နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြား 

နေပြည်တော် ဖေဖေါ်ဝါရီ – ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang   နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညား အောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခု အခါသမယသည် မင်္ဂလာရှိသည့်ကာလတစ်ခုဖြစ်ပြီး စိန်ရတုပြည်ထောင်စုနေ့အခမ်း အနားကိုသိုက်သိုက်ဝန်းဝန်းဖြင့် ကြီးကျယ်ခန်းနားစွာကျင်းပ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အခမ်းအနားသို့ ဧည့်ပရိတ်သတ်များမပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်း စုစုပေါင်း ၁၀၄၀၀ ကျော်က အခမ်းအနား တက်ရောက်ခဲ့ကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း အခက်အခဲများကြားမှပင် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဒေသအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက် မှုများကို ထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးချုပ်များကို ကျေးဇူးတင်ရှိ ပါကြောင်း၊ အလားတူ ဝန်ကြီးဌာနများအနေဖြင့်လည်း အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ အခမ်းအနားတွင်ဝန်ကြီးဌာန များအလိုက် နိုင်ငံ့ဝန်ထမ်းများအားလုံး တက်ကြွပျော်ရွှင်စွာ စည်းစည်းလုံးလုံးဖြင့် အပင်ပန်းခံ၍ အလေးထားဆောင်ရွက်ခဲ့ကြသည်ကိုတွေ့ရှိရကြောင်း၊ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကြီးကိုအားလုံးမှ ညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင်မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ချိန်နည်းပါးခဲ့သော်လည်း အားလုံး၏ ညီညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်မှုများကြောင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ညီညွတ်သည့်စုပေါင်းစွမ်းအားဖြင့်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပြီး ညီညွတ်စွာဖြင့် စုပေါင်းတိုင်ပင် လုပ်ဆောင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။

မိမိတို့အစိုးရ၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပထမအချက်အနေဖြင့် တိုင်းပြည် သာယာဝပြောမှု ရှိရန်၊ စားရေရိက္ခာပေါများရန်ဖြစ်ကြောင်း၊ အူမတောင့်မှသီလ စောင့်နိုင်မည်ဆိုသည့်အတိုင်း စားသောက်ရေးအဆင်ပြေမှသာ ကျန်းမာပြီး အလုပ် လုပ်နိုင်မည်ဖြစ်သဖြင့် နိုင်ငံ၏လုပ်ငန်းစဉ်အဖြစ် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ် ကြောင်း၊ဒုတိယအချက်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ် ကို တည်ဆောက်ရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် နိုင်ငံ၏ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှု ရှိလာသည့်အချိန်တွင် နိုင်ငံ၏ လုံခြုံရေးကို အပြည့်အဝအကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည် ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသား အားလုံးပါဝင်သည့် စုစည်းညီညွတ် သည့်ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊အဆိုပါ မျှော်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ကို မိမိအနေဖြင့် အပြည့်အဝယုံကြည်ကြောင်း၊ တစ်ပါးသူများကို လိုအပ်သည်ထက်ပိုမို အားကိုးနေခြင်းထက် မိမိကိုယ်ကို ရပ်တည်ပြီးကြိုးစားဆောင်ရွက်မှသာ နိုင်ငံ တိုးတက်မည်ဖြစ်သဖြင့် ပြည်တွင်း၏ အားဖြင့်သာ နိုင်ငံတိုးတက်အောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းမွန်ပြီး လူဦးရေ ၅၅ သန်းကျော် နေထိုင်၍ အသက် ၁၈ နှစ်အထက်လူဦးရေ ၃၇ သန်းကျော် ခန့်ရှိသဖြင့် လူသား အရင်းအမြစ် များပေါများကြောင်း၊ အလားတူ မြေပေါ်မြေအောက်သယံဇာတများ များစွာရှိပြီး စက်မှုလုပ်ငန်းနှင့်ဆက်စပ်နေသည့် တွင်းထွက်ပစ္စည်းများနေရာအနှံ့တွင် ရှိကြောင်း၊ စိုက်ပျိုးမြေများလည်းများစွာရှိသကဲ့သို့ သဘာဝမှပေးထားသည့် အဖိုးတန် မြေပေါ်သယံဇာတများလည်းရှိကြောင်း၊ အဆိုပါမြေပေါ်မြေအောက်သယံဇာတများ နှင့် လူသားအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချမည် ဆိုပါက နိုင်ငံဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ရာသီဥတုပြင်းထန်ခြင်း၊ စိုက်ပျိုးမြေရှားပါးခြင်းစသည့် အခက်အခဲများရှိပြီး သစ်တော နှင့်သယံဇာတ ထွက်ရှိမှုမှာလည်း နည်းပါးကြောင်း၊ အလားတူ ကယားပြည်နယ် သည်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး နေထိုင်သည့် လူဦးရေနည်းပါးကြောင်း၊ သယံဇာတအနည်းငယ်ထွက်ရှိသော်လည်း အခြားပြည်နယ်များနှင့်နှိုင်းယှဉ်ပါက ခက်ခဲမှုများရှိနေဆဲဖြစ်ပါကြောင်း၊ ကရင်ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေး စသည့် နယ်ပယ်များတွင် ခက်ခဲမှုများရှိနေပါကြောင်း၊ ထိုသို့အခက်အခဲ များရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊  မိမိတို့ အစိုးရအနေဖြင့်လည်း ပြည်နယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များသည် ရေခံမြေခံ ကောင်းမွန်သဖြင့် ဒေသအလိုက် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာ တွင်  လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက် ပေးသွားမည် ဖြစ် ကြောင်း။

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရန်လို အပ်ပြီး အချို့ပြည်နယ်များတွင် ပညာရေးအရအားနည်းသဖြင့် လူ့စွမ်းအားအရင်းအမြစ်များ နည်းပါးသည်ကိုတွေ့ရှိရကြောင်း၊ ပညာရေးအားနည်း ချက်များ ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံမတည်ငြိမ်မှု၊ သွားလာရေးခက်ခဲမှု၊ ဘာသာစကား အခက်အခဲဖြစ်မှု၊ မိဘများအားဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရမှု၊ ပညာသင်ကြားရန် ငွေကြေး မတတ်နိုင်မှုများကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်နယ် များ၏ ပညာရည်မြှင့်တင်ရေးအတွက် လက်တလောကာလတွင် ဦးစားပေး ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း။

၁၉၈၈ ခုနှစ်အရေးအခင်းကာလတွင် စာသင်ကျောင်းများကို ၃ နှစ်ခန့်ပိတ် ထားခဲ့ရသဖြင့် ပညာရေးတွင်နောက်ကျခဲ့ရကြောင်း၊ လတ်တလောကာလတွင်လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် စာသင်ကျောင်းများ ပိတ်ထားခဲ့ရပြီး ယခုအခါ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည် ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းများတွင် စာရင်း သွင်းထားသူ ကျောင်းသား၊ ကျောင်းသူပေါင်း ၉၀ ရာခိုင်နှုန်းနီးပါးခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသော် လည်းမျှော်မှန်းထားသည့် ကျောင်းတက်ရာခိုင်နှုန်းထက် နည်းပါးသည် ကို တွေ့ရှိရကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှု တို့ကြောင့် ပညာသင်ကြားနိုင် မှုမရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပညာသင်ကြား ရေးသည် ပထမဦးစားပေး ဖြစ်ကြောင်း၊ အတန်းပညာရှိမှသာ အတတ်ပညာနှင့် အသိပညာရရှိရန် လွယ်ကူမည်ဖြစ်သဖြင့် ပညာသင်ကြားမှုသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေအရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊  ထို့ကြောင့် တိုင်းဒေကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေး ကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးပညာသင်ကြား နိုင်ရေး ဦးစားပေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာသင်ကျောင်းများ အားလုံးပြန်လည် ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာ သင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါက လည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများသည် လေ့ကျင့်ပေးထားသည့် ဝန်ထမ်းများဖြစ်သဖြင့် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး တိုက်တွန်းဆောင်ရွက် ပေးကြစေလိုကြောင်း၊ ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီး များဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ်ကြောက်တတ်မှုရှိကြောင်း၊ အဆိုပါ အားနည်းချက်ကို အခွင့်ကောင်းယူအသုံးချ၍ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် ဆောင်ရွက်ခြင်းများပြုလုပ်၍ အနိုင်ကျင့်ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ် ဆောင်ရွက်ပေးရန်လိုကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများကို ပညာအရည်အချင်း အလိုက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ လက်ဦး ဆရာများဖြစ်ကြကြောင်း၊ ထို့ကြောင့် အာစရိယ ဂုဏောအနန္တော ဆိုသည့်အတိုင်း အာစရိယဂုဏ်ကိုအသိအမှတ်ပြု၍ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဆရာ၊ ဆရာမများ သည် ဝါသနာ၊ အနစ်နာ၊ စေတနာစသည့် နာသုံးနာဖြင့် ကျောင်းသား၊ ကျောင်းသူများ ကို ပညာတတ်များဖြစ်စေရေး သင်ကြားပေးနေကြခြင်းဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မျှော်မှန်းသက်တမ်းမှာ  အာဆီယံ နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကျန်းမာမှသာ ပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှသာအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သူများ ဖြစ်ကြကြောင်း၊ ၎င်းအပြင်မြေသယံဇာတနှင့်ရေသယံဇာတများ ပေါကြွယ်ဝသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးကောင်းမွန် စေရန် အသိနှင့်ယှဉ်သည့် နေထိုင်စားသောက်မှုများနှင့် လုပ်ကိုင်ဆောင်ရွက်မှုများ ရှိရန်လိုကြောင်း၊ အသိနှင့်ယှဉ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက် နိုင်ရန်အတွက် ပညာရည်မြင့်မားမှုရှိရန်လိုကြောင်း၊ ပညာရေးနိမ့်ကျမှုများကြောင့် လူတစ်ဦးနှင့်တစ်ဦး၏ လူမှုစီးပွားဘဝများ ကွာခြားလာခြင်းဖြစ်သဖြင့် အနိမ့်ဆုံး အဆင့် အလယ်တန်းအောင်မြင်အောင် ဆောင်ရွက်၍ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်းများ အတွက် ပညာရေးအခြေခံကောင်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ပြည်သူလူထု၏ကျန်းမာရေးကို အလေး ထား ဆောင်ရွက်ရန်လိုအပ်ပြီး ယခုနိုင်ငံရေးဖြစ်စဉ်တွင် CDM ပြုလုပ်သူများ များစွာရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ်ခန့်မှစ၍မွေးထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းဆင်း ဆရာဝန်များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အား အရ လုံလောက်သည်ထက်ပင် ပိုမိုသည့်အင်အားရှိပါကြောင်း၊ သို့ရာတွင် အများစုမှာ နိုင်ငံအတွက်တာဝန် ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်ချက်များဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်ကဝေးလံခေါင်ဖျားသည့်ဒေသများ တွင်ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက် အရ တပ်မတော်မှ ဆရာဝန်များကို တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင် လည်း ကန့်ကွက်မှုများရှိခဲ့ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်အတွက် တပ်မတော်မှဆရာဝန်များ စေလွှတ်ပေးခြင်း ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင် နေသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လေးနက်စွာ အသိအမှတ်ပြုပါကြောင်း၊ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင် ရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေး ကြစေလိုကြောင်း။

ကျန်းမာရေးကောင်းမွန်ပါက ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင် ဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်ဖြစ်သကဲ့သို့ မိမိတို့ နိုင်ငံ၏မျှော်မှန်း သက်တမ်းသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည်နေထိုင်နိုင်ရန်လိုကြောင်း။

ကိုယ်လက်လှုပ်ရှားအားကစားနှင့်ပတ်သက်၍လည်း ခေတ္တခဏသာပြုလုပ် ခြင်းထက် အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ အဓိကအားဖြင့် တစ်ရက်လျှင် နာရီဝက်ခန့်လမ်းလျှောက်ခြင်းများ ဆောင်ရွက်ပါက ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်းကို ကျန်းမာရေးပညာရှင်များ၏ ပြောကြားချက်အရသိရှိရ ကြောင်း၊ အလားတူ အသောက်အစားအပျော်အပါးများကို တတ်နိုင်သမျှလျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ အစားအသောက်နှင့်ပတ်သက်၍လည်း ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှုများရှိရန်အတွက် မိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန်လိုအပ် သကဲ့သို့ ပြည်သူများသိရှိစေရန်လည်း တိုက်တွန်းပြောကြားပေးရန်လိုကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက်သယံဇာတများ၊ ရေနှင့်မြေများ ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ ရေများသုံးစွဲရာတွင်လည်း အဟောသိကံ မဖြစ်စေဘဲ ထိရောက်စွာအသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဩဇာများ လိုအပ် ချက်ရှိိသည့်အတွက် ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများကို လှောင်မွေးသည့်စနစ်ဖြင့် နည်းစနစ်တကျ မွေးမြူဆောင်ရွက်ခြင်းဖြင့် ဇီဝ မြေဩဇာ များရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုတွဲဖက်၍ ဆောင်ရွက် မည် ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူများ ၏ လူမှုစီးပွားဘဝတိုးတက်အောင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ကျေးလက် နေပြည်သူများ၏ လျှပ်စစ်မီးလိုအပ်ချက်အတွက်လည်း နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်မီးထုတ်လုပ်ခြင်းကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြု ဆောင်ရွက်၍ ရကြောင်း။

ဆန်စက်၊ ဂျုံစက် စသည့်လုပ်ငန်းများသည် စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများဖြစ်ကြောင်း၊ စက်မှုလယ်ယာစနစ်ကို ဖော်ဆောင်၍ စိုက်ပျိုးရေးထုတ်ကုန် ကိုအခြေခံသည့် စက်မှုလယ်ယာစနစ်ကိုဖော်ဆောင် ရမည်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများရှိပြီး အဆင့်မြင့်ချည်များထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်းမျိုးသန့် များရရှိရေးအတွက် ပြည်ပနိုင်ငံများမှရရှိနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဖိုးခန့်တင်သွင်းခဲ့ရကြောင်း၊ အဆင့်မြင့် ချည်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှု လုပ်ငန်းကိုဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုများကို အားပေးဆောင်ရွက် ရန်လိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်ကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင်အကောင်အထည်ဖော် ဆောင်ရွက်၍ ရကြောင်း။

မိမိတို့နိုင်ငံတွင် အဖိုးတန် သဘာဝတွင်းထွက်ပစ္စည်း များစွာရှိပြီး အကျိုးရှိစွာ အသုံးချနိုင်ရန်လိုကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် ဘိလပ်မြေ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် များပြားသဖြင့် အပြည့်အဝထုတ်လုပ် နိုင်မှုမရှိ သေးကြောင်း၊ ပြည်တွင်းလိုအပ်ချက်အား ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်းရှိ စက်ရုံများကို အပြည့်အဝလည်ပတ်၍ အတတ်နိုင်ဆုံးထုတ်လုပ်ပေးနိုင်မည်ဆိုပါက ပြည်ပငွေကုန်ကျမှု များစွာလျော့နည်းသွားမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးကောင်း မွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပကြွေးမြှီများစွာရှိပြီး နှစ်စဉ်ပြန်လည် ပေးဆပ်နေရမှု များပြားကြောင်း၊ ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းများကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်များစွာ ဆုံးရှုံးနစ်နာ မှုများရှိခဲ့ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက် များစွာ အကျိုး ဖြစ်ထွန်းစေသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်း စက်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေး ဆောင် ရွက်ကြရန်လိုကြောင်း၊ အဓိကအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဆောက်လုပ်ရေးအတွက် လိုအပ်သည့် ဘိလပ်မြေများနှင့် သံလုံး၊ သံချောင်းများကို လုံလောကစွာထုတ်လုပ်နိုင်ပေးနိုင်ပါက ပြည်သူများ၏ နေထိုင်မှု စနစ်များကိုမြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ အချို့နေရာများတွင် ပြည်သူများ၏ လူနေမှုစနစ်မြှင့်တင်ရေး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း၊ ကျေးလက်နေပြည်သူများ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝမြှင့်တင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်အား တာဝန်ယူဆောင်ရွက် ရာတွင် အချိန်ကာလအားဖြင့် နည်းပါးကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမှလွဲ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အားလုံးဒေသအလိုက် ဖွံ့ဖြိုးရေးအတွက် စိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက် ကြမည်ဆိုပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်စည်စီးဆင်းမှု လျင်မြန်မှန်ကန်စေရေး ဆောင်ရွက် နေမှုအခြေအနေ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်မှုအခြေအနေ၊ ဆေးရုံများပြန်လည်ဖွင့်လှစ်နိုင်မှုနှင့် ဝန်ထမ်းများပြန်လည် တာဝန်ထမ်း ဆောင်နိုင်မှုအခြေအနေ၊ ပြည်သူများ ကိုဗစ်− ၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေ၊ အိုမီခရွန် ကူးစက်ပြန့်ပွားမှုနည်းပါးရေးအတွက် ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရေး စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေ၊ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် ရရှိမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘဏ္ဍာငွေအလေအလွင့်နည်းပါးရေးအတွက် ချွေတာရေးလုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍မှာကြားရာတွင် မိမိတို့နိုင်ငံ၌ စိုက်ပျိုးမြေ များပြားစွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများ အတွက်မြေကို အကျိုးရှိရှိ အသုံးချနိုင်ရန်လိုအပ်ကြောင်း၊  လယ်စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းပိုမိုကောင်းအောင် စိုက်ပျိုးနိုင်ပါက မိမိတို့နိုင်ငံ၏လက်ရှိလူဦးရေ စားနပ်ရိက္ခာဖူလုံရေးထက်ပင် ပိုလျှံနိုင်မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးမြေများလျော့နည်းမှုမရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှုများကို အတတ်နိုင်ဆုံးမဖြစ်မနေ အခြေအနေမှသာ ဆောင်ရွက်ကြစေ လိုကြောင်း၊ အလားတူရေကိုလည်း စိုက်ပျိုးရေးအတွက်  အကျိုးရှိရှိအသုံးချ စေလိုကြောင်း၊ နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်းများမှ  ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချကြစေလိုပြီး ယင်းသို့ အသုံးချနိုင်ပါက ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြစ်၊ ချောင်းများတွင်  လျှပ်စစ်ထုတ်လုပ်နိုင်ပါက ဓာတ်အားမဂ္ဂဝပ် ၄၀၀၀၀ ကျော် ထုတ်လုပ်နိုင်မည့်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်နိုင် သည့် အခြားအနေများလည်း များစွာရှိကြောင်း၊ လျှပ်စစ်မီးနှင့် စက်သုံးဆီချွေးတာရေး ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အား သုံးစွဲမှုကို လျော့နည်းစေသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့် ရာခိုင်နှုန်းများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ငွေကြေးကုန်ကျမှု သက်သာစေမည် ဖြစ်ကြောင်း၊ စက်သုံးဆီကို ပြည်ပမှ အများဆုံး မှာယူတင်သွင်းနေရသည့်အတွက် နှစ်စဉ်တိုင်းပြည်မှ နိုင်ငံခြားငွေများစွာ သုံးစွဲနေရ ကြောင်း၊ သို့ဖြစ်၍ အမှန်တကယ်သုံးစွဲရန်လိုအပ်သည့် ကိစ္စရပ်များ၌သာ သုံးစွဲကြစေ လိုကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ရေးနှင့် မြို့ပတ်ရထားများ အပြည့်အဝ ပြေးဆွဲနိုင်ရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားစေလိုကြောင်း၊ ထို့ပြင် ကုန်စည်ပို့ဆောင်မှု ကောင်းမွန်စေရေးအတွက် ရထားများပုံမှန်ပြေးဆွဲနိုင်ရေး၊ ဘူတာရုံများစနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထား လမ်းနှင့် ကားလမ်းနယ်နိမိတ်များအတွင်းသို့ ကျူးကျော်ဝင်ရောက်နေထိုင်မှု မရှိစေ ရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတည်ဆောက် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူများက အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ သို့မှသာနိုင်ငံပိုမို ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးအနေဖြင့် ရင်းရင်းနှီးနှီး တိုင်တိုင်ပင်ပင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။