နေပြည်တော် မေ ၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့တက်ရောက်ရန်အတွက် မော်စကိုမြို့သို့ရောက်ရှိနေ သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev နှင့် Ritz Carlton ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကာဇက်စတန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ကာဇက်စတန်နိုင်ငံသမ္မတနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကာဇက်စတန်နိုင်ငံသမ္မတက မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအပေါ် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုတို့နှင့်ထပ်တူ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ထိခိုက်ဆုံးရှုံးခဲ့ရမှုများကို နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့လက်တွဲ၍ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံးဆောင်ရွက်၍ ကျော်ဖြတ်သွားနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံ ရေးထူထောင်ခဲ့သည်မှာ ၂၅ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ကာဇက် စတန်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးအနေဖြင့်လည်း ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း၌ သံအမတ်ခန့်အပ်လွှာကို အဆွေတော်ထံသို့ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့ရမှုများ၊ ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် အဆွေတော် အနေဖြင့် ထပ်တူဝမ်းနည်းကြောင်း၊ စာနာ ထောက်ထားကြောင်းနှင့် မြန်မာ နိုင်ငံ အတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကာဇက်စတန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။