နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ – ၂၄

         ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။

         အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ တင်မောင်အေးနှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

         ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စိန့်မိုင်ကယ်ကက်သလစ် ဘုရားကျောင်းသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ တင်မောင်အေး၊ ဘုန်းတော်ကြီး စိုးလင်းအောင်နှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

         ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြီး ခရစ္စမတ်မွေးနေ့အခမ်းအနားအား အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးကာ ခရစ်ယာန်ဘာသာဝင် လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းကြသည်။

         ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံ့တာဝန်များ မအားလပ်သည့် ကြားမှ တိုင်းရင်းသား ပြည်သူများကို ချစ်သည့်စိတ်၊ နိုင်ငံတော် အေးချမ်းငြိမ်သက်စေလိုသည့် ပြင်းပြသည့် ရည်မှန်းချက်များဖြင့် မိမိတို့ ခရစ်ယာန်ဘာသာဝင်များကို အလေးအနက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးသည့်အတွက် မိမိတို့ ခရစ်ယာန် ဘာသာဝင်များအနေဖြင့် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ အဖွဲ့ဝင်များအားလုံး ခရစ္စမတ်ကာလတွင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝပါစေကြောင်းဖြင့် နှုတ်ခွန်းဆက်စကားပြောကြားသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ခရစ်ယာန်ဘာသာဝင်များအနေဖြင့် ခရစ္စမတ်ပွဲတော် အစီအစဉ်များကို နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပကြလေ့ရှိကြပါကြောင်း၊ အထူးသဖြင့် နှစ်စဉ်ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ထားသည့် ဒီဇင်ဘာ ၂၅ ရက်နေ့တစ်ဝိုက်တွင် ကျင်းပကြပြီးလူတစ်ဦးနှင့် တစ်ဦး မေတ္တာ၊ ကရုဏာကိုပြသကာ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းများဖြင့် ကျင်းပကြသည့်အတွက် ယနေ့သည် ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သည့် နေ့ထူးနေ့မြတ် ဖြစ် ကြောင်းကိုလည်း ဂုဏ်ပြုပြောကြားလိုပါကြောင်း။

ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်အခါသမယတွင် ခရစ်ယာန် ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ခရစ်ယာန်ဘာသာဝင်များ အားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာ ရှိကြပါစေဟု ထပ်လောင်းဆန္ဒပြု မေတ္တာပို့သအပ်ပါကြောင်း။

         ခရစ္စမတ်ပွဲတော် ဝတ်ပြုကိုးကွယ်မှုဆောင်ရွက်ခြင်း၏ အနှစ်သာရသည် လူသား မျိုးနွယ်များအပေါ် ဘုရားရှင်၏ ကြီးမားလှသည့် မေတ္တာတရားများ၊ ချစ်ခြင်းတရားများ၊ ကရုဏာတရားများကို မျှဝေပေးခြင်း၊ ပြသပေးခြင်းဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦး မေတ္တာ တရား၊ ချစ်ခြင်းတရားများနှင့် ခရစ္စမတ်၏အနှစ်သာရကို လူသားအားလုံးက တည်ဆောက် ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ လူသားအားလုံး ငြိမ်းချမ်းသာယာဝပြောသည့် လူ့အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းမှသည် အေးချမ်းသာယာသည့်ကမ္ဘာကြီးအဖြစ် ရောက်ရှိလာနိုင်မည် ဖြစ်ပါကြောင်း။

         ကမ္ဘာပေါ်တွင် ကိုးကွယ်မှုဘာသာများစွာရှိပြီး အဓိကဘာသာကြီး  ၄ ခုအဖြစ် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာတို့ကို သတ်မှတ်ထားကြပါကြောင်း၊ မည်သည့်ဘာသာကို ကိုးကွယ်သည်ဖြစ်စေ ဘာသာတိုင်းသည် လူသားများအတွက် လောကီအကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှု၊ မေတ္တာတရား၊ ချစ်ခြင်းတရား၊ ကရုဏာတရားများကိုသာ ညွှန်းပြပေးနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

တစ်နည်းအားဖြင့် လူသားများ၏ ကိုယ်ကျင့်တရားများနှင့် ယဉ်ကျေးမှုများကို ချမှတ်ပုံဖော်ပေးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး အမုန်းတရားနှင့် ရန်ငြိုးရန်စ အာဃာတများကို စွန့်ပယ်ကြရန်၊ အကြမ်းဖက်ဖျက်ဆီးမှု၊ သတ်ဖြတ်ညှဉ်းဆဲမှု၊ ဒုစရိုက် အစုစုတို့ကို ရှောင်ကြဉ်ကြပြီး လူ့ဘောင်လောကကို ငြိမ်းချမ်းစေရန်၊ သာယာဝပြောစေရန် ဘာသာ တရားအသီးသီးက စောင့်ရှောက်ပေးထားပါကြောင်း၊ ဘာသာတရား၏ ညွှန်ပြမှု အဆုံးအမများကို လိုက်နာကျင့်သုံး၊ ကျင့်ကြံကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့အသိုက်အဝန်း၊ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံအဖြစ် မလွဲမသွေ တည်ရှိနေမည် ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။

         မြန်မာနိုင်ငံတွင် နိုင်ငံသားအများစုကိုးကွယ်သည့် ဗုဒ္ဓဘာသာသာသနာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဘာသာ သာသနာတို့အပြင် အခြားဘာသာများကိုလည်း အသိအမှတ်ပြုထားပါကြောင်း၊ ဥပဒေများနှင့် မဆန့်ကျင်ဘဲ တိုင်းရင်းသားလူမျိုးများနှင့် အခြားဘာသာသာသနာများကို ထိခိုက်နစ်နာမှုမရှိဘူးဆိုပါက မိမိတို့ကိုးကွယ်သည့် ဘာသာ သာသနာကို လွတ်လပ်စွာဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊  အသိအမှတ် ပြုထားသည့် ဘာသာသာသနာများကိုလည်း တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

         မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်းပဝေသဏီကတည်းက အတူတကွ နေထိုင်ခဲ့ကြပါကြောင်း၊ မည်သည့် ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားဖြင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း အကြားတွင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစား ယုံကြည်မှု လျော့ပါးပြီးမသင့်မြတ်အောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြု ကာကွယ်ကြရန် လိုအပ်ပါကြောင်း။

         ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါကြောင်း၊ ဘာသာတရား တိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင် လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ် ဖိတ်ခေါ် ကြိုဆိုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူ အုပ်ချုပ်သည့် အစိုးရတိုင်းသည် ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား အစဉ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါ ကြောင်း။

         မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှနည်းလမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ ပြောကြားလိုပါကြောင်း။

မိမိတို့နိုင်ငံတွင် ချမှတ်ထားသည့် အမျိုးသားရေးရည်မှန်းချက်(၂)ရပ်မှာ တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံပေါများရေးတို့ ဖြစ်ပါကြောင်း၊ ဘာသာသာသနာ၏ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း”ဖြစ်သည့်အတွက် ငြိမ်းချမ်းခြင်းနှင့်အတူ တိုင်းပြည်သာယာဝပြောရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ထပ်မံ တိုက်တွန်းလိုပါကြောင်း၊ ဘာသာတရားအဆုံးအမများနှင့်အညီ စည်းကမ်း တကျနေထိုင် လုပ်ကိုင်ခြင်းသည် သာယာဝပြောမှုကို ရစေမည်ဖြစ်ပါကြောင်း၊  စားရေရိက္ခာ ဖူလုံပေါများ ခြင်းသည်လည်း တိုင်းပြည်သာယာဝပြောခြင်းကို တိုက်ရိုက်အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝန်းဘာသာပေါင်းစုံ၊ ပြည်သူအားလုံး ဘာသာတရား နှင့်အညီ ကိုယ်စီထိန်းသိမ်းကြိုးစားလုပ်ဆောင်သွားကြရန်လိုပါကြောင်း။

         ၂၀၂၃ ခုနှစ်အတွက် ကျင်းပသည့် ခရစ္စမတ်နေ့ထူးနေ့မြတ် အခါသမယမှစ၍ မြန်မာနိုင်ငံတွင် အဓိကလိုအပ်နေသည့် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ အမြန်ရောက်ရှိနိုင်ရေးနှင့် ဘာသာတရားအားလုံး ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး ဟူသည့် ကောင်းမြတ်သောအခွင့်အရေးများကို မိမိတို့နိုင်ငံသားများအားလုံး ရရှိနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

         လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော်ကာလသည် ခရစ်တော်မွေးဖွားသည့် ညအခါ သမယတွင် ကောင်းကင်တမန်များက သိုးထိန်းနေသည့်သိုးထိန်းများကို ကိုယ်ထင်ရှား ပြပြီး “ရှင်လုကာအခန်းကြီး ၂ အခန်းငယ် ၁၄” မှာ “Peace on Earth and Good will toward men” “မြေကြီးပေါ်တွင်လည်း ငြိမ်သက်ခြင်းရှိစေသတည်း၊ လူတို့အား မေတ္တာ ကရုဏာရှိစေသတည်း”ဟု ပြောကြားသည်ကိုဖော်ပြထားပါကြောင်း။

         ဘာသာရေးသည် လူသားများအတွက် စိတ်ဝိညာဉ်ဆိုင်ရာ ယုံကြည်မှု၊ ခိုလှုံမှုဖြစ် သကဲ့သို့ ကြီးမားသည့်အင်အားလည်း ဖြစ်ပါကြောင်း၊ လူသားများကောင်းကျိုးအတွက် လိုအပ်နေသည့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ရာတွင် ဘာသာရေးအပိုင်းမှ ပါဝင်ဆောင်ရွက်ခြင်းသည်လည်း အကျိုးကျေးဇူး ကြီးမားနိုင်သည်ဟု ယုံကြည်ပါကြောင်း။

ယနေ့အစီအစဉ်ကို ဦးဆောင်ကျင်းပသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ပြည်ထောင်စုအဆင့် ဌာနဆိုင်ရာလူကြီးမင်းများ၊ တပ်မတော် အရာရှိကြီးများ၊ အထူးဧည့်သည်တော်များနှင့် နိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မေတ္တာတရားပွားများနိုင်ကြပါစေ၊ ပျော်ရွှင်ခြင်း၊ ရွှင်လန်းခြင်း၊ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းနဲ့အတူ ခရစ္စမတ်၏ ကောင်းခြင်း မင်္ဂလာ အဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

         ယင်းနောက် ဆရာတော် ရှာမိုအေးလ က အထူးဆုမွန်ကောင်းတောင်းစကားပြော ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့်ဆရာတော်များ၊ သီလရှင်များ၊ ကက်သလစ် လူငယ်အဖွဲ့များ၊ ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများနှင့်အတူ “တိတ်ဆိတ်ည သန့်ရှင်းည ကျူး” ဓမ္မသီချင်းကို စုပေါင်းသံပြိုင်သီဆိုချီးမွမ်းကြသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့ထံ ဘုန်းတော်ကြီး စိုးလင်းအောင်နှင့် သီလရှင် နော်ဂျူးဒစ်တို့က ခရစ္စမတ်အမှတ်တရ  လက်ဆောင်ပစ္စည်းများပေးအပ်ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင် သစ်သီးခြင်းနှင့် အလှူ‌ငွေများ ပြန်လည်ပေးအပ်သည်။

         ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်း အနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာတော်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်သဟာယ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။