နေပြည်တော် ဇူလိုင် ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိတပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံမှူးက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် စက်ရုံသမိုင်းအကျဉ်း၊ စက်ရုံ၌ တပ်ဆင်အသုံးပြုလျက်ရှိသည့် စက်များ၏ စွမ်းဆောင်နိုင်ရည်၊ ကရုန်းသားရေ၊ ဆိုးလ်သားရေနှင့် ဆိတ်သားရေတို့အား တစ်နှစ်လျှင်သားရေ ကုန်ကြမ်းထုတ်လုပ်ပေးနိုင်မှုနှင့်ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်၊ စက်ရုံဝန်ထမ်းများအတွက် သက်သာချောင်ချိရေးဆောင်ရွက်ပေးနိုင်မှုတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေဖြင့် တပ်မတော်သားများ၏ဝတ်ရေးအတွက် အဆင်ပြေမှုရှိစေရေး တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် အဝတ်အထည်၊ အသုံးအဆောင်များဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတကာတွင်လည်း အစိုးရများအနေဖြင့် တပ်မတော်သားများ၏ဝတ်ရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက်ပေးမှုများရှိကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် တပ်မတော်သားအားလုံး၏ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အရည်အသွေးမြင့်ကုန်ပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ကောင်းရုံဖြင့်မရဘဲ လက်ရာများလည်း ကောင်းရန်လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)အနေဖြင့် ယခုထုတ်ကုန်ပစ္စည်းများ၊ အရည်အသွေးများဖြင့် ကျေနပ်နေ၍မရဘဲ အရည်အသွေးပိုမိုမြင့်မားသည့် သားရေကုန်ကြမ်းထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပုဂ္ဂလိက သားရေအချောထည်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် သားရေကုန်ကြမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှသားရေထုတ်လုပ်မှုနည်းစဉ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆောင်ရွက်သွားရန်လိုကြောင်း၊ ဖိနပ်လုပ်ငန်းအတွက်လိုအပ်သည့် သားရေများအပြင် အခြားလုပ်ငန်းသုံး သားရေပစ္စည်းများထုတ်လုပ်နိုင်ရေးအတွက်လည်း အရည်အသွေးမြင့်သားရေများထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်သားရေစက်ရုံ (မိတ္ထီလာ)အတွင်းလှည့်လည်၍ သားရေ ရေစို ဌာန၊ သားရေ အချောကိုင်ဌာန၊ သားရေ ဆိုးလ်ဌာနတို့အတွင်း သားရေကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြသထားသည့် တပ်မတော်သားရေစက်ရုံ(မိတ္ထီလာ)မှ ထုတ်လုပ်ထားရှိသော သားရေကုန်ကြမ်းများအား ကြည့်ရှုကာလိုအပ်သည်များ လမ်းညွှန်မှာကြားပြီး စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။