နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘယ်လာရုစ်သမ္မတနိုင်ငံရှိပညာတော်သင်သင်တန်းသားအရာရှိများအားတွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်  ဇွန်  ၂၇

ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ညနေပိုင်းတွင် ဘယ်လာရုစ် သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများအား တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံရှိ ပညာတော်သင် သင်တန်းသားအရာရှိများ တက်ရောက်ကြသည်။      

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများသို့ ပညာတော်သင် သင်တန်းသားများ စေလွှတ်ပေးလျက်ရှိပြီး    အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရာတွင် လူသား အရင်းအမြစ်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံတွင် ပညာတော်သင်များအဖြစ် စိစစ်ရွေးချယ် စေလွှတ်ခံကြရသူများဖြစ်သဖြင့် မိမိကိုယ်ကိုတန်ဖိုးထားကြရန်၊ မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက်ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဦးချင်းစီသင်ကြားရသည့်သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် ပိုင်နိုင်ကျွမ်းကျင်စွာ တတ်မြောက်နားလည်နိုင်ရေး ကြိုးပမ်း သွားရန်လိုသကဲ့သို့ ပြောင်းလဲ တိုးတက်နေသည့် နည်းပညာများကိုလည်း စဉ်ဆက် မပြတ်လေ့လာအားထုတ်သွားကြရန်လိုကြောင်း။

တပ်မတော်သားများသည် အခြေခံအားဖြင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး လုပ်ငန်းများအောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်ကြသူများဖြစ်ကြကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိကိုယ်ကိုတန်ဖိုး ထားပြီး မိမိတို့ဘဝတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေထိုင်ကာ ကြိုးစား အားထုတ်နေထိုင်သွားလာခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့အနေဖြင့်ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အားတာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ လွှတ်တော်ခေါ်ယူ ဆောင်ရွက်ခြင်းသည် နိုင်ငံရေးအရ အကောင်းဆုံးဖြေရှင်းခြင်းပင်ဖြစ်ကြောင်း၊ လွတ်လပ်၍တရားမျှ တသည့်ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီကို တန်ဖိုးထားသူများအနေဖြင့် ဆန္ဒမဲပေးရာတွင် ပါဝင်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲ ဖြစ်စေရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသား အရာရှိများအနေဖြင့် နိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့်နိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်များကို မှန်မှန်ကန်ကန်သိရှိနိုင်ရန်   လိုအပ်မည်ဖြစ်ကြောင်း ဖြင့် မှာကြားပြီး နိုင်ငံတော်၏နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍အကျယ် တဝင့်ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က သင်တန်းသား အရာရှိများအတွက် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။