အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၁၅

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက် ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် ချိတ်ဆက် တက်ရောက် ကြသည်။

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် လာမည့်ဘဏ္ဍာရေးနှစ်သည် ဘဏ္ဍာရေးနှစ်သစ်ဖြစ်သည့် ဧပြီလမှ မတ်လအထိကာလကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့ လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ အခက်အခဲများကို ကျော်လွှားဆောင်ရွက်နိုင်ခဲ့သည်များရှိသကဲ့သို့ အောင်မြင်မှုများ လည်းအသင့်အတင့် ရှိခဲ့ပါကြောင်း၊ ထို့ကြောင့်လာမည့်ဘဏ္ဍာနှစ် နှစ်သစ်တွင် လုပ်ဆောင်မှုများအားလုံးကို မှတ်တမ်းမှတ်ရာများထားရှိ၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ရေးဆွဲထားသည့် စီမံကိန်းများ အောင်မြင် စေရန် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်ပြီး လာမည့်ကာလ အတွက် ရေးဆွဲထားသည့် ရည်မှန်းချက်ကို ပြည့်ဝစွာအကောင်းဆုံး ဆောင်ရွက်နိုင် ရေးနှင့် စွန့်စားရမှု(risk) အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် သွား ကြရမည်ဖြစ်ပါကြောင်း။

ယခုတင်ပြလာသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် အမျိုးသားဖွံ့ဖြိုးမှု(၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံပြီးရေးဆွဲ ထားသည်ကိုလည်း တွေ့ရပါကြောင်း၊ (၅)နှစ် စီမံကိန်းမူဘောင်ကို နှစ်စဉ်စီမံကိန်းများနှင့် ပြန်လည်ချိန် ညှိပြီး ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် နောင်ကာလများတွင် တာဝန်ယူ ဆောင်ရွက်မည့် အစိုးရများက ပြန်လည်သုံးသပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တာဝန်ယူနေသည့် အရေးပေါ်ကာလတွင် ပြည်သူပြည်သားများ၏ စားဝတ်နေရေးဖူလုံရေးနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ ကို တစ်ဆင့်ပြီးတစ်ဆင့်ပြီးမြောက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကိုအားပေးမြှင့်တင်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူ လူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထားဦးစားပေး ဆောင်ရွက်သွား မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ အနေဖြင့် မိမိတို့အဆိုပြုထားသည့် အလျင်အမြန်အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက် မည့် စီမံကိန်းများကို အချိတ်အဆက်မိမိဖြင့် သတ်မှတ်ကာလအတွင်း အကောင် အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်သွားရမည် ဖြစ်ပါကြောင်း၊ အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုကို စနစ်တကျမှတ်တမ်းတင်ပြီး အစီရင်ခံရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာရည်မှန်းထားသည့်အတိုင်း  အကျိုးကျေးဇူးရရှိမည်ဖြစ်ပါကြောင်း။

အလျင်အမြန် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ရန် လိုအပ်သကဲ့သို့ ဆောင်ရွက်ဆဲ စီမံကိန်းကြီးများ အမြန်ဆုံး ပြီးပြတ်စေရေးနှင့် စီမံကိန်း၏အကျိုးရလဒ်များကို ပြည်သူများ အမြန်ဆုံးရရှိ ခံစားနိုင်စေရေးကို အလေးထားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လာမည့်ဘဏ္ဍာ ရေးနှစ်အတွင်း ရန်ပုံငွေထည့်သွင်း လျာထားထားသည့် ဆောင်ရွက်ဆဲလုပ်ငန်းများ ပြီးပြတ်စေရေးကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ပေါင်းစပ်ညှိနှိုင်းပြီး တွန်းအားပေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေနှင့် ပေါင်းစပ်အကောင်အထည်ဖော်မည့် လုပ်ငန်းစီမံကိန်းများကိုလည်း တာဝန်ယူ၊ တာဝန်ခံမှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဦးမော့စေရန်  ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်ရန်အတွက် ဆေးထိုးနှံရေးသည် အဓိကကျသည့်အတွက် ဆေးဝါးများရရှိရေး၊ ဆေးဝါးများကို မြန်မာပြည်အနှံ့ ဒေသအသီးသီးသို့ အလျင်အမြန်ရောက်ရှိစေရေး၊ ဦးတည်အုပ်စု အလိုက် ဆေးထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့ပါကြောင်း။

လာမည့်ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ဆေးထုတ်လုပ်မှုကိုရေတို အစီအစဉ် အနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ  Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို  Ready to fill bulk အနေဖြင့်ဝယ်ယူပြီး ပုလင်းသွင်းဖြည့်တင်း ထုတ်လုပ် နိုင်ရေးကို ဆောင်ရွက်သွားရန်အတွက် ခွင့်ပြုထားပြီးဖြစ်ပါကြောင်း၊ Ready to fill Bulk ဝယ်ယူထုတ်လုပ်ခြင်းဖြင့် ယခုဝယ်ယူအသုံးပြုနေရသည့် ဈေးနှုန်းထက် သက်သာပြီး နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျလာမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း ရည်မှန်းထားသည့်အတိုင်း ထုတ်လုပ်နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုမည်ဖြစ်ပါကြောင်း။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန်အတွက် ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးရန်အတွက် လိုအပ်သည့်အစီအမံများ ရေးဆွဲ ဆောင်ရွက်ရန် အတွက်လည်း လမ်းညွှန်ထားပြီး ဖြစ်ပါကြောင်း၊ ပြည်တွင်းတွင် ထုတ်လုပ်မှု မလုံလောက်မှသာ ပြည်ပမှတင်သွင်းရန်အတွက် စဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် မလိုလားအပ်သည့်စရိတ်များ လျှော့ချနိုင်ရေးနှင့် အရည်အသွေးပြည့်မီရေးကိုလည်း ထည့်သွင်းစဉ်းစား သွားရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဝယ်လိုအား (Demand) လိုအပ်ချက်နှင့် ရောင်းလိုအား (Supply)ပေးနိုင်မှုကို ထိန်းညှိဆောင်ရွက်နိုင်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ရပ်ဆိုင်းထားသည့် စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်အချိန်အတိုင်း လည်ပတ် နိုင်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်းကြီးကြပ် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများအနေဖြင့် ပြည်တွင်းဈေးကွက် လိုအပ် ချက်ကို အရည်အသွေးပြည့်မီစွာ ထုတ်ပေးနိုင်ရန်အတွက် တာဝန်ယူရမည်ဖြစ်သကဲ့ သို့ ဝန်ဆောင်မှုအရည်အသွေး တိုးတက်စေရေးကိုလည်း ထည့်သွင်းအကောင် အထည် ဖော်ပေးရမည် ဖြစ်ပါကြောင်း။

နိုင်ငံအတွင်း အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူများ ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေးအတွက် အားပေးကူညီပေးရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပြုထား သည့်လုပ်ငန်းများအတွက် လုံခြုံမှုနှင့်အခက်အခဲများရှိပါက ဌာနများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အချိန်တိုအတွင်း ဖြေရှင်းဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ အသစ်ဝင်ရောက် ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ရေး အတွက် ခြိမ်းခြောက်ဟန့်တားနေမှုများကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူ နိုင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်း၊ စည်းကမ်းများ တစ်ပြေး ညီဖြစ်စေရေးကိုလည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှု နှင့် ဝန်ဆောင်မှုကို တွန်းအားပေးဆောင်ရွက်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည့် လုပ်ငန်းများကိုလည်း အားပေးမြှင့်တင်သွားရမည်ဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးသာမက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်လည်း အရေးကြီးပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ (၅)နှစ်နှင့် အထက် လူဦးရေ၏ ၁၂ ဒသမ ၈ ရာခိုင်နှုန်းသည်လုံးဝ ကျောင်းမနေဖူးသူများဖြစ် သည်ကိုတွေ့ရပြီး အခြေခံပညာအဆင့်ကို ပြီးမြောက်သည့် ရာခိုင်နှုန်းသည်လည်း ၂၂ ရာခိုင်နှုန်း ကျော်သာရှိသည်ကို တွေ့ရသည့်အတွက် အတန်းပြီးမြောက်မှုနှုန်း မြင့်မား ရေးနှင့် သက်မွေးပညာသင်တန်းများမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင် ရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အဆိုပါအစီအမံများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထားအကောင်အထည်ဖော်ပေးရန် လိုအပ်ပါ ကြောင်း၊ မသင်မနေရပညာရေးအဆင့်ကို မိမိတို့အစိုးရအနေဖြင့် KG+9 ပြီးမြောက်စေ ရန်အတွက် မိဘ၊ ဆရာ၊ ကျောင်းသား အုပ်ချုပ်ရေးအဖွဲ့အစည်းတို့က ကြိုးပမ်းရမည် ဖြစ်သည့့် အပြင်လူမှုအဖွဲ့အစည်းများက ဝိုင်းဝန်းကြိုးပမ်းပေးရမည်ဖြစ်ပါကြောင်း၊ အရည် အသွေးရှိသည့် ပညာရေး စနစ်ဖြစ်စေရန်အတွက် ဆရာ၊ ဆရာမများ၏ အရည်အသွေး တိုးမြှင့် ရေးကိုလည်း အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

အလားတူ ကျန်းမာသန်စွမ်းသည့် လူမှုအဖွဲ့အစည်း တည်ထောင်နိုင်ရေးနှင့် လူတစ်ဦးချင်းစီ၏ ပျမ်းမျှသက်တမ်းတိုးမြှင့်နိုင်ရန်အတွက် ကျန်းမာရေးဝန်ဆောင်မှု များတိုးမြှင့်ခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် အစားအသောက်များ ကို မျှတစွာစားသုံးနိုင်ရန် ပညာပေးလုပ်ငန်းများ မြှင့်တင်ခြင်း၊ အစားအစာဘေးကင်း လုံခြုံရန်အတွက် စစ်ဆေးခြင်းများနှင့် ကျန်းမာရေးအတွက် လိုအပ်သည့်ဆေးဝါးနှင့် ကုသရေးကိရိယာများ ခေတ်မီစွာသုံးစွဲနိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်မည့် အစီအမံများကိုလည်း ရေးဆွဲရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးဝါးများ အဆင့်မြှင့် တင်နိုင်ရန်နှင့် ကျေးလက်ဒေသ ကျန်းမာရေးလုပ်ငန်းများ လက်လှမ်းမီစေရေး အတွက်လည်း ဘဏ္ဍာငွေခွဲဝေချထားပေးလျက်ရှိသည့်အတွက် ရည်မှန်းထားသည့် လုပ်ငန်းများ အောင်မြင်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

အားကစားကဏ္ဍ မြှင့်တင်ရေးနှင့်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးတို့ အတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးရေးနှင့် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း၊ မြို့နယ်များတွင် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လျာထားဆောင်ရွက်ပေးထားသည်ကို သိရှိရပါ ကြောင်း၊ ပညာရေးနှင့် အားကစားတွဲဖက်သင်ယူနိုင်သည့် အခွင့်အလမ်းများ တိုးတက် စေရေးကိုလည်း သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း။

မမျှော်မှန်းနိုင်သော သဘာဝဘေးများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် များအတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျစီမံရမည်ဖြစ်ပါကြောင်း၊ ထိခိုက်လာ ပါကလည်း အထိအခိုက်၊ အပျက်အစီး အနည်းဆုံးဖြစ်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကြိုတင် ပြင်ဆင်မှုများကို စနစ်တကျ ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ စီမံကိန်းလုပ်ငန်း များအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကဏ္ဍဆိုင်ရာ တာဝန်ယူ ထားကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာကို တာဝန်ယူထားကြ သည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာ ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်းထည့်သွင်းပြောကြားလိုပါကြောင်း။

ဆက်စပ်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကိုလည်း ပါဝင်ပတ်သက်ကြ သည့် ဌာနများအကြားတွင် ကျိုးကြောင်း ဆီလျော်စွာဖြင့် ပေါင်းစပ်ဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ သီးနှံအထွက်နှုန်းများ တိုးတက်စေရေးအတွက် လိုအပ် သည့် သွင်းအားစုများကို ပြည်တွင်းမှ ထုတ်လုပ်နိုင်ရေးကိုလည်း လမ်းညွှန်ထားပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသ၏ အားသာ ချက်များအပေါ်မူတည်ပြီး ဒေသစားနပ်ရိက္ခာ ဖူလုံရေးနှင့်ပိုလျှံမှုကို ပြည်တွင်းနှင့် ပြည်ပသို့ တိုးချဲ့တင်ပို့နိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးမည့်လုပ်ငန်းများနှင့် ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများကို ဦးစားပေး အကောင် အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ရှေ့နောက်ညီညွှတ်မှုနှင့် အလျင်အမြန်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဦးစားပေးအလိုက်ခွဲခြားပြီး လက်တွေ့ကျကျဆောင်ရွက်သွားရန် လိုမည်ဖြစ်ပါကြောင်း၊ ယနေ့တင်ပြမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း လျာထားချက်များကို သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာန၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းများ အောင်မြင်စေရေးအတွက် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်လိုမည်ဖြစ်ပါကြောင်း၊ မိမိတို့တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက်ပါက အောင်မြင်မှုမလွဲဧကန်ရရှိ နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပေါင်းစည်းဆောင်ရွက်မှု နည်းလမ်း ဖြင့် ဆောင်ရွက်သွား ကြရန်မှာကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပေးပို့လာသည့် အချက်အလက်များနှင့် စာရင်းဇယားများအပေါ်အခြေခံ၍ (၅)နှစ်အမျိုးသားစီမံကိန်း အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ပျမ်းမျှ ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်ရည်မှန်ထားပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံ၏ MRCRO စီးပွားရေးအခြေအနေနှင့် စီးပွားရေးမျှော်မှန်း ချက်အနေဖြင့် နှစ်လယ်လူဦးရေပျမ်းမျှ ခန့်မှန်း ၅၅ ဒသမ ၈ သန်းပေါ်မူတည်၍ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို ကျပ်သန်း ၁၂၃ ၉၃၃ ၇၄၁ ဒသမ ၉၊ ဂျီဒီပီတိုးတက်နှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ကဏ္ဍကြီးအလိုက် ပုံမှန်ဈေးနှုန်းများအရ တိုးတက်မှုနှုန်းအနေဖြင့် လယ်ယာကဏ္ဍကြီး ၂ ဒသမ ၃ ရာခိုင် နှုန်း၊ စက်မှုကဏ္ဍကြီး ၄ ဒသမ ၀ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီး ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ရေး စီးပွားရေးပုံသဏ္ဍာန်ပြောင်းလဲမှုအနေဖြင့် ဂျီဒီပီ၌ ကဏ္ဍကြီး များ၏နှစ်အလိုက် ဈေးနှုန်းများအရပါဝင်မှု အချိုးအစားကို လယ်ယာကဏ္ဍကြီး ၂၂ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍကြီး ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၁ ရာခိုင်နှုန်းမှ ၃၇ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၄၀ ဒသမ ၀ ရာခိုင်နှုန်းမှ ၃၉ ဒသမ ၉ ရာခိုင်နှုန်း အသီးသီးပြောင်းလဲဖြစ်ပေါ်ရန် ရည်မှန်း လျာထားသည်ကို တွေ့ရပါကြောင်း။

အမျိုးသားစီမံကိန်းရည်မှန်းချက်များ အပြည့်အဝအကောင်အထည်ဖော်ရာတွင် နိုင်ငံ၏ လူမှုစီးပွားအခြေအနေများသာမက ပြည်ပသက်ရောက်မှု၊ ကုန်သွယ်ဘက် မိတ်ဆွေနိုင်ငံများ၏ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်သတိပြုကြရန် လိုအပ်သကဲ့သို့ FDI ပိုမိုစီးဝင်စေရေး၊ ကုန်သွယ်မှု တိုးမြှင့်စေရေးအပါအဝင် မိတ်ဘက်နိုင်ငံများနှင့် ဆက်ဆံမှုပြုရာတွင် ဥပဒေ၊ စည်းမျည်း၊ စည်းကမ်းခိုင်မာအားကောင်းစေရေးနှင့် လုံခြုံတည်ငြိမ်ရေးသည်လည်း အရေးပါသည့် အဓိကအကျုံးဝင်သော အချက်ဖြစ်သည်ကို ဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အထက်ပါအချက်များ ဆောင်ရွက်နိုင်ရေး ယနေ့အချိန်အတွက် အထူးအရေးကြီးသည့် အချက်သည် ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ ဘေးဆိုးကြီး၏ ရိုက်ခတ်မှုအန္တရာယ်မှ လျင်မြန်စွာလွန်မြောက်စေရန်၊ ကိုဗစ်ကပ်ရောဂါ နှင့်အတူ ယှဉ်တွဲ လုပ်ငန်းဆောင်ရွက်နိုင်စေရန်အတွက်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိရာ ပြည်တွင်း၌ Ready to Fill စနစ်ဖြင့် စတင်ထုတ်လုပ်နိုင် ပြီဖြစ်သကဲ့သို့ ၂၀၂၂ ခုနှစ်ဧပြီလကုန်အပြီး တစ်နိုင်ငံလုံး ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံပြီးစီးရေးကိုလည်း ရည်မှန်းချက်ထားလျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံ ပြီးစီးရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က (၅)နှစ် စီမံကိန်းမူဘောင်နှင့် အဆိုပါမူဘောင်၏ ပထမနှစ်ဖြစ်သည့် ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း အဆိုပြုမူကြမ်း ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သက်ဆိုင် ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ထားရှိမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ အမျိုးသား စီမံကိန်းဆိုသည်မှာ (၅)နှစ်အမျိုးသားစီမံကိန်းအပေါ်အခြေခံ၍ သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အဆိုပြုချက်များဖြင့် လျာထားဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရေးအတွက် စီမံကိန်း လျာထားချက်များအတိုင်း အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စု ဝန်ကြီးများသည် ပြည်ထောင်စုအဆင့် တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများအောင်မြင်ပြီးမြောက်စေရေး တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အလုပ်တစ်ခုပြီးမြောက်နိုင်ရန်အတွက် သာမန်သာဆောင်ရွက်နေမှု မျိုးမဟုတ်ဘဲ မိမိတို့လုပ်ဆောင်သင့်သည်များကို တွန်းအားမပါဘဲ အသိစိတ် ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ကြရန်တာဝန်ရှိကြောင်း၊ စီမံကိန်းများ အောင်မြင်စေရန် အတွက် ဆောင်ရွက်ရာတွင် သွင်းအားစုများမှန်မှန်ရရှိအောင် စီမံဆောင်ရွက်ပေးရန်နှင့် အကျိုးရှိရှိအသုံးချကြရန်လိုကြောင်း၊ ငွေကြေးများသုံးစွဲရာတွင်လည်း လုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျသုံးစွဲကြရန်လိုပြီး မကုန်သင့်သည်များ ကုန်ကျမှုမရှိ ရန် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းပြည်အတွက် စေတနာထားဆောင်ရွက် ကြရန်လိုကြောင်း၊ လုပ်ငန်းများပြီးစီးရန်အတွက် အကြောင်းအမျိုးမျိုးကြောင့် အခက် အခဲများဖြစ်ပေါ်လျက်ရှိပြီး ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်များအနေဖြင့် ကျော်လွှားနိုင်ရေး အတတ်နိုင်ဆုံးဖြေရှင်း ဆောင်ရွက်ကြရန်လိုပြီး အဆင့်ဆင့်တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိရန်လိုကြောင်း၊ တာဝန်မဲ့သည့်သူများကိုလည်း တာဝန်မပေးမိရန် အရေးကြီးကြောင်း၊ အဓိကအားဖြင့် ငွေကြေးနှင့်ပတ်သက်၍ ငွေကြေးတန်ဖိုးခိုင်မာရန် လိုကြောင်း၊ ကုန်ထုတ်လုပ် မှုနှင့် ကုန်သွယ်မှုများမှရရှိသည့်ဝင်ငွေများ၊ ကုန်သွယ်မှုမှအပရရှိသည့် ဝင်ငွေများရှိ ကြောင်း၊ ကုန်ထုတ်လုပ်မှုမှရရှိသည့် ဝင်ငွေသည်အရေးကြီးကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အဓိကထားဆောင်ရွက်၍ရကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်များပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ပါက ပြည်ပသွင်းကုန်များကို လျှော့ချနိုင် သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်ပြီး ပြည်သူများဝင်ငွေရရှိ လာမည်ဖြစ်ကာ ငွေကြေးလည် ပတ်မှုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ငွေကြေးလည် ပတ်စီးဆင်းမှုကောင်းမွန်လာပြီဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းမွန် လာမည်ဖြစ်ကြောင်း။

နိုင်ငံခြားငွေလိုအပ်မှုလျှော့ချနိုင်ရေးအတွက် ကုန်သွယ်မှုတွင် စားကုန်၊ သောက် ကုန်နှင့် သုံးကုန်များတင်သွင်းမှုကို တတ်နိုင်သမျှလျှော့ချရန်လိုကြောင်း၊ နိုင်ငံခြား လိုငွေများလျှော့ချနိုင်မည်ဆိုပါက မိမိတို့နိုင်ငံ၏ငွေကြေးတန်ဖိုး မြင့်တက်လာမည် ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ တိုးတက်မှုရှိစေရေးအတွက် တာဝန်ရှိသူများ အနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေ ကျဆင်းသွားပြီဖြစ်ကြောင်း၊ ကိုဗစ်ကြောင့် တုန့်ဆိုင်းခဲ့သည့် လုပ်ငန်းများပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပေးအပ်ထားသည့် စီမံကိန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသူ များကို တာဝန်ပေးအပ်မှုမရှိရန်လိုကြောင်း၊ သို့မှသာနိုင်ငံတိုးတက်လာမည်ဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကို ပြဋ္ဌာန်းတော့မည်ဖြစ်သည့်အတွက် ဥပဒေ မပြဋ္ဌာန်းမီ ကြိုတင်စီမံဆောင်ရွက်သင့်သည့် ကိစ္စရပ်များကိုကြိုတင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ကာလအတွင်း တွင်လည်း အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှုသည့် လုပ်ငန်းစဉ်များကို တစ်ပါ တည်း ဆောင်ရွက်သွားရန် လိုမည်ဖြစ်ပါကြောင်း။

မေခရိုစီးပွားရေးတည်ငြိမ်ရေးသည် အရေးကြီးပြီး စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းများအပါအဝင် ဈေးနှုန်းတည်ငြိမ်ရေးအတွက်ကိုလည်း ထိန်းကျောင်း ကြပ်မတ်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်ထုတ်လုပ်မှုကဏ္ဍများအနေဖြင့် ပြည်တွင်း စားသုံးမှုဖူလုံစေရေး၊ လျာထားချက် ပြည့်မီစေရေးတို့အတွက် ကုန်ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက်တွင် ကြီးကြပ်ဆောင်ရွက်ရန်လိုမည်ဖြစ်ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ အင်အားသည် စီးပွားရေးအင်အားပေါ်တွင် များစွာမူတည်နေသည့်အတွက် စီးပွားရေး ကောင်းမွန်စေရေးသည် အလွန်အရေးကြီးပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲ သည့် စီးပွားရေးတိုးတက်မှုပုံစံဖြစ်စေရေးကို အလေးထားရမည်ဖြစ်သည့်အတွက် ခွင့်ပြုထားသည့် စီမံကိန်းအသုံးစရိတ်များကို စနစ်တကျသုံးစွဲပြီး ရသင့်ရထိုက်သည့် ရငွေများကို ပြည့်မီစွာကောက်ခံရရှိရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရငွေလျာထားချက်ပြည့်မီပြီး ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုးလျော့နည်း လာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီမံကိန်းအသုံးစရိတ်များကို အမှန်တကယ် ကျခံသုံးစွဲရမည့် စရိတ်များ ဖြစ်စေရေးတို့ကို ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် အတွက် မြေပြင် တွင် ရှိနေသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပြီး ကျော်လွှားနိုင်ရန်အတွက်လည်း သုံးသပ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများတွင် ငွေပေးချေ ရမည့် ကိစ္စရပ်များအတွက် ပြည်တွင်းသုံးကျပ်ငွေကို သုံးစွဲနိုင်ရန်နှင့် ခွင့်ပြုရန်ပုံငွေမှ အမှန်တကယ်ပေးချေရမည့် အသုံးစရိတ်များကိုသာ ပေးချေရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ပြည်ပမှ မှာယူတင်သွင်းမည့် ကိစ္စရပ်များမှာလည်း ပြည်တွင်းတွင် မရရှိမှသာ ဆောင်ရွက်ရန်နှင့် နိုင်ငံခြားငွေချွေတာ သုံးစွဲရေးကိုလည်း အထူးသတိပြုဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ အခုအတည်ပြုပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် အမျိုးသားစီမံကိန်းပါလုပ်ငန်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဆောင်ရွက် ရမည့် ကိစ္စရပ်များအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်သွားရန် လိုမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် နေရာတွင်လည်း အဆင်ပြေချောမွေ့ မှုရှိသကဲ့သို့ အခက်အခဲလည်း ရှိလာမည်ဖြစ်သည့်အတွက် အခက်အခဲများကို စုပေါင်း အားနှင့် ကျော်လွှားနိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။