နေပြည်တော် မေ ၂၇
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအဆောက်အဦနှင့် အလုပ်သမားဝန်ကြီးဌာနရုံးအဆောက်အဦတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့လိုက်လံကြည့်ရှုစစ်ဆေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦသို့ရောက်ရှိကြပြီး အပျက်အစီးများဖယ်ရှားရှင်းလင်းပြီးစီးမှု၊ အန္တရာယ်ရှိသည့်အပျက်အစီးများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ရုံးခန်း အဆောက်အဦများ၌ ထိခိုက်ပျက်စီးမှု၊ ရုံးအဆောက်အဦရှေ့၌ Prefabricated Office များဖြင့် ယာယီရုံးခန်းများဖွင့်လှစ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန၌ Prefabricated Office များဖြင့် ယာယီရုံး ခန်းများဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်မှုပြတ်တောက်မှုမရှိစေရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရုံးခန်းများအလိုက် လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အလုပ်သမားဝန်ကြီးဌာန ရုံးအဆောက်အဦပတ်လမ်းအတိုင်း ထိခိုက်ပျက်စီးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင် များဖြင့် စစ်ဆေးချက်များအရ ရုံးအဆောက်အဦအား အပိုင်းအလိုက် ပြန်လည်ပြုပြင် တည်ဆောက်နိုင်မည့်အခြေအနေများ၊ ဖြိုချဖျက်ဆီးရမည့်အပိုင်းများကို စနစ်တကျ ဖြိုချဖျက်ဆီးသွားမည့် အခြေအနေများ၊ရုံးအနောက်ဘက်ခြမ်း၌ မြေထိန်းနံရံကို စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အဆောက်အဦနှင့် အလုပ်သမား ဝန်ကြီးဌာနရုံး အဆောက်အဦတို့သည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုကြီးမားခဲ့ ရသည့် အဆောက်အဦများစာရင်း၌ပါဝင်ကြောင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်ခိုင်ခံ့မှုရှိစေရန်နှင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦ များဖြစ်စေရေးအတွက် ငလျင်ဆိုင်ရာပညာရှင်များ၊ ဆောက်လုပ်ရေးဆိုင်ရာပညာရှင် များ၏ အကြံဉာဏ်များရယူခြင်း၊ မြေအရည်အသွေးစမ်းသပ်စစ်ဆေးခြင်း၊ စနစ်တကျ တွက်ချက်၍ တည်ဆောက်ခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ကနဦးဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်၍ ရုံးအဆောက်အဦများပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကိုသတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေးဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။