နေပြည်တော် မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ပေါလစ်ဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးအကြီးအကဲဖြစ်သူ Mr. CAI Qi ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာ ကော်မရှင်အကြီးအကဲ၊ နိုင်ငံခြား ရေးဝန်ကြီး Mr. WANG Yi၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီး များနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ရုရှားနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ဆုံးရှုံးရမှုများ အတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွ လက်တွဲ၍ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များကို အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံ ရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည် ပြောကြားရာတွင် မိမိတို့မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံ တွေ့နေရ သည့်အချိန်၌ အဆွေတော်အနေဖြင့် မြန်မာ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ် နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေး ခဲ့ပါ ကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှုအပြီးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ်သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ငလျင်လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွက်အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လည်း ပေးအပ်ခဲ့ကြောင်း၊မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ်နိုင်ငံအစိုးရ၏ ကူညီ ဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေမည်ဖြစ်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကိုဆက်လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံ လိုပါကြောင်း။တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ လေ့လာရေး အဖွဲ့များကိုလည်းဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ်မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွား ရန်နှင့် အိမ်နီးချင်းနိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင် ရေးကြိုးပမ်းဆောင်ရွက်နေမှု အပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို များစွာ အထောက် အကူဖြစ်စေသည့်အပြင် နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမှ ဆွေးနွေးပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး ၅ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေး လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲအား အားပေးထောက်ခံ လျက်ရှိမှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် တရုတ်ပြည် သူ့ သမ္မတနိုင်ငံသမ္မတတို့သည် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။