နေပြည်တော် မေ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့်ဇနီး ဒေါ်ကြူကြူလှ သည် ကောင်စီတွဲဖက် အတွင်းရေးမှူး၏ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၏ ဇနီး၊ မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်မေစိုး၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၏ဇနီးနှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေဝါဒဗုဒ္ဓဝိဟာရစင်တာသို့ သွားရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒဗုဒ္ဓဝိဟာရစင်တာသို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်အစ္ဆရိယနှင့် သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များဟောကြားတော်မူသည့် အနုမောဒနာ တရားကိုနာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးနှင့် အဖွဲ့ဝင်များသည် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခဲ့ကြသည်။