နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်  ဩဂုတ် – ၁၆

မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းခြင်း မပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်းဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခြင်းမျိုးမရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညား အောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။

နိုင်ငံစီးပွားဖွံ့တိုးတက်ရေးအတွက် ရံပုံငွေထုတ်ပေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့်အပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများကိုတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် တစ်နှစ်ခွဲကာလအတွင်း နိုငံရေးအရအကြပ်အတည်းများ၊ ကိုယ်ဗစ်-၁၉ ရောဂါ ကြောင့် ဖြစ်ပေါ်လာသည့် ဆေးကုသရေး၊ ကာကွယ်ရေး၊ စီးပွားရေးအကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကိုသိရှိရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် တိုးတက်မှုများကို ပြည်သူများသိရှိစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိရောက်သည့် အစည်းအဝေးတစ်ရပ်ဖြစ်ခဲ့ကြောင်း၊ ယခင်အစိုးရလက်ထက်များက စီမံကိန်းကော်မရှင်၊ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးများသာ ရှိခဲ့ကြောင်း။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းများ အနေ ဖြင့် သက်ဆိုင်ရာအဆင့်အလိုက် ဆောင်ရွက်နိုင်သည့် အခွင့်အရေးများရှိကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်များနှင့် အတွေ့အကြုံများအပေါ်တွင်မူတည်၍ တိုင်းရင်းသား များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောကြားနေ သည့် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကိုသိရှိနိုင်မည် ဆိုပါက ကောင်းမွန်သည့် ရလဒ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊  အဆိုပါအစည်းအဝေး အပြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်း များအား နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်ရံပုံငွေများကို ထုတ်ပေးခဲ့ကြောင်း။

နိုင်ငံ၏စီးပွားရေးကို တိုက်ရိုက်အထောက်အကူပြုစေမည့် စပါးစိုက်ပျိုးရေးနှင့် ပဲစိုက်ပျိုရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းခန့်ရှိပြီး မိုးစပါးစိုက်ပျိုးရန်အတွက် အချိန်ကာလဝေးနေ သေးကြောင်း၊ ထို့ကြောင့် အဆိုပါရံပုံငွေများကို စောလျင်စွာ အသုံးချနိုင်ရေးအတွက် နွေစပါးစိုက်ပျိုးရေးကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊  အလားတူ ပဲတီစိမ်း သည်လည်း ပြည်ပသို့တင်ပို့နိုင်သည့် ဈေးကွက်များရှိခြင်းကြောင့်ပဲတီစိမ်းများ စိုက်ပျိုး နိုင်ရေးအတွက် အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများအတွက်လည်း တစ်ပြေးညီဖြစ်စေရေး ထိုက်သင့်သည့် မတည်ငွေများ ထုတ်ပေးခဲ့ကြောင်း၊ ဒေသအလိုက် မြစိမ်းရောင်စီမံကိန်းများအတွက် လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း၊ ကိုဗစ် – ၁၉ ရောဂါ ကြောင့်ကျဆင်းသွားသည့် စီးပွားရေးကို ပြန်လည် မြှင့်တင်ဆောင်ရွက်နိုင်စေရန်အတွက်ယခုကဲ့သို့ ရံပုံငွေများထုတ်ပေးခဲ့ ခြင်း ဖြစ်ကြောင်း။

နွေစပါးနှင့်ပဲတီစိမ်းစိုက်ပျိုးမှုကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းသည် ငွေရမြန်သည့် မတည်ငွေ (Quick Win) ဖြစ်သည့် အတွက်လာ မည့် မိုးစပါးကာလတွင် နွေသီးနှံများမှ ရရှိလာမည့် အကျိုးအမြတ်များမှ မြေဩဇာများဝယ်ယူနိုင်ရေးဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အဆိုပါရံပုံငွေများကိုပေးအပ်ရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည် မြေဩဇာ၊ ပိုးသတ်ဆေးစသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ်ရန်မလို အပ်ဘဲ ထိုက်သင့်သည့် အကျိုးအမြတ်များ ရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများ မှ ရှေးယခင်ကာလများက နိုင်ငံတော်မှ ချေးယူထားပြီး ဆပ်ရန်ကျန်ရှိနေသေးသည့် စိုက်ပျိုးရေးချေးငွေများကို ယခုရရှိမည့် အကျိုးအမြတ်များထဲမှ ထိုက်သင့်သလို ပြန်လည် ပေးဆပ်ရန်ဖြစ်ကြောင်း၊

စိုက်ပျိုးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် သမဝါယမအစုအဖွဲ့ ဝိုင်းကြီးချုပ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်ပျိုးရန်လိုအပ်သည့် မြေဩဇာ၊ ရေနှင့်မျိုးများ ရရှိအောင် မိမိတို့အနေဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး စိုက်ဧကတစ်ဧက လျှင် အနည်းဆုံး တင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောက်တစ်နှစ်မိုးစပါးစိုက်ပျိုးမှုနှင့် နွေစပါးစိုက်ပျိုးမှုအတွက် စိုက်ပျိုးရေး စရိတ်များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အခြားပိုလျှံသည့် ငွေများမှ ပဲသီးနှံများ၊ ဝါနှင့် အခြားသီးနှံများစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေးစရိတ်များထုတ် ပေးသွားနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ၂၀၂၄ နှစ်မိုးရာသီတွင် မိုးသီးနှံ များ၏ ၅၀ ရာခိုင်နှုန်းခန့် ကိုစိုက်ပျိုးရေးစရိတ်များထုတ်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းမှာ နှစ်ဆပြောင်းလဲသွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ချိန်တွင် တောင်သူလယ်သမား များအနေဖြင့် စိုက်ထုတ်မှု အနည်းဆုံးဖြင့်ဆောင်ရွက်နိုင်ရန် တွက်ချက်ဆောင်ရွက် နေခြင်းဖြစ် ကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ ပေးအပ် ထားသည့် မြစိမ်းရောင်စီမံကိန်းရံပုံငွေများသည် ဝိုင်းကြီးချုပ်စနစ်ဖြင့်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ တိုးပွားမှုများရှိလာမည်ဖြစ်သဖြင့် ဒေသအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုကဲ့သို့ ရံပုံငွေထုတ်ပေးခြင်းသည် နိုင်ငံအတွက် အားတစ်ခုဖြစ်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ထုတ်ကုန်များ လုံလောက်စွာထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုအပ်မှု

နိုင်ငံတစ်ခု၏စီးပွားရေးသည် နိုင်ငံရေးနှင့်ဆက်စပ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးအား ကောင်းမွန်ရန် လိုအပ်ကြောင်း၊ စီးပွားရေးဟုဆိုရာတွင် ထုတ်လုပ်မှုအပိုင်းနှင့် ကုန်သွယ်မှု အပိုင်းဟူ၍ နှစ်မျိုးရှိပြီးပစ္စည်းရှိမှသာ ကုန်သွယ်မှု ပြုနိုင်မည်ဖြစ်ကြောင်း၊ စင်ကာပူနှင့် ဟောင်ကောင်ကဲ့သို့သော နိုင်ငံများသည် အခြား နိုင်ငံများမှ ထုတ်လုပ်သည့် ထုတ်ကုန်များဖြင့် ကုန်သွယ်ရေးဆောင်ရွက်၍ နိုင်ငံစီးပွား ရေးတိုးတက်ဖွံ့ဖြိုးရေးဆောင်ရွက် လာသည့် နိုင်ငံများဖြစ်ကြောင်း၊၎င်းနိုင်ငံများတွင် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ စက်ရုံကြီးများမရှိဘဲ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများသာရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ကုန်သွယ် ရေးနှင့် ထုတ်လုပ်ရေး လုပ်ငန်းနှစ်မျိုးလုံး ဆောင်ရွက်၍ရကြောင်း။

ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးထွက်ကုန် များ တိုးတက်အောင် ဆောင်ရွက်၍ရကြောင်း၊ ရောင်းချရန်အတွက်လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုသည် စီးပွားရေးစက်ဝန်းတွင် များစွာအကျိုး ရှိသဖြင့် ထုတ်လုပ်မှုကိုအားပေးခြင်းဖြင့် ပြည်သူများ၏ စီးပွားရေးကို မြှင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းရှိအောင် ကြိုးပမ်း၍ ကုန်သွယ်မှုရရှိအောင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများမှ တန်ဖိုးမြင့်ကုန်ပစ္စည်းများထုတ်လုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူများအတွက်လည်း ကုန်ထုတ်လုပ်မှုများ မှအကျိုးအမြတ်များရရှိမည်ဖြစ်သကဲ့သို့ နိုင်ငံအတွက်လည်းအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုအတွက် ကုန်ထုတ်လုပ်မှုများကို မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် နိုင်ငံခြားဝင်ငွေများအနေဖြင့် ကုန်သွယ်မှု(Trade)နှင့် ကုန်သွယ် မှုနှင့် မသက်ဆိုင်သည့်(Non Trade)တို့မှ ဝင်ငွေများရှိကြောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ တင်ပြချက်များအရမိမိတို့နိုင်ငံတွင် နှစ်စဉ်ကုန်သွယ်မှုလိုငွေများရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တစ်နှစ်တည်းတွင်သာ ပိုငွေအနည်းငယ်ပြခဲ့သည်ကို သိရှိရကြောင်း၊ ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများဖြင့် လည်ပတ်အသုံးပြုနေသည်ကိုသိရှိ ရခြင်း ကြောင့် နိုင်ငံအတွက် အန္တရာယ်ကြီးမားသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်ပဝင်ငွေများရရှိရေး ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပသို့တင်ပို့ ရောင်းချနိုင်ရန် လိုကြောင်း၊ ထုတ်ကုန်များ တိုးမြှင့်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧက ချင်းအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ရန်လိုသကဲ့သို့ အရေအတွက်ပိုမို ထုတ်လုပ်နိုင်ရေး အတွက်လည်း အားပေးဆောင်ရွက်ရန်လိုကြောင်း၊ မြေပေါ် မြေအောက် သယံဇာတပစ္စည်းများကိုလည်း ကုန်ကြမ်းအတိုင်းရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်းများအဖြစ် ထုတ်ကုန်များ ထုတ်လုပ်၍ တင်ပို့ရောင်းချပြီး အကျိုးရှိရှိ အသုံးချနိုင်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ကုန်သွယ်မှုကိုမြှင့်တင်ရန်လိုကြောင်း။

ပြည်ပသွင်းကုန်များနှင့်ပတ်သက်၍ တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန် ရန်အတွက် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နေကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်၍ရသည့် ပစ္စည်းများကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ရန်လိုကြောင်း၊ အချို့ပစ္စည်းများ မှာ သတ်မှတ်ထားသည့် အရည်အသွေးမရှိသည်ကို တွေ့ရှိရသဖြင့် လိုအပ်သည့် စက်ပစ္စည်းများနှင့် နည်းပညာများ အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ သို့မှသာသွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြောင်း။

ပြည်ပမှ တင်သွင်းလျက်ရှိသည့် ပစ္စည်းများတွင် ဝါနှင့်ပတ်သက်၍ ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအတွက် လိုအပ်သည့် ပစ္စည်းများတင်သွင်းမှုသည် ၂၀၁၉-၂၀၂၀ ခုနှစ်ဘဏ္ဍာနှစ်အတွင်း ဓာတုချည်ခင်၊ အခြားချည်ထည်မျိုးစုံ၊ ချည်ထည်နှင့် ပိတ်၊ အပ်ချည်ကြိုးတန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာသန်း ၁၂၈၀ ခန့်တင်သွင်း ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါထွက်ရှိသော်လည်း ပြည်ပသို့ ကုန်ကြမ်းများတင်ပို့၍ ပြည်တွင်းသို့ ကုန်ချောများတင်သွင်းနေရခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ချည်မျှင်များသည် ကုန်ချောထုတ်လုပ်ရန်အတွက် အဆင့်မီသည့် ချည်မျှင်ရှည်ဝါများဖြစ်ရန်လိုအပ်သဖြင့် ပြည်တွင်းဝါစိုက်ပျိုးမှု တွင် အဆင့်မြင့်ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊  အဆိုပါဝါစိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ချည်မျှင်ရှည်ဝါများကို အသုံးပြု ၍နိုင်ငံအတွင်းရှိ စက်ရုံများမှ အဆင့်မီချည်ထည်များကို ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ အထည်အလိပ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတိုးတက်အောင် အားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးနှင့်အမျိုးသားရေး ရည်မှန်းချက် ဖော်ဆောင်မှု

နိုင်ငံရေးနှင့်ပတ်သက်၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူမှုရေးနှင့် နိုင်ငံရေးကို ဖြေရှင်းဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတည်ငြိမ်လာပြီး ဆောင်ရွက်လိုသည့် နိုင်ငံရေး လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏ နိုင်ငံရေးရည် မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရေး ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန်အတွက် တစ်ဖက်မှလည်းငြိမ်းချမ်းရေး၊ နိုင်ငံရေး တို့နှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ လူမှုရေးနှင့်ပတ်သက်၍လည်း ပြည်သူတစ်ဦးချင်း၏ အသိ ပညာ၊ အတတ်ပညာနှင့် လျော်ညီသည့် လူနေမှုစနစ်ကိုဖန်တီးပေးနိုင်ရန် လိုကြောင်း၊ လူနေမှုစနစ်ကောင်းမွန် ရန်အတွက် ပညာတတ်ရန်နှင့်စီးပွားရေးကောင်းမွန်ရန် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများရရှိအောင်ဖော် ဆောင်ပေးရန် လိုကြောင်း၊ လူမှုရေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုစနစ်များပါဝင်ကြောင်း။

လူမှုစီးပွားနှင့်ပတ်သက်၍ အမျိုးသားရေးရည်မှန်းချက်နှစ်ခုမှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ စီးပွားရေးအားကောင်း မှ တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အခြေခံ အားဖြင့် စီးပွားရေးအားကောင်းအောင်ကြိုးပမ်းဆောင်ရွက်၍ တိုင်းပြည်သာယာဝပြော အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးဟုဆိုရာတွင် စားသောက် စရာဖူလုံရေး၊ သုံးစွဲရန်ရေဖူလုံရေး၊ ရိက္ခာဆိုရာတွင် အသုံးအဆောင်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ဖူလုံရေးများပါဝင်ကြောင်း၊ စားသောက်မှုဖူလုံရုံတင်မက ရေရှားပါးသည့်ဒေသများအတွက် ရေလုံလောက်စွာရှိရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်သည့် ဒေသများအတွက် လည်းရေလို အပ်ကြောင်း၊ ထို့ကြောင့်နိုင်ငံတွင် စားရေရိက္ခာပေါများရေးအတွက် မဖြစ်မနေ ဆောင်ရွက်ပေးရမည်ကိုရည်မှန်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ စားကုန်၊ သောက်ကုန် နှင့် သုံးကုန်များကို နိုင်ငံအတွင်း ဖူလုံစွာဖြင့် ပေါများအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အမျိုးသားရေးရည်မှန်းချက်သည် နိုင်ငံအတွက် အဓိပ္ပါယ် ရှိစွာဖြင့် ချမှတ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ထောင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “နိုင်ငံရေးရည်မှန်းချက်မှာလည်း နှစ်ချက်က ပါတီစုံဒီမို ကရေစီစနစ်ကျင့်သုံးရေး။ ဒါဟာ ပြည်သူကရွေးချယ်ထားတာ ကျွန်တော်ဘာမှ ငြင်း စရာအကြောင်းမရှိဘူး။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု။ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကိုပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။ ဒါ့ကြောင့် ဝန်ကြီးချုပ်တွေကိုလည်း ကျွန်တော်ပြောတယ်။ ခင်ဗျားတို့ ဖက်ဒရယ် အာဏာတွေခင်ဗျားတို့ရှိနေတယ်။ ဒီအပေါ်မှာ ခင်ဗျားတို့လုပ်ကြည့်ပါ။ အခုလည်းသူတို့လုပ်ကြတာပဲ။ တစ်ချို့ ပြည်ထောင်စုကပြောတာ။ ဗဟိုကပြောတာ မဟုတ်ဘူး သူတို့ဖာသာလုပ်နေတဲ့ဟာ။ ရည်မှန်းချက်တွေအများကြီးပါတယ်။ ကျွန်တော်ကလည်း တစ်ချို့ဟာတွေသဘောကျတယ်။ ဒါဆိုကောင်းတယ်။ လုပ်ပါ။ အားပေးပါတယ်။ ခင်ဗျားအတွက် အခက်အခဲရှိရင် ကျွန်တော့်ကိုပြော။ ဒီလိုပြောပါ တယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီမိုကရေစီ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အာဏာကို၊ လုပ်ပိုင်ခွင့်ကိုပေးထားတဲ့ ပြည်ထောင်စုကို သွားရမယ်။ နိုင်ငံရေးမှာ ရည်မှန်းချက် နှစ်ခုက ဒါပဲဖြစ်တယ်။ ဒီလိုသွားနိုင်ဖို့ဆိုရင် အရေးကြီးတာက ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကို ကျွန်တော်တို့သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေး အတွက်လာကြတာပေါ့။ နားမလည်တဲ့သူကတော့ ဘေးကနေပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPP အဖွဲ့နဲ့ဆွေးနွေးတယ်။ ကျွန်တော်တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်  အာဏာကိုပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလား မေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျွန်တော်ဒုတိယအကြိမ်ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့၁၀ ဖွဲ့ လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေး နွေးမယ်။ စက်တင်ဘာလကျလို့ရှိရင် တစ်ခါသူတို့နဲ့ အားလုံးပြန်တွေ့မယ်။ အဲ့ဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ကြိုးစားမယ်။ ဒီအတွက်တော့ ဘယ်လောက်ကြာမလဲကျွန်တော် မပြောနိုင်သေးဘူး။ အခြေခံသဘောတူညီချက်ရပြီးဖြစ်တဲ့ အတွက်ကြောင့် ကွျန်တော် တို့ အနေနဲ့မရစရာ အကြောင်းမရှိဘူးလို့မြင်ပါတယ်။ ဒါကိုဘာကြောင့် EAO တစ်ချို့ အဖွဲ့တွေက နားလည်မှုမရှိနိုင်လည်းဆိုတာ ကျွန်တော်လည်း မတွေးတတ်ဘူး။ တစ်ကယ်လို့ပြည်ထောင်စုအပေါ်မှာ။ တကယ်ကို တိုင်းရင်းသားအရေး။ ပြည်ထောင်စု အရေးကိုတကယ် မျှော်မှန်းလို့ရှိရင် ဒီနှစ်ချက်အပေါ်မှာ အခြေခံပြီးလုပ်မယ်ဆိုရင် ဘာမှမဖြစ်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ကိုယ်တိုင်က လိုလားပါတယ် ပြေားထားပြီးပြီပဲ။ ဖြစ်ချင်ပါတယ် ပြောထားပြီးပြီပဲ။ အဲ့ဒီအတွက် လာပြီးဆွေးနွေး။ ကွျန်တော်တို့ပြောမယ်။ အဲ့ဒီကျရင်။ ဒါကတော့ဖြစ်နိုင်ဘူး။ဒါကတော့ဖြစ်နိုင်တယ်။ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ဖြစ်ချင်တာဒါရှိတယ်။ ခင်ဗျားတို့ဖြစ်ချင်တာ ဒါရှိတယ်။ အဲ့ဒီတော့ နှစ်ဘက်ညှိပြီးတော့ ဖြစ်သင့်တွေကို ကျွန်တော်တို့ သဘောတူ ညီချက်ရအောင်ယူ။ ဒါပဲဗျာ ။ အဖြေက” ဟုပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံရေးတွင်ဆွေးနွေးအဖြေရှာခြင်းကို အားလုံးမှ လက်ခံထားပြီး ဖြစ် ကြောင်း၊ အာဆီယံသဘောတူညီချက် (၅)ရပ်ထဲတွင် တွေ့ဆုံဆွေးနွေးရန်အချက် ပါရှိကြောင်း၊ မိမိတို့အနေဖြင့် ယခုကဲ့သို့သော အခြေအနေမျိုး မရောက်ရှိရန် အတွက်  မဲစာရင်းများမှားယွင်းမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၂၀ နှောင်းပိုင်းကာလ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလတို့တွင် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဖိတ်ခေါ်ရာတွင်လည်း လွှတ်တော်တွင်ဆွေးနွေးရန်၊ သို့မဟုတ် ကော်မရှင်နှင့် ဆွေးနွေးရန်အတွက် ပြောကြားခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဆွေးနွေးရန်လက်ခံမှု မရှိခဲ့ဘဲ မျက်ကွယ်ပြုခဲ့ကြောင်း၊ ထိုသို့မျက်ကွယ်ပြုခဲ့ခြင်းမှာ ၎င်းတို့မဲစာရင်းမှားယွင်း မှုကိုဖြေရှင်းရန် သက်သေအထောက်အထားမပြနိုင်ခြင်း၊ မပြနိုင်ကြောင်းတွေ့ ပါက လည်း မဲမသမာမှုကြောင့် ရွေးကောက်ပွဲ အထမမြောက်မည်ကိုဝန်ခံရာ ရောက်မည် စိုးရိမ်သောကြောင့် ထိုသို့ဆောင်ရွက်ခဲ့ခြင်းဖြစ်သည် ကိုတွေ့ရှိရကြောင်း။

ထို့ကြောင့် ရွေးကောက်ပွဲကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ ကြောင်း၊ ဆူပူအကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးရန်မဖြစ်နိုင်ကြောင်း၊ ဥပဒေ ကြောင်းအရသာ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မဲစာရင်းမှားယွင်းမှုအပေါ် နိုင်ငံရေးအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ အကြမ်းဖက်နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ ခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေများကို ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်း ဖက်လမ်းစဉ်ဖြင့် ဆောင်ရွက်နေမည်ဆိုပါက တည်ငြိမ်ရန်ခက်ခဲနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံရေးကို နိုင်ငံရေးနှင့်သာဖြေရှင်းဆောင်ရွက်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းခြင်းမရှိဘဲ အကြမ်းဖက်လုပ်ဆောင်လာပါက အကြမ်း ဖက်မှု နှိမ်နင်းရေးလုပ်ငန်းစဉ်များဖြင့်သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဘက်မှ ရည်ရွယ်ချက်ရှိရှိ စတင်တိုက်ခိုက်ခြင်းမျိုးမရှိဘဲ ဥပဒေနှင့်အညီသာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍

ကိုဗစ် – ၁၉ နှင့်ပတ်သက်၍ ထိန်းသိမ်းမှုများလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော် ယခုလ ဒုတိယပတ်မှစ၍ ပိုးတွေ့လူနာ ၁၀ ဦးနှင့် ၂၀ ဦးအကြားတွေ့ရှိနေရကြောင်း၊ ထို့ကြောင့် ကိုဗစ် – ၁၉ စည်း ကမ်းချက်များကို စနစ်တကျဖြင့် လိုက်နာရန်လိုကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ ပြည်ပမှ ဝင်ရောက်လာသူများကို ပိုမိုသတိထားဆောင်ရွက်ရမည်ဖြစ်ပြီး နယ်စပ် ဂိတ်ပေါက်များနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်လည်း စနစ်တကျဖြင့် စစ်ဆေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ အချို့သောကျေးရွာများတွင် အကြောင်းအမျိုးမျိုးဖြင့် ဆေးထိုးနှံမှုမရှိသေး သည့်သူများ ရှိနေကြောင်း၊ ထို့ကြောင့် တစ်ဖက်မှ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် ‌ရောဂါများ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ကျန်းမာရေးရှုထောင့်မှကြည့်၍ ပြင်ဆင်ရန်လိုအပ်သည် များကို စနစ်တကျဖြင့် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း။

မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ကောင်စီဝင်များအနေဖြင့် မိမိတို့အပိုင်းအလိုက် ဆောင်ရွက်၍ရသည်များကို လိုက်ပါ၍ တွန်းအားပေး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒေသအလိုက် ခေါင်းဆောင်များကို နိုင်ငံတော်မှ  ဆောင်ရွက်နေသည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ သိရှိအောင် ဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်ရေး တိုက်တွန်းဆောင်ရွက်ပေးမည်ဆိုပါက လုပ်ငန်းအရှိန် အဟုန်များယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များက ပြည်ပဩဇာခံများ၊ အမျိုးသားရေးသစ္စာ ဖောက်များနှင့် နိုင်ငံတော်သစ္စာဖောက်မှုများကို ထိရောက်စွာအရေးယူနိုင်သည့် ဥပဒေ တစ်ရပ်ပြဋ္ဌာန်းနိုင်ရေး၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့် စပ်လျဉ်းသည့် သမိုင်းမှတ်တမ်း အသေးစိတ်ကို ကျောက်စာရေးထိုး မှတ်တမ်းတင်နိုင် ရေး၊ နိုင်ငံအတွင်း ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်း တည်ငြိမ်မှုမရှိစေရန် ဆောင်ရွက်နေသူများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရေး၊ သမိုင်းဝင် ပုဂ္ဂိုလ် အထိမ်းအမှတ်မော်ကွန်း ဥပဒေတွင် ပြင်ဆင်ဖြည့်စွက်လိုသောအချက်များ၊ ပြည်ပ ပို့ကုန်မှ ရရှိသည့်နိုင်ငံခြားငွေကို ပြည်တွင်းဈေးကွက်အတွင်း ပုံမှန်လည်ပတ်နိုင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လူငယ်ရေးရာကော်မတီများတွင် ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ ထည့်သွင်းဖွဲ့စည်းပေးရေး၊ ဘာသာရေးကို အကြောင်းပြ၍ လှည့်လည်စည်းရုံးဟောပြော လှုံ့ဆော်မှုများကို ထိန်းသိမ်းဆောင်ရွက် ရေး၊ ရခိုင်ပြည်နယ် တရားလွှတ်တော်အဆောက်အဦ ဆောက်လုပ်ရန် ခွင့်ပြုထား သည့်မြေနေရာရှိ အချို့ဝန်ကြီးဌာနပိုင် အဆောက်အဦနှင့် မြေနေရာများ စွန့်လွှတ် ပေးရေး၊ နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ချုပ်ငြိမ်းရေးအတွက် ဆောင်ရွက် သင့်သည့် အစီအမံများ၊ နိုင်ငံအတွင်းငွေကြေးတန်ဖိုး တည်ငြိမ်ရေးအတွက်ဆောင်ရွက် သင့်သည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က သမိုင်းဝင် ပုဂ္ဂိုလ် အထိမ်းအမှတ်မော်ကွန်း ဥပဒေတွင် ပြင်ဆင် ဖြည့်စွက်သင့်သည့်အချက်များကို အကြံပြု ဆွေးနွေးတင်ပြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းမှုနှင့်ပတ်သက်၍ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေကြေး လဲလှယ်နှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ဘဏ်အားလုံး ၏ ဝင်ငွေထွက်ငွေအခြေအနေ၊ နိုင်ငံခြားကုန်သွယ်မှု ဝင်ငွေထွက်ငွေ အခြေအနေတို့ အပေါ်တွင်မူတည်ကာ ဗဟိုဘဏ်က တွက်ချက်သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ဝိသမ လောဘသားများ ဈေးကစားခြင်းကြောင့် ငွေကြေးတည်ငြိမ်မှုမရှိခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း စီးပွားရေးကျဆင်းမှုများ တွေ့ကြုံနေကြရကြောင်း၊ အရန် ငွေကြေး နည်းပါးသည့် မိမိတို့နိုင်ငံအတွက်လည်းထိခိုက်မှုများရှိကြောင်း၊ သို့သော် လက်ရှိကုန် သွယ်မှုစနစ်အရ ပြဿနာမရှိနိုင်ကြောင်း။

စက်သုံးဆီနှင့်ပတ်သက်၍ ယခုလကုန်အထိ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဝယ်ယူထားပြီးဖြစ်သည့် စက်သုံးဆီတင် သ‌ေင်္ဘာများလည်း မကြာမီဆိုက်ရောက် မည်ဖြစ်ကြောင်း၊ ထို့ပြင်ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပြီး မကြာမီ ဝင်ရောက်လာမည်ဖြစ်ပြီး ဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း။ ထို့ကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်း၊ စက်သုံးဆီဈေးနှုန်း ပတ်သက်၍ ကုန်သည်များ ဈေးကစားနေခြင်းသာ ဖြစ်ကြောင်း၊ သတ်မှတ်ချက် အတိုင်း ရောင်းချပေးရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း။

မိမိတို့ တာဝန်ယူသည့် ကာလ တစ်နှစ်ခွဲကာလအတွင်း အခက်အခဲမျိုးစုံကို ဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလာမည့် ၆ လတာ ကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ဦးမော့လာအောင် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်း ၆ လတာ ကာလသည် အရှိန်အဟုန်ဖြင့် မောင်းနှင်ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း၊ စီးပွားရေး ဦးမော့လာပြီး နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက် ငြိမ်းချမ်းရေးကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ မိမိတို့ အားလုံး တက်ညီလက်ညီတွန်းအားဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကောင်စီဝင် များအနေဖြင့်လည်း ရှုထောင့်မျိုးစုံမှ စွမ်းအားရှိသမျှ ပူးပေါင်းဆောင်ရွက်ပေးကြရန်  တိုက်တွန်းလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။