နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ကော်ဖီလုပ်ငန်းရှင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ – ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးမှု ဆိုင်ရာများနှင့် ဒေသထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေး သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊  ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ်ရှိ ကော်ဖီလုပ်ငန်းရှင် များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် ပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့် ဒေသထွက်ကုန်ပစ္စည်း များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ပြင်ဦးလွင်ဒေသကို ကော်ဖီဒေသဖြစ်စေရေး အတွက် ယခင်ကတည်းကပင် ကော်ဖီလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းမြေ နေရာများ ဖော်ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ကော်ဖီလုပ်ငန်းလုပ်ဆောင်ရန် မြေနေရာရယူထားသူများအနက် အမှန်တကယ်အင်ပြည့်အားပြည့် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသူများကိုလည်း စိစစ်ဖော်ထုတ်သိရှိရကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အမှန်တကယ်အလုပ်လုပ်ရန်လိုသကဲ့သို့ အစိုးရတာဝန်ရှိ သူများအနေဖြင့်လည်း လုပ်ဆောင်နိုင်ရန်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် လိုကြောင်း။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် စီးပွားရေးကို အဓိက ထား ဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ လူတို့၏ နေ့စဉ်ဘဝတွင် စားရေးသည် အရေးကြီးပြီး စားရေးကိုအထောက်အကူပြုရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကိုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားနပ်ရိက္ခာများကို တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် လိုအပ်မှုများရှိပြီး မိမိတို့နိုင်ငံ အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်သဖြင့် ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့ တာဝန် ယူသည့် အချိန်တွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ်ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။

ပြင်ဦးလွင်ဒေသတွင် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကတည်းက ကော်ဖီစီမံကိန်း ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ကော်ဖီလုပ်ငန်းကို အားပေးဆောင်ရွက်မှု အားနည်းခဲ့သောကြောင့် မျှော်မှန်းထားသလောက် အောင်မြင်မှု မရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကတည်းက ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများကို အမှန် တကယ် စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက ယခုအချိန်တွင် ထုတ်လုပ်မှုများပိုမိုတိုးတက် လာမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်ပျိုးရေးသည် ပြင်ဦးလွင်ဒေသနှင့် ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကို အထောက်အကူပြုသည့် လုပ်ငန်းတစ်ခု ဖြစ်သဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ပြင်ဦးလွင်ဒေသမှ ကော်ဖီလုပ်ငန်းရှင်များကို မကြာ ခဏတွေ့ဆုံ၍ အားပေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သောကြောင့် ကော်ဖီလုပ်ငန်းသည် အထိုက်အလျောက် တိုးတက်မှုများဖြစ်ပေါ် လာခဲ့သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်သည့်ကော်ဖီများကို ပြည်တွင်း၊ ပြည်ပသို့ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့ရောင်းချနိုင်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုများကို စနစ်တကျဖြင့် ဆောင်ရွက်သွားမှသာလျင် နောင်လာမည့် ၅ နှစ်မှ ၇ နှစ်အတွင်း ကော်ဖီထုတ်လုပ်မှုများပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း။

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ခေတ်အဆက်ဆက် အားပေးခဲ့ခြင်းမရှိခြင်းသည်ကိုတွေ့ရကြောင်း၊ ထုတ်ကုန်များ နည်းပါးခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ နှစ်စဉ်ပြခဲ့ပြီး လောင်စာဆီနှင့် စားသုံး ဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ စားသုံးဆီများကို ပြည်တွင်း၌ ထုတ် လုပ်နိုင်သည်ဖြစ်သော်လည်း လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိခြင်း ကြောင့် တင်သွင်းနေရခြင်းဖြစ်သဖြင့် ဆီထွက်သီးနှံစိုက်ပျိုးခြင်းကိုလည်း အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်အတွက်လည်း ပြည်ပမှ နှစ်စဉ်တွင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ပြည်ပသွင်းကုန် လျှော့ ချနိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများနှင့် ပတ်သက်၍ ပြင်ဦးလွင်ဒေသတွင် စိုက်ပျိုးရေးထုတ်ကုန် အမြောက်အမြားရှိပြီး ၎င်းတို့ ကို အခြေခံသည့် စားသောက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဒေသတွင်း၌ အောင်မြင်သည့် နို့စားနွား မွေးမြူ ရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုကိုလည်း အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဆောင်ရွက်နိုင်ရမည်ဖြစ်ပြီး ကော်ဖီသည် ဒေသအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ပြင်ဦးလွင် မြို့ကို အပန်းဖြေဒေသအဖြစ် ချယ်ရီမြို့တော်၊ ပန်းမြို့တော် စသည်ဖြင့် နာမည်ခေါ် တွင်ကြသကဲ့သို့ စီးပွားရေးနှင့်ဂုဏ်ယူသင့်သည့် ဒေသထွက်ကုန်အရ ကော်ဖီမြို့တော် အဖြစ်နာမည်တွင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန် လိုကြောင်း၊ ကော်ဖီထုတ်ကုန်များထုတ်လုပ်ရာတွင် အရည်အသွေးကောင်းမွန်ပြီး ထုပ်ပိုးမှုကောင်းမွန်မှသာလျင် ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် နည်းပညာနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံမှစ၍ မြှင့်တင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ကိုဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီလုပ်ငန်းနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်တွေ့ဆုံခြင်းဖြစ်သဖြင့် တက်ရောက်လာကြသူများအနေဖြင့် လိုအပ်ချက်များနှင့် အကြံပြုချက်များကို တင်ပြ ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးများက ကော်ဖီစိုက်ပျိုးမှုဆိုင်ရာများအား ရှင်းလင်းတင်ပြ

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့က ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုး ရေး စီမံကိန်းများ ဆောင်ရွက်ခဲ့မှု၊ မြေအသုံးချမှုအခြေအနေအပေါ်  ကွင်းဆင်းစစ်ဆေး ချက်အရ စိစစ်တွေ့ရှိချက်များ၊ ကော်ဖီလုံးဝစိုက်ပျိုးခြင်းမရှိသည့် မြေနေရာများကို ကော်ဖီလုပ်ကိုင်ခွင့်များ ရုပ်သိမ်းခဲ့မှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေး ကော်ဖီစိုက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့မှု၊ ကော်ဖီစိုက်ပျိုး ပြီးစီးမှု အခြေအနေများနှင့် စိုက်ပျိုးမှုတိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ မြို့မြေ ပြင်ပ မြေလွတ်၊ မြေရိုင်း အတွင်း အဆောက်အဦပိုမိုအသုံးပြုထားမှုအပေါ် ကွင်းဆင်း စစ်ဆေး၍  စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်းမြေနေရာများတွင်  ကော်ဖီစိုက်ပျိုးမှုများ တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊  ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ ကော်ဖီတိုးချဲ့ စိုက်ပျိုးရာတွင် ကော်ဖီထုတ်လုပ်မှုလုပ်ငန်းအထောက်အကူပြု လုပ်သားလိုအပ်ချက် များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နှစ်အလိုက်ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေအနေများ၊ ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ ကော်ဖီပင်စည်ထိုးပိုး ကာကွယ် နှိမ်နင်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အဦများဆောက်လုပ်ရာတွင် ကော်ဖီစိုက်ပျိုးထုတ် လုပ်မှုအတွက် လိုအပ်သည့် အဆောက်အဦများကိုသာဆောက်လုပ်ရန်လိုပြီး အပန်း ဖြေစခန်းနှင့် ကော်ဖီစိုက်ပျိုးခြင်းနှင့်မသက်ဆိုင်သည့် အဆောက်အဦးများဆောက်လုပ် ခြင်း မပြုရန်လိုကြောင်း၊ ကော်ဖီများအထွက်နှုန်းတိုးတက်စေရေး သွင်းအားစုများ အပြည့်အဝထည့်သွင်းရန်နှင့် စနစ်တကျပြုစုဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီ ပင်စည်ထိုးပိုးများကျရောက်မှုမရှိစေရန်အတွက် စုပေါင်းအားဖြင့် ကြိုတင်ကာကွယ် မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် အသုံးပြုခြင်းများ မရှိစေရေးစနစ်တကျကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကော်ဖီ စိုက်ပျိုးမှုနှင့် ပတ်သက်၍ အမှန်တကယ်စိုက်ပျိုးနိုင်သည့် တိုင်းရင်းသားလုပ်ငန်းရှင် များအား ဖိတ်ခေါ်ပါကြောင်း၊ စိုက်ပျိုးမှုအပေါ်မူတည်၍ ၅ ဧကမှ ဧက ၅၀ အထိ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော် အစိုးရက လိုအပ်သည်များကိုကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကော်ဖီများ တိုးချဲ့စိုက်ပျိုးရန်အတွက် မျိုးကောင်းသည့်ပျိုးပင်များ ကြိုတင်စုဆောင်းထားရှိရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားသည်။

တက်ရောက်လာကြသူများက လိုအပ်ချက်များ အသီးသီးတင်ပြဆွေးနွေး

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များကိုယ်စား ကော်ဖီစိုက်တောင်သူတစ်ဦးက ကော်ဖီစိုက်ပျိုးထုတ်လုပ်နေမှုနှင့် ဈေးကွက်ရရှိမှု အခြေအနေများ၊ ကော်ဖီခြံများအလိုက် ရောဂါပိုးကာကွယ်မှုများကို အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုအပ်သည့် အခြေအနေများကိုလည်းကောင်း၊ ကော်ဖီကိုအခြေခံ သည့် MSME လုပ်ငန်းရှင်တစ်ဦးက ကော်ဖီစီမံကိန်းနယ်မြေတွင် အဆောက်အဦအရွယ် အစားကို သတ်မှတ်မည့်အစား ကော်ဖီစီမံကိန်းစိုက်ပျိုးမြေဧရိယာပေါ်တွင်သာ လုပ် ငန်းအပေါ်မူတည်၍ အဆောက်အဦဧရိယာကို ခွင့်ပြုပေးစေလိုမှု၊ ကော်ဖီစီမံကိန်း အစမှ ဆောင်ရွက်သူများအနေဖြင့် ခြံမြေများကို ဧကများများဆောင်ရွက်နိုင်သော် လည်း နောက်ပိုင်းဆောင်ရွက်သူများအနေဖြင့် စိုက်ပျိုးမြေများ တစ်ဆက်စပ်တည်း စိုက်ပျိုးမြေများ မရရှိခြင်းကြောင့် အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် သွားလာရလွယ်ကူသည့်နေရာ၌ အဆောက်အဦများကိုဆောက်လုပ်ကြမှု အခြေအနေ များကိုလည်းကောင်း၊ ဒေသထွက်ကုန်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းရှင်တစ်ဦးက ဝိုင်လုပ် ငန်းရှင်များအနေဖြင့် FDA ခွင့်ပြုချက်ရရှိရန် အခက်အခဲများ ကြုံတွေ့နေရမှုနှင့် စည်း ကမ်းသတ်မှတ်ချက်များကို လုပ်ငန်းအလိုက် ဖြေလျော့ပေးစေလိုမှုတို့နှင့် ပတ်သက်၍ အသီးသီးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြမှုများနှင့် စပ်လျဉ်း၍ လုပ်ငန်း လိုအပ်ချက်များအား ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ၌ ထုတ်ပေးထားရှိမှုအခြေအနေများ၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို အဆင့်ဆင့်တင်ပြဆောင်ရွက်ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့် ပတ်သက်၍ရှင်းလင်း ပြော ကြားသည်။

ကော်ဖီလုပ်ငန်းသည် အစုအဖွဲ့နှင့် လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သဖြင့် ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရမည်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် မိမိတို့အနေဖြင့် ကုန်ထုတ် လုပ်ငန်းများတိုးတက်စေရေး အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေး နှင့်ပတ်သက်၍ MSME လုပ်ငန်းများကိုအားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ကြမ်းမှ ကုန်ချောများထုတ်လုပ်ခြင်းဖြင့် ထုတ်ကုန်များရရှိပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှု ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်သတ်မှတ်ချက်များမှ ဆောင်ရွက်ခြင်းများကို ခွင့်ပြုပေးထားကြောင်း၊ သို့သော် ပြည်ထောင်စုအဆင့် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များကိုလည်း လိုက်နာ ဆောင် ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်ပါက တာဝန် ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်ရန်လိုပြီး သက်ဆိုင်ရာဝန်ကြီဌာနများအနေဖြင့် လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်းစားဆောင် ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ရေရှည်အတွက် စေတနာထား၍ ဆောင်ရွက်ရန်လိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကို စည်းကမ်း သတ်မှတ်ချက်များအတိုင်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုး မှုများကို အမှန်တကယ်ဆောင်ရွက်လိုသူများအတွက် စိုက်ပျိုးမြေများကို ခွင့်ပြုပေး မည်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက်ဆောင်ရွက်ရာတွင် အလုပ် လုပ် ရမည်ဖြစ်ပြီး အလုပ်လုပ်နိုင်ရေး ဖန်တီးပေးရန်လိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ တွေ့ဆုံမှုသည် ပြင်ဦးလွင်ဒေသ၌ ကော်ဖီစိုက်ပျိုးမှုများ အောင်မြင်တိုးတက် ဖြစ်ထွန်း စေရေးအတွက်ပင်ဖြစ်ကြောင်း၊ ကော်ဖီလုပ်ငန်းကိုထိခိုက်စေနိုင်မည့် ရောဂါပိုး အန္တရာယ် ကျရောက်မှုများအပါအဝင် အခြားသော စုပေါင်းဆောင်ရွက်ရမည့် လုပ်ငန်း ရပ်များကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကော်ဖီသည် နှစ်ရှည် သီးနှံပင်အတွင်း၌ ပါဝင်သည့်အတွက် မျိုးကောင်းမျိုးသန့်များဖြစ်ရန်လိုအပ်ကြောင်း၊ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည် အရင်းအနှီးများ၍ ကာလရှည်လုပ်ငန်းဖြစ်ပြီး အချိန် တစ်ခုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အောင်မြင်အောင်လုပ်ဆောင်ရမည် ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကိုလည်း အမြဲမပြတ်လေ့လာနေရန်လို ကြောင်း၊ အစုအဖွဲ့နှင့် လုပ်ဆောင်ရသည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆောင်ရွက်ရမည့်၊ လိုက်နာရမည့်ကိစ္စရပ်များကို အတူတကွ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ရန်လို ကြောင်း။

MSME လုပ်ငန်းများနှင့်ပတ်သက်၍ ထုတ်ကုန်များအရည်အသွေးမြှင့်တင် နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အိမ်တွင်းစက်မှု လုပ်ငန်းအဆင့်သာမဟုတ်ဘဲ ဒေသအဆင့်၊ နိုင်ငံအဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များ ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်းများကို အရည် အသွေးမြှင့်တင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင် ရွက်သူများ ဆွေးနွေးညှိနှိုင်း၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားစေ လိုကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ကော်ဖီထုတ်ကုန်များနှင့် ဒေသထွက်စားသောက်ကုန်များအား ကြည့်ရှုအားပေး

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက် ကော်ဖီထုတ်ကုန် များနှင့် ဒေသထွက်စားသောက်ကုန်ပစ္စည်းများကို  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။