နေပြည်တော် မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် ဇနီး ဒေါ်ကြူကြူလှ သည် ယနေ့ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ Mrs. Valentina Matvienko နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီရုံး၌ တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌက ရုရှားဘက်မှ တာဝန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးသည်။
ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ ရမှုများ အတွက် ထပ်တူကြေကွဲဝမ်းနည်းမိပါကြောင်း၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအနေဖြင့်လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရုရှား ဖက်ဒရေး ရှင်းနိုင်ငံတွင် အမျိုးသမီးစောင့်ရှောက်မှုစီမံကိန်းများရှိပြီး ယူရေးရှား အမျိုးသမီးဖိုရမ်(Eurasian Women’s Forum)ကို သုံးနှစ်တစ်ခါ ပြုလုပ် လျက်ရှိကြောင်း၊ ယင်းဖိုရမ်တွင် ကလေးငယ်များနှင့် အမျိုးသမီး များ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် လုပ်ဆောင်ပေးလျက်ရှိပြီး အမျိုးသမီး များနှင့် ပတ်သက်သည့် စီမံကိန်းများတွင် မြန်မာနိုင်ငံ အနေဖြင့်လည်း ပါဝင်လာနိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက ပြန်လည်ပြောကြားရာတွင် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေး ဒဏ်ကြုံတွေ့ခဲ့အပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ဘက်ပေါင်း စုံမှ ကူညီထောက်ပံ့ပေးမှုများသည် မြန်မာနိုင်ငံအတွက် အထောက်အကူ များစွာဖြစ်စေပြီး ပူးပေါင်းဆောင်ရွက်မှု များကို အရှိန်မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်နိုင်ငံအကြား ပညာရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်သွား နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော်ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။