်သွင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိ (Bold တင်ရန်ဖြစ်) ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းတွေဟာ ကြိုတင်ပြင်ဆင်မှု၊ စီမံဆောင်ရွက်မှုတွေ ဆက်လက် ပြုလုပ်ရဦးမှာဖြစ်ပါတယ်။ နိုင်ငံရေး ပါတီများကိုလည်း ရွေးကောက်ပွဲစနစ်နဲ့ဆီလျော်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။ ပြည်သူလူထုကိုလည်း ရွေးကောက်ပွဲ စနစ်နဲ့ပတ်သက်ပြီး ပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန်လိုအပ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့အတွက် ပြင်ဆင်ချိန်၊ လုပ်ဆောင်ချိန်တွေ လိုအပ်ကြောင်း တင်ပြ အပ်ပါတယ်။” (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု video file ကို ပြသမည်ဖြစ်ပါသည်။)

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှန်၍ စည်းကမ်း ပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာအောင်  ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ပြောကြားရာတွင် “ယနေ့ တပ်မတော်က နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင် နေရ ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥဒေနဲ့အညီ ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ ယခင်အစိုးရ တာဝန် ရှိသူတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေနဲ့ ရွေးကောက်ပွဲမှာ တာဝန်ရှိသူ အသီးသီးတို့က အခြေခံဥဒေနဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ခဲ့တဲ့အတွက် ဒီလိုဖြစ် ခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တည်ထောင်စဒီမိုကရေစီစနစ် ညှိုးနွမ်းခဲ့ရပါ တယ်။ ဒီလိုကိစ္စတွေ ထပ်မဖြစ်ဖို့လိုပါတယ်။ ဒီမိုကရေစီအနိုင်ကျင့်မှု၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ထူထောင်မှု၊ အဖွဲ့အစည်း(Institution)ထက် ပုဂ္ဂိုလ်ရေးဩဇာ ထူထောင်မှု တွေ ထပ်မံမပေါ်ပေါက်အောင် ဆောင်ရွက်(Bold နှင့် Box ထည့်ပါမည်) ရပါမယ်။ ရွေးကောက်ပွဲတွေမှာ ကြီးမာတဲ့ မဲမသမာမှုတွေမဖြစ်အောင် ဆောင်ရွက်ရ ပါမယ်။ ဒီအတွက်ခုအချိန်မှာ အခြေခံအုတ်မြစ်တွေ တည်ဆောက်ဖို့လိုပါမယ်။ အခြေခံရမယ့်အချက်တွေခိုင်မာဖို့ လိုပါမယ်။ ဒါတွေကိုဆောင်ရွက်နိုင်ဖို့ ပြည်သူလူထုနဲ့ ပြည်ထောင်စုနိုင်ငံရဲ့ အနာဂတ် ကောင်းကျိုးကိုရည်မှန်းပြီး ကျွန်တော်တို့အစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ “စစ်မှန်၍ စည်းကမ်းပြည့်ဝ သော ပါတီစုံဒီမိုကရေစီစနစ်” ကို ခိုင်မာအောင် ဆက်လက်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီနှင်ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ခိုင်ခိုင်မာမာအာမခံပြီးဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေခံမူများဖြစ်တဲ့ ပုဒ်မ ၆၊ ၇၊ ၈ မှာပါဝင်တဲ့ ဒို့တာဝန်အရေးသုံးပါး၊ ပါတီစုံ ဒီမိုကရေစီ စနစ်၊ ပြည်ထောင်စုစနစ်တို့ကို ကာကွယ်စောင့်ရှောက်ဖို့ ပုဒ်မ ၂၀(စ) အရ တပ်မတော်မှာ အဓိကတာဝန်ရှိပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထု အကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian)အဖြစ် ဒီတာဝန်တွေကို ထမ်းဆောင် သွားမှာဖြစ်(Bold နှင့် Box  ထုတ်ပါမည်) ပါတယ်။ (နိုင်ငံတော်စီ မံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားမှု video file ကို ပြသမည် ဖြစ်ပါသည်။)

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တာဝန်များကို အောင်မြင်ပြီးမြောက်သည်အထိ ထမ်းဆောင်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအား နောက်ထပ် ၆ လသက်တမ်းတိုး တာဝန်ထမ်းဆောင်ခွင့် ပြုနိုင်ပါရန် တင်ပြသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ  အချိန်ကာလတိုးမြှင့်ပေးရန် ကိစ္စနှင့် စပ်လျဉ်း၍ အမျိုးသားကာကွွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များအား ဆွေးနွေးကြရန် တစ်ဦးချင်းဖိတ်ခေါ်သည်။ အဖွဲ့ဝင်များက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတော်၏ နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ရန် တင်ပြမှုကို တညီတညွတ်တည်း ထောက်ခံကြောင်း ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် မိမိဆွေးနွေးတင်ပြခဲ့မှုများသည် ပကတိအခြေ အနေများအတိုင်း တင်ပြခဲ့ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးဆုံးချိန်ကတည်းက မဲစာရင်းကွဲလွဲမှုများဖြစ်ပေါ်ခဲ့သဖြင့် မိမိတို့အနေဖြင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း ယခင်အစိုးရအနေဖြင့် မျက်ကွယ်ပြုခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်ပြီး တည်ဆဲဥပဒေများအတိုင်းလိုက်နာ လုပ်ဆောင်လျက်ရှိပါ ကြောင်း။

တပ်မတော်သည်ပြည်ပရန် ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ပြည်တွင်း လုံခြုံရေးအတွက် မဟုတ်ပါကြောင်း၊ သို့သော်နိုင်ငံ၏အခြေအနေအရ လိုအပ် လာပါက အစိုးရမှ တာဝန်ပေးအပ်လာချိန်တွင်သာ ပြည်တွင်းလုံခြုံရေးအတွက် တာဝန် ထမ်းဆောင်ရ ခြင်းဖြစ်ပါကြောင်း၊ ဖဆပလ အစိုးရခေတ်ကတည်းကပင် ကာကွယ်ရေး နှင့် ပြည်တွင်းလုံခြုံရေးကို တာဝန်ပေးချက်အရပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

အာဆီယံဘုံသဘောတူညီချက်(၅)ရပ်ကို ၂၀၂၁ ခုနှစ်ကတည်းက အကောင် အထည်ဖေါ်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားခဲ့မှုများ ကြောင့် လုပ်ဆောင်ရန်ခက်ခဲ ခဲ့ပါကြောင်း၊ အာဆီယံသဘောတူညီချက်များကို အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင် ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိရန်နှင့် စီးပွားရေးအရ တည်ငြိမ်အေးချမ်း မှုရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို လျှောက်လှမ်းနေခြင်းဖြစ်သဖြင့် ရွေးကောက်ပွဲပြန်လည် ကျင်းပချိန်၌ တိုင်းရင်းသားများ၏ အခွင့်အရေးများအပြည့်အဝရရှိ၍ လွှတ်တော်၌ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေး ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါ ကြောင်းဖြင့်ပြောကြားသည်။

ထို့နောက် ယာယီသမ္မတဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁၈ လတာ ကာလအတွင်း နိုင်ငံတော်တာဝန်များကို အစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေများ၊ ရှေ့ ဆက်လက်လုပ်ဆောင်သွားရမည့် အခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပြည့်ပြည့်စုံစုံရှင်းလင်းဆွေးနွေးသွားသည်ကို တွေ့ရကြောင်း၊ ပြည်တွင်း၊ ပြည်ပ တားဆီးနှောင့်ယှက်မှုများ၊ အခက်အခဲများကြားမှ ကြံ့ကြံ့ခံပြီး နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားဖြစ်သည့် “ဒို့တာဝန်အရေး ၃ ပါး”  ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်ကို အသိအမှတ်ပြုကြောင်း၊ မိမိတို့နိုင်ငံတွင် အခက်အခဲအကြပ်အတည်းများ၊ ကြီးမားသည့် အငြင်းပွားမှုများ ပေါ်လာသည့်အချိန်တိုင်း ရှေ့မှထွက်၍ ကာကွယ်ရပ်တည်ပေးခဲ့ခြင်း သည် တပ်မတော်ဟူသည့် ခိုင်မာစနစ်ကျသည့်အဖွဲ့အစည်း(Institution)ပင်ဖြစ်ကြောင်း၊ ယခင်အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ခဲ့ ကြောင်း၊ တပ်မတော်အနေဖြင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ဖြေရှင်းပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းရန် အကြိမ်ကြိမ်တိုက်တွန်း ကြိုးပမ်းခဲ့ကြောင်း၊ ဒီမိုကရေစီအမည်ခံ အစိုးရနှင့် တာဝန်ရှိသူများသည် ယင်းစေ့စပ်ဆွေးနွေးညှိနှိုင်း အဖြေ ရှာရေးလမ်းကြောင်းကို လစ်လျူရှုပြီး ထင်ရာစိုင်းခဲ့ကြသောကြောင့် နောက်ဆက်တွဲ အခြေအနေများ ဖြစ်လာရခြင်းဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် “အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ် စောင့်ရှောက်ရန်၊ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန်” အဓိက တာဝန်ရှိ ကြောင်း၊ ယင်းတို့သည် ဖန်တီးထားသည့် တာဝန်များ မဟုတ်ဘဲ သမိုင်းကပေးလာသည့် သမိုင်းပေးတာဝန်များသာဖြစ်ကြောင်း။

ယနေ့ မိမိတို့နိုင်ငံတွင် နိုင်ငံရေးအရ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာပြီး တပ်မတော်က အခြေခံဥပဒေနှင့်အညီဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရက နိုင်ငံ့တာဝန်များကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉)ရပ်၊ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ခု၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ခု တို့နှင့်အညီ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ ထို့အပြင် မြန်မာပြည်သူလူထု၏ ပြင်းပြသည့် ဆန္ဒဖြစ်သော “စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်” ကို မယိမ်းယိုင် အောင် ကာကွယ်ပေးနေသည်ကိုလည်း တွေ့ရကြောင်း၊ “ပြည်သူ့ဒီမိုကရေစီစနစ်”နှင့် “အမျိုးသားဒီမိုကရေစီစနစ်”ကို ဘက်ညီမျှတအောင် ဆောင်ရွက်ပေးနေသည်ကို တွေ့ရ ကြောင်း၊ အနာဂါတ်ပြည်ထောင်စု နိုင်ငံတော်ကြီးခိုင်မာစေရေး “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” အုတ်မြစ်ကို တည်ဆောက်နေသည် ကိုလည်း တွေ့ရကြောင်း။

“ယုံကြည်မှုဟာ ရဲစွမ်းသတ္တိ” (Belief is Courage) ဟု ကြားသိဖူးကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တပ်မတော်အနေဖြင့် ယင်းသမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတော်၏လက်ရှိ အခြေအနေ များနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းများအရ မိမိတို့ နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် “စစ်မှန်၍စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်” ကို ခိုင်မာစေရေး၊ “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု” တည်ဆောက်ရေးတို့ကို အခြေခံမှတဆင့် ဒီမိုကရေစီနည်းကျကျ ဖော်ဆောင်ပေးမည့် “လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ဖြစ်မြောက် စေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကို နိုင်ငံရေးအရ နိုင်ငံ တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား (၆)လ သက်တမ်း ထပ်မံတိုးမြှင့်ပေးဖို့ မိမိအပါအဝင် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက တညီတညွတ်တည်း ထောက်ခံကြောင်း။

ထို့ကြောင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)၏ လုပ်ပိုင်ခွင့်များအရလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံ တော်၏ နိုင်ငံရေးအရ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလကို  ၁-၈-၂၀၂၂ ရက်မှစ၍ နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ထပ်မံအပ်နှံ ကြောင်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ် ကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ(တပ်မတော်) အနေဖြင့် နိုင်ငံတော်နှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်သူ(Guardian) အဖြစ် သမိုင်း ပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပေးရန်၊ တာဝန်ထမ်းဆောင်စဉ်ကာလတွင် နိုင်ငံ အဝှမ်း တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးတို့အတွက် လုပ်သင့်လုပ်ထိုက်သည်များ အခြေခံသင့်၊ အခြေခံထိုက်သည် များကို ကြိုးပမ်းဆောင်ရွက် သွားကြရန မှာကြားလိုကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၂/၂၀၂၂)ကို ရုပ်သိမ်းလိုက်ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။