အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်အားဦးဆောင်စိုက်ပျိုးပေး

နေပြည်တော် ဇူလိုင်  ၁၁

မြန်မာနိုင်ငံတွင်  ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့် ပြင်းထန်သည့်အပူချိန် မြင့်တက်မှုများကို  အဓိကရင်ဆိုင်ကြုံတွေ့နေရသည့်  မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဒေသများဖြစ်သော   စစ်ကိုင်းတိုင်းဒေသကြီး၊   မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့သည်  မိုးနည်းသည့်ဒေသများဖြစ်ပြီး  အပူဒဏ်ကိုအများဆုံး   ထိတွေ့ခံစားရသည့်ဒေသများဖြစ်သည်။ သို့ဖြစ်ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့်မိုးခေါင်ရေရှားမှုတို့ကို သဘာဝအခြေပြုဖြေရှင်းနည်းဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊သဘာဝတောများထိန်းသိမ်းခြင်း၊ လေကာတန်းများစိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော  စိုက်ပျိုးနည်းစနစ်များကျင့်သုံးခြင်း၊  ရေအရင်းအမြစ်များစနစ်တကျစီမံခြင်း  စသည့်နည်းလမ်းများဖြင့်ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ထိုသို့ဆောင်ရွက်သည့်အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်းရှိ မြို့နယ် ၂၉ မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ  သတ်မှတ်နေရာများအသီးသီး၌ တစ်ချိန်တည်းတစ်ပြိုင်တည်းကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊  လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌  ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

အဆိုပါ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်သို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်  ဦးမင်းနောင်၊  ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့အညာဒေသ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး သစ်ပင်စိုက်ပျိုးပွဲကို   နိုင်ငံတော်အဆင့် ဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ယခုကဲ့သို့သစ်ပင်စိုက်ပျိုးခြင်းသည်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ကောင်းမွန်သည့်ဆောင်ရွက်ချက်ပင်ဖြစ်ပြီးပတ်ဝန်းကျင်ကောင်းအောင်  ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊    အထူးသဖြင့် မိတ္ထီလာဒေသအပါအဝင် အညဒေသ ၁၃ခရိုင်သည် ပူပြင်းသည့်ရာသီဥတုရှိသည့် ဒေသများဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ရာသီဥတုပူပြင်းသည့် ဒဏ်ကိုခံစားကြရကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပုဂံ၊ ချောက်၊ ရေနံချောင်း၊ မင်းဘူးစသည့် ဒေသများသည် ကမ္ဘာတွင်အပူဆုံးဒေသအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း။

မိမိကိုယ်တိုင် ချောက်ဒေသသို့သွားရောက်စဉ်ကလည်း ရာသီဥတုပူပြင်းမှုကိုခံစားခဲ့ရကြောင်း၊ ရာသီဥတုပူပြင်းချိန်တွင် လူများ၏နေထိုင်မှုဒုက္ခရောက်ကြရကြောင်း၊ ထို့ကြောင့်   ရာသီဥတုပူပြင်းမှုကို   တစ်ဖက်တစ်လမ်းမှလျှော့ချနိုင်ရန်အတွက် သစ်ပင် စိုက်ပျိုးခြင်းသည် နည်းလမ်းတစ်ခုအနေဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ကမ္ဘာကြီးတွင်  ရာသီဥတုများဖောက်ပြန်ပြောင်းလဲနေပြီး သဘာဝဘေးအန္တရာယ်မျိုးစုံကိုကြုံတွေ့နေရကြောင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာတားဆီး၍ မရ သော်လည်းလူများ၏  ကြိုတင်ကာကွယ်ဖန်တီးမှုများဖြင့် သက်သာလျော့ပါးအောင် ဆောင်ရွက်၍ရကြောင်း၊ ယခုမိမိတို့ သစ်ပင် စိုက်ပျိုးခြင်းကြောင့် အပူချိန်မှာချက်ချင်း လက်ငင်းလျော့ပါးသွားမည်မဟုတ်လည်း သစ်ရိပ်ဝါးရိပ်များ၏ အရိပ်အာဝါသရှိမည်ဆိုပါက အပူဒဏ်ကိုတတ်နိုင်သမျှ လျော့ပါး စေမည်ဖြစ်ကြောင်း၊ စိမ်းလန်းစိုပြေသည့် မြင်ကွင်းများကို မြင်တွေ့ရခြင်းဖြင့်မျက်စိပသာဒကိုဖြစ်ပေါ်စေပြီး လူများ၏ စိတ်နှလုံးကိုလည်း အေးမြစေသည့် အကျိုးကျေးဇူးကို
ရရှိစေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်မှစ၍ နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးပွဲတော်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပြီး သစ်ပင်များ စိုက်ပျိုးလျက်ရှိသကဲ့သို့ တပ်မတော်အနေဖြင့်လည်း စဉ်ဆက်မပြတ်စိုက်ပျိုးဆောင် ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကျိုးရှိသည့် လုပ်ငန်း တစ်ရပ်ပင်ဖြစ်ကြောင်း။

ယနေ့တွင် အပူပိုင်းဒေသ ၁၃ ခရိုင်၌ ပျိုးပင်ပေါင်း ၃၄၉၅၀ ပင်အားစိုက်ပျိုးသွား မည်ဖြစ်ကြောင်း၊ ယခုနေရာများသည် ယခင် တည်းက  စိုက်ပျိုးခဲ့သည့်နေရာများဖြစ် ကြောင်း၊ သို့သော်ရှင်သန်မှုများ အားနည်းခြင်း၊  ဒေသလိုအပ်ချက်အရ  သစ်ပင်များ တရားမဝင်ခုတ်ထွင်ခြင်းများကြောင့် ထိုက်သင့်သလောက် အကျိုးမရရှိခဲ့ကြောင်း၊ ယခု ကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများကျင်းပခြင်းကြောင့် အချိန်၊ လူအင်အားနှင့် ငွေကြေးကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့်မိမိတို့စိုက်ပျိုးသည့်အပင်များ “တစ်ပင်စိုက်၊ တစ်ပင်ရှင်” ဖြစ်အောင် စနစ်တကျစိုက်ပျိုးထိန်းသိမ်းသွားကြရန်လိုကြောင်း၊ မိမိတို့စိုက်ပျိုးသည့် အပင်များအားလုံးရှင်သန်စေရန်အတွက် တာဝန်ရှိသူများက စနစ်တကျဆက်လက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့နိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုများ ကျဆင်းလာကြောင်း၊ ယခုအခါ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံး သစ်တောဖုံးလွှမ်းမှုဧရိယာ ၅၀ ရာခိုင်နှုန်းပြန်လည်ရရှိစေရေး သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊   အဆိုပါသစ်ပင်စိုက်ပျိုးခြင်း၏အကျိုးကျေးဇူးများကို လက်ငင်းခံစား၍မရနိုင်သော်လည်း နောင်၇ နှစ် ၈ နှစ်ခန့်တွင်ခံစားရမည်ဖြစ်ကြောင်း၊မိမိတို့အနေဖြင့်လည်း ယခင်က စိုက်ပျိုးထိန်းသိမ်းခဲ့မှုများကြောင့် သစ်ကြီး ဝါးကြီးများ၏ အရိပ်အာဝါသကို ခံစားရခြင်းဖြစ်ကြောင်း၊ မိမိတို့၏လာမည့်သားစဉ်မြေးဆက် ကိုလည်း ထိုသို့ခံစားရစေလိုသည့်စိတ်ဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း။

သစ်တောသစ်ပင်များထိန်းသိမ်းဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့်ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ လမ်းဘေးဝဲယာတွင်လည်း သစ်ပင်များစိုက်ပျိုးရန်လိုပြီး ခရီးသွားပြည်သူများအနေဖြင့် သစ်ပင်များစိမ်းစိုနေမှုကိုကြည့်၍ မျက်စိပသာဒကိုရရှိပြီး စိတ်ချမ်းသာမှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ထို့ကြောင့်ပတ်ဝန်းကျင်ကိုစိမ်းလန်းစိုပြည်အောင်ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ယနေ့သစ်ပင်စိုက်ပျိုးမှုများဆောင်ရွက်ခြင်းသည် နောင်လာနောက်သားများအတွက်ကောင်းမွန်သည့်ပတ်ဝန်းကျင်ခံစားနိုင်ရန် အတွက် အမွေခံကောင်းကို ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အချိန်နှင့် ငွေကြေးအင်အား၊ လူအင်အားများ ကို   အသုံးပြု၍ဆောင်ရွက်ချိန်တွင်  နိုင်ငံ အတွက် အကျိုးရှိအောင်ဆောင်ရွက်ခြင်းအားဖြင့် ကုသိုလ်ကောင်းမှုများဖြစ်အောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယနေ့ကဲ့သို့ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲဆောင်ရွက်သကဲ့သို့ ဆက်လက်၍လည်း တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အလိုက်၊ ရပ်ကွက်ကျေးရွာများအလိုက် တစ်အိမ်လျှင်တစ်ပင်စိုက်မည်ဆိုပါက     သစ်ပင်များရှင်သန်ဖြစ်ထွန်းပြီး   သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် များစွာအထောက် အကူပြုစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့်အခမ်းအနားသည် မင်္ဂလာရှိ သည့် အခမ်းအနားဖြစ်ပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ကြသူများဖြစ်သဖြင့်တူညီသောအကျိုးကိုခံစားကြရပါစေကြောင်းဆုမွန်ကောင်း    တောင်းပါကြောင်းဖြင့် ‌ပြောကြားသည်။

တမာပျိုးပင်အား ဦးဆောင်စိုက်ပျိုး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တမာပျိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ယင်းနောက်အခမ်းအနားသို့ တက်ရောက် လာကြသည့် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊    ကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများသည် ပျိုးပင်များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည်၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့်ပြုလုပ်သည့်  သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက ပျိုးပင်များအား  တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

ယနေ့ မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ပြုလုပ်သည့် ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် တမာ၊ စိန်ပန်း၊ ကုက္ကို၊ မည်စည်၊ ဒဟတ်၊ ရင်းမာ စသည့် သစ်မျိုး ၆ မျိုး၊ ပျိုးပင်ပေါင်း ၃၂၀၀ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့သည်။

ယနေ့တွင် အပူပိုင်းဒေသ (၁၃)ခရိုင်၊ မြို့နယ်(၂၉)မြို့နယ်အတွင်း  ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄၉၅၀ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့အလားတူ ကျန်ရှိသည့် အပူပိုင်းဒေသ(၁၃)ခရိုင်အတွင်းရှိ မြို့နယ်များ၌လည်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊   စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင်စစ်ကိုင်းတိုင်းဒေသကြီး၊   စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၇၅၀  ပင်၊    မြင်းမူမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ အားသစ်လမ်းနေရာ၌ ၁၀၅၀ ပင်၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုတက္ကသိုလ်၌ ၃၀၀၀ ပင်၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကွန်ပျူတာတက္ကသိုလ်၌ ၆၀၀ ပင်တို့ကိုလည်းကောင်း။

မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ မကွေး-ကံပြားသွား  လမ်းဘေးနေရာ၌ ၂၇၀၀ ပင်၊ ရေနံချောင်းမြို့နယ် မကွေး-ရေနံချောင်းလမ်းမိုင်တိုင် (၃၅၇/၅) အထူးစိမ်းလန်းစိုပြည်ရေးဇုန်၌ ၄၀၀၀ ပင်၊ ချောက်မြို့နယ် ဂွေးချို-ချောက်လမ်းဘေး၊ ဆင်က ကြိုးပြင်ကာကွယ်တောနေရာ၌  ၄၀၀၀ ပင်၊ မြို့သစ်မြို့နယ် မကွေး-ကံပြားလမ်း မိုင်တိုင်(၃၆/၅)နေရာ၌ ၆၀၀ ပင်၊ တောင် တွင်းကြီးမြို့နယ် ဆတ်သွား-ဆင်ပေါင်ဝဲခရိုင်  ချင်းဆက်လမ်းဘေး၌  ၆၀၀ ပင်၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် လေးပင်အိုင် မကြိုးပြင် ကာကွယ်တောအတွင်း ၁၀၅၀ ပင်၊ ပွင့်ဖြူမြို့နယ်  ကျောင်းတော်ရာကျေးရွာပိုင်မြေနေရာ၌ ၃၀၀ ပင်၊ ငဖဲမြို့နယ်အခြေခံပညာအထက်တန်းကျောင်းခွဲ(မင်းလွင်)၌ ၃၀၀ ပင်၊  စလင်းမြို့နယ်တည်ဘိုကန်ကြိုးပြင်ကာကွယ်တော၌ ၃၀၀ ပင်၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ ဆိပ်ဖြူမြို့နယ် ရွှေဟင်္သာဘုရား သွားလမ်းဘေး၌ ၃၀၀ ပင်၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သရက်-မင်းလှ မိုင်တိုင် (၄၄/၃)နေရာ၌ ၆၀၀ ပင်၊ အောင်လံမြို့နယ်၊ ဘွက်ကြီးရေပေါ်ကြိုးဝိုင်း အကွက်အမှတ် (၆၁)၌  ၉၀၀  ပင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အောင်လံ-တောင်တွင်းကြီး မိုင်တိုင်(၂၅၅/၂) တောပုန်းကြိုးပြင်ကာကွယ်တော၌ ၆၀၀ ပင်၊ ကံမမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းဘေး မိုင်တိုင်(၁၅၁/၂  နှင့်  ၁၅၁/၃) အကြား စီကျေးရွာနေရာ၌ ၆၀၀ ပင်တို့ကိုလည်းကောင်း။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အစိုးရနည်း ပညာအထက်တန်းကျောင်း၌ ၁၂၀၀ ပင်၊ စဉ့်ကိုင်မြို့နယ် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ်(ဘယ်လင်း) ၆၀၀ ပင်၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ၆၀၀ ပင်၊ ညောင်ဦးခရိုင်၊    ညောင်ဦးမြို့နယ်၌ ၃၀၀၀ ပင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ကျောက်ပန်းတောင်း – ညောင်ဦးကားလမ်း မိုင်တိုင်အမှတ်(၄/၀)၌ ၆၀၀ ပင်၊ မိတ္ထီလာခရိုင်၊   သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးလမ်းမိုင်တိုင်(၁၈/၀)၌ ၆၀၀ ပင်၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၃၁၄/၀)အနီး၌ ၁၂၀၀ ပင်၊ ရမည်းသင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်(၂၈၀/၀)အနီး၌ ၅၀၀ ပင်တို့ကိုလည်း ကောင်း သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီး ချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီးယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်တက်ရောက်စိုက်ပျိုးပေးသည့် မိတ္ထီလာခရိုင်၊ လိန်တောကြိုးပြင်ကာကွယ်တောနေရာ၌ ကျင်းပပြုလုပ်သည့်သစ်ပင်စိုက်ပျိုးပွဲတော်အပါအဝင် အပူပိုင်းဒေသ (၁၃)ခရိုင်၊ မြို့နယ်(၂၉)မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုစုပေါင်းသစ်ပင် ၃၄၉၅၀ ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့သည်။

မိတ္ထီလာ စီးပွားရေးတက္ကသိုလ်

သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအပြီးတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်သည်အဖွဲ့ဝင်များလိုက်ပါ၍ မိတ္ထီလာ စီးပွားရေးတက္ကသိုလ် သို့ ရောက်ရှိကြရာ တက္ကသိုလ်ပါမောက္ခချုပ်က မန္တလေးငလျင်ကြီးဖြစ်ပေါ်ခဲ့စဉ် တက္ကသိုလ်ခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့မှု၊ ပင်မစာသင်ဆောင်ကြီးနှင့် တက္ကသိုလ်စာကြည့်တိုက်တို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည် ပြုပြင်နိုင်ရေးခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်အဝင်လမ်း တစ်လျှောက် လမ်းအင်္ဂါရပ်နှင့်ပြည့်စုံမှုရှိစေရေးဆောင်ရွက်ပေးသွားရန်၊ သန့်ရှင်းသာယာလှပမှုရှိစေရေးနှင့် မျက်စိပသာဒဖြစ်စေရေးအတွက် သစ်ပင်သစ်ကိုင်းများအား အောက်ခြေရှင်းခြင်း၊ အလင်းဖွင့်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တက္ကသိုလ်အနေဖြင့် ဒေသ၏အကျိုးစီးပွား ဖော်ဆောင်နိုင်ရေးလိုအပ်သည့်သုတေသန လုပ်ငန်းများကိုလည်း   စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့်အခြားလိုအပ်သည်များကို    လမ်းညွှန်မှာကြားပြီး တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။