မြန်မာနှင့်ဘယ်လာရုစ် နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်
နေပြည်တော် ဇွန် ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင်ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr. Alexander Gregoryevich Lukashenko နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတက ရင်းနှီးနွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။ယင်းနောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ရာ တွေ့ဆုံပွဲသို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ်လိုက်ပါသွားသည့်ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီးတို့တက်ရောက်ကြပြီးဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတနှင့်အတူ ဘယ်လာရုစ်အစိုးရအဖွဲ့မှအဆင့်မြင့်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများတက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတက အဆွေတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက် မိပါကြောင်း၊ ယခုအကြိမ်တွေ့ဆုံမှုတွင် ယခင်က တွေ့ဆုံဆွေးနွေးမှုများတွင် ဆက်လက် ဆွေးနွေးရန်ကျန်ရှိသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနှင့်ဘယ်လာရုစ်နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်သွားရန် အထူးစိတ်ဝင်စားမှုရှိပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်မြေပုံ(Action Plan)ကို နည်းဗျူဟာ၊ မဟာဗျူဟာကျကျ ရေးဆွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခန်းကဏ္ဍတို့တွင်သာမက စီးပွားရေး အခန်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်လည်း မိမိအနေ ဖြင့် ဆန္ဒရှိကြောင်းကိုပြောကြား လိုကြောင်း၊ မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်မှုများ ကိုလုပ်ဆောင် သွားရန် ဘယ်လာရုစ်နိုင်ငံအနေဖြင့် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့်ပြောကြားပြီးဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးက ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက် မှုများလုပ်ဆောင်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ စတုတ္ထအကြိမ်ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 – EEF 2025)အား အိမ်ရှင်အဖြစ်ကျင်းပနေချိန် လုပ်ငန်းတာဝန်များ များပြားသည့်ကြားမှ လက်ခံတွေ့ဆုံဆွေးနွေးရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ်တွင် ဘယ်လာရုစ်နိုင်ငံအနေဖြင့်ကယ်ဆယ်ရေးအဖွဲ့ဝင်များ အမြန်ဆုံးစေလွှတ်ပေးပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ခြင်းနှင့် လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပံ့ပိုးပေးခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိသည်ကိုမြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကိုယ်စား ထပ်လောင်း ပြောကြားလိုပါကြောင်း။
စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 – EEF 2025)သို့ တက်ရောက်ရသည့်အတွက် မြန်မာနိုင်ငံနှင့် (EAEU) အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများစွာကိုလည်းရရှိခဲ့ကြောင်း၊ မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံအကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်ပေါင်းစုံရှိနေပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို သွားရောက်လေ့လာခဲ့ကာ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံသမ္မတတို့သည်နှစ်နိုင်ငံအကြား ရှိပြီးဖြစ်သည့်ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် သည့်အခြေအနေများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတတို့သည် စတုတ္ထအကြိမ် ဥရောပ-အာရှစီးပွားရေးဖိုရမ် (Eurasian Economic Forum 2025 – EEF 2025) သို့တက်ရောက်လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၊ကာဇက်စတန်နိုင်ငံသမ္မတ၊ ကာဂျစ်စတန်နိုင်ငံသမ္မတ၊ ဥရောပ-အာရှ စီးပွားရေးကော်မရှင်(EEC) ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ EAEU Observers နိုင်ငံဖြစ်သည့် ဥဇဘက်ကစ္စတန်နိုင်ငံသမ္မတ၊ ဖိတ်ကြားထားသည့် နိုင်ငံများဖြစ်ကြသည့် မွန်ဂိုလီးယားနိုင်ငံ၊ ယူအေအီးနိုင်ငံတို့မှ အစိုးရအဖွဲ့အကြီးအကဲ ကိုယ်စားလှယ်များ နှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြသည်။