တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)တို့၏ ကုန်ထုတ်စွမ်းအားမြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ချည်မျှင်နှင့်အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်

နေပြည်တော် ဇူလိုင်  ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)နှင့် အမှတ်(၃) ဘိလပ်မြေစက်ရုံ (တန် ၁၂၀၀)တို့၏ ကုန်ထုတ် စွမ်းအား မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)   

 ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)သို့ ရောက်ရှိ ကြရာ  စက်ရုံအစည်းအဝေးခန်းမ၌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စက်ရုံသို့လာရောက်စစ်ဆေးစဉ် လမ်းညွှန် ချက်များအား  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊   စက်ရုံတွင်  ဌာနအလိုက် တပ်ဆင်ထားသောစက်များ၏ စွမ်းပကားများ၊  စက်ရုံမှ ချည်အမျိုးမျိုး၊ အထည်နှင့်ချုပ်ထည်အမျိုးမျိုးကို ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ချည်ထည်များထုတ်လုပ်ရာတွင် အရေအတွက်ထက် အရည် အသွေးကို ပိုမိုဦးစားပေး၍ဆောင်ရွက်သွားရန်လိုကြောင်း၊    ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့်    အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော   ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်၍  ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးဆောင်ရွက်ရာတွင်လည်း အမှန်တကယ် သက်သာချောင်ချိမှုရရှိအောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြသထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စ များနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ် ချည်ထည်များ၏ အရည်အသွေးအား ဆက်လက်ထိန်း သိမ်းသွားရန်၊ ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ ချည်ငင်အလုပ်ရုံ၊ ချည်ကျစ်အလုပ်ရုံ များအတွင်းချည်များအဆင့်ဆင့် ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က   စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါ တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ) အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက်လိုအပ်သည့် ဝတ်စုံများကိုချုပ်လုပ်ပေးလျက်ရှိ သကဲ့သို့ ကျောင်းဝတ်စုံများ၊ အခြားနေ့စဉ်သုံးချည်ထည်ပစ္စည်းများကိုလည်း ထုတ်လုပ် ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ဝတ်ရေးကို ပိုမိုအထောက် အကူပြုစေရန်နှင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများတိုးတက်စေရေး ဆောင်ရွက်လျက်ရှိချိန်တွင် တပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ (မိတ္ထီလာ)အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၂/၈၀ ချည်ချောစက်ရုံခွဲကိုထပ်မံတိုးချဲ့တည်ဆောက်နိုင်ခဲ့ပြီး ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် စက်မှုလုပ်ငန်းများအတွက် လိုအပ်ချက်ရှိနေသည့် ချည်မျှင်နှင့်အထည်အလိပ်များကိုအတိုင်းအတာတစ်ခုအထိထုတ်လုပ် ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့်သတ်မှတ်ထားသည့်  အရည်အသွေးစံနှုန်းများအတိုင်း ပြည့်မီစွာထုတ်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။

အမှတ်(၃) ဘိလပ်မြေစက်ရုံ  (တန် ၁၂၀၀)               

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် မွန်းလွဲပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း အမှတ်(၃) ဘိလပ်မြေစက်ရုံ(တန် ၁၂၀၀) သို့ရောက်ရှိကြရာ   စက်ရုံအစည်းအဝေးခန်းမတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ညိုစောက   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှတ်(၃) ဘိလပ်မြေစက်ရုံ(တန် ၁၂၀၀)သို့ ရောက်ရှိစစ်ဆေးခဲ့စဉ်လမ်းညွှန်မှာကြားချက်များအား အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ပြည်တွင်းရှိဘိလပ်မြေစက်ရုံများ၏ ကုန်ထုတ်လုပ်နိုင်မှု စွမ်းအားများ ကိုလည်းကောင်း၊ စက်ရုံမှူးကစက်ရုံဆိုင်ရာအချက်အလက်များ၊ဘဏ္ဍာရေးနှစ်အလိုက် ဘိလပ်မြေများ ထုတ်လုပ်ရောင်းချပေးနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်များအားဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်ရန်၊ သင့်တင့်မျှတသည့်ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်ပေးသွားရန်၊ ကုန်ထုတ်စွမ်းအားများ စက်စွမ်းအားအလိုက် စွမ်းအားပြည့်လည်ပတ် ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာ ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘိလပ်မြေစက်ရုံအတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်   လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူတစ်ဦးက     လက်ခံရယူခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။