နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ဆိုင်ရာဆောင်ရွက်နေမှုအခြေအနေများကိုစစ်ဆေး

နေပြည်တော်   မေ  ၂၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)    ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊  ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ    အဆင့်မြင့်တပ်မတော်အရာရှိကြီးများလိုက်ပါ၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏     စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာ   ဆောင်ရွက်ထားရှိမှုအခြေအနေများအား စစ်ဆေးသည်။

ဦးစွာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်က   တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး၊ တရားဥပဒေစိုးမိုးရေး၊ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်နေသူများ မရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မဲခေါင်မြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ဒေသလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နယ်စပ် ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ တရားမဝင်လူကုန်ကူးမှုများမရှိစေရေး၊

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိမှု၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်နိုင်မှုနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ပြင်ပပေါက်ဈေးထက်   သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးနိုင်မှုနှင့် အခြားလိုအပ် သည်များကို ရှင်းလင်းတင်ပြသည်။

ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြုနေရန်နှင့် အလေးအနက်ထား ဆောင်ရွက်သွားရန်လိုရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်များ အလိုက် မိမိတို့ တာဝန်ယူထားရသည့် နယ်မြေအတွင်း စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများကို အောင်မြင်အောင် လုပ်ဆောင် နိုင်ရန်လိုကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်လာပါက အစဉ်အမြဲ ဂရုပြု နေရန်နှင့် အလေးအနက်ထား   ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်းစစ်ဌာနချုပ်   ကွပ်ကဲမှု အောက်ရှိ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝ နေရန်လိုအပ်မည်ဖြစ်ပြီး တစ်ဦးချင်းစီအလိုက်၊ တပ်ရင်းတပ်ဖွဲ့အလိုက်     လေ့ကျင့်ရ မည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း    အမြဲမပြတ် လေ့ကျင့် ပေးနေရန်လိုအပ်မည်ဖြစ်ကြောင်း၊အဆင့်ဆင့်သောခေါင်းဆောင်များကိုယ်တိုင်ကစည်းကမ်း ကောင်းမှသာလျှင် စည်းကမ်းကောင်းမွန်ပြီး တိုက်စွမ်းရည်တိုက်စွမ်းအား ကောင်းမွန် သည့်တပ်များဖြစ်လာမည်ဖြစ်ကြောင်း။

တပ်ဌာနချုပ်များ၊ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသည့် တပ်ရင်း၊ တပ်ဖွဲ့များ အနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ နယ်မြေဒေသ၏   မြေအနေအထားနှင့် သတင်းအချက်အလက်များ၊  လမ်းပန်း ဆက်သွယ် ရေးဆိုင်ရာများ၊  လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို     အချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ထားမှသာလျှင်အောင်မြင်မှုများရရှိနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ လုပ်သင့်သည်များကိုမှန်မှန်ကန်ကန်ဆောင်ရွက်နေမည်ဆိုပါကမည်သည့်စစ်ဆင်ရေး၊လုံခြုံရေးဆိုင်ရာ   ကိစ္စရပ်များကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။

တပ်မိသားစုဝင်များ၏သက်သာချောင်ချိရေးဖြည့်ဆည်းဆောင်ရွက်ပေးရမည်သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့်   ထောက်ပံ့ငွေများကို တိုးမြှင့်ပေး လျက်ရှိ ကြောင်း၊  တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ပေးခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သက်သာချောင်ချိမှုကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ အနီးကပ် ကြပ်မတ် ကွပ်ကဲနေရသည့်  တပ်မှူးများအနေဖြင့် မိမိတပ်နှင့်မိမိစစ်သည်များ၏ လုပ်ငန်းခွင် အခက်အခဲများ၊  အုပ်ချုပ်မှုဆိုင်ရာအခက်အခဲများနှင့် စားဝတ်နေရေးဆိုင်ရာ အခက် အခဲများကို စဉ်ဆက်မပြတ် စောင့်ကြည့်အကဲခတ်သိရှိနေရန်လိုပြီး တတ်နိုင်သရွေ့  ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် စစ်သည်တစ်ဦးချင်း၏ စားရေး၊ နေရေး၊ ဝတ်ရေး၊ ကျန်းမာရေးတို့ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်း ဆောင်ရွက်ပေးထား ပြီးဖြစ်သည့်အတွက် ၎င်းတို့၏ လူနေမှုဘဝမြှင့်တင်ရေးနှင့် စည်းကမ်းစနစ်တကျ နေထိုင်သွားလာ စားသောက်မှုဖြစ်စေရေးအတွက် အနီးကပ် ကွပ်ကဲနေရသည့် တပ်မှူးများက ထိန်းသိမ်းတည့်မတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း။

စစ်သည်တစ်ဦးချင်းအနေဖြင့် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို ပိုင်နိုင် စွာတတ်မြောက်ရမည်၊ တပ်ဆင်ပေးထားသည့် လက်နက်ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်၊   ရဲစွမ်းသတ္တိရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက အရည်အချင်းရှိသည့် တပ်ရင်း၊ တပ်ဖွဲ့များ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေခံလူထု၏ အကျိုးစီးပွား ဖော်ဆောင်ရေးတို့ကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက်ရှိ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ် ကြောင်းဖြင့်မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။