ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမူမပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်
နေပြည်တော် ဩဂုတ် ၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ဇနီး ဒေါ်ကြူကြူလှ၊ အမျိုးသားကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ပဲခူးမြို့၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီး ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ရောက်ရှိကြပြီး ရွှေနန်းတော်အတွင်း ယခင်မြေနန်းပြာသာဒ်ဆောင်နေရာမှ တူးဖော်ရရှိသည့် ကျွန်းတိုင်လုံးကြီးများ ပြသထားရှိမှု၊ ရှေးခေတ်မြန်မာမင်းတို့၏ ကန်တော့ခံအခမ်းအနားပုံစံအား ရေးဆွဲပြသထားရှိမှု၊ အနော်ရထာမင်းတရားကြီး၏ သီရိဇေယျဘူမိရွှေနန်းတော်(ပုဂံခေတ်)၊ ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီ ရွှေနန်းတော်(ဟံသာဝတီခေတ်)၊ အလောင်း မင်းတရားကြီး၏ ရွှေဘုံရတနာမင်္ဂလာ ရွှေနန်းတော်(ကုန်းဘောင်ခေတ်)၊ မင်းတုန်း မင်းတရားကြီး၏ မြနန်းစံကျော်ရွှေနန်းတော် (ရတနာပုံခေတ်) စသည့် နန်းတော်ကြီး များအား နဂိုမူလပုံစံအတိုင်း တည်ဆောက်ပြုပြင်ထိန်းသိမ်းထားရှိမှု မှတ်တမ်းဓာတ်ပုံ များ၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်အားပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ မြေနန်းပြဿာဒ်တော်ကြီးထိန်းသိမ်းထားရှိမှု၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်အား ပြန်လည် ဖော်ထုတ်ခြင်းမှတ်တမ်းဓာတ်ပုံများပြသထားရှိမှု စသည့် ပြခန်းအသီးသီးအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးအတွင်း ခင်းကျင်းပြသထားရှိသည့် ရှေးဟောင်းကျွန်းလုံးတိုင်ကြီးများ၊ ရှေးဘုရင်များအသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်းများ ပြသထားရှိမှု၊ သမိုင်းကြောင်းအထောက်အထားများသည် ငွေကြေးဖြင့် တန်ဖိုးဖြတ်၍မရနိုင်သည့် အဖိုးတန်အမွေအနှစ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသေးစိတ်စနစ်တကျဖြင့် တန်ဖိုးထားလက်ဆင့်ကမ်း ထိန်းသိမ်းသွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ပုံများ၊ ပန်းချီများကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ကြည်လင်ပြတ်သားမှုနှင့် ဓာတ်ပုံအရည်သွေးကောင်းမွန်မှုရှိအောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှေးမြန်မာမင်းတို့လက်ထက် မြန်မာနိုင်ငံတော်၏ အမျိုးဘာသာ၊သာသနာနှင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ၊ အနုသုခုမပညာရပ်များ၊ ဘုရင့်နန်းတော်ကြီးများ၏ ကြီးကျယ်ခမ်းနားစွာဖြင့် တည်ဆောက်ထားရှိမှုများနှင့် ဩဇာတိက္ကမကြီးမားကျယ်ပြန့်ခဲ့မှုများကို ပုံပေါ်အောင်ခင်းကျင်းပြသ ထိန်းသိမ်းသွားရန်လိုကြောင်း၊ ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း သန့်ရှင်းသာယာလှပစေရေး အမြဲမပြတ်ထိန်းသိမ်းဆောင်ရွက်နေရမည်ကြောင်း၊ အလားတူဟံသာဝတီမြို့တော်ဟောင်းနေရာအား ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟံသာဝတီမြို့ဟောင်း၊ ကမ္ဘောဇသာဒီနန်းတော်၏ ကျုံးကိုလည်း တစ်ဆက်တစ်ဆက်တည်းဖြစ်အောင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘုရင့်နောင်မင်းတရားကြီး စီးနင်းအသုံးပြုခဲ့သည့် မြင်း ၁၆ ကောင်ကသော ရထားတော်ကြီး မူလအရွယ်အစားပုံစံတူပြဆောင်အား ရှေးမူမပြတ်ပြန်လည် တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟံသာဝတီမြို့ရိုးရှိ သိန္နီတံခါးနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပဲခူးမြို့၊ ဟံသာဝတီမြို့ဟောင်း၊ ကျုံး၊ မြို့ရိုးနှင့် မြိုတံခါးများဆိုင်ရာအချက်အလက်များနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို မိမိတို့အနေဖြင့် ရှေးမူမပျက်စေဘဲ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ထားရှိခြင်းသည် အနာဂတ်လူငယ်များအနေဖြင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုထွန်းကားလာအောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရွက်၍ ရှေးဟောင်းသမိုင်းဝင် အထင်ကရအမွေအနှစ်များဖြစ်သည့်အတွက် စနစ်တကျဖြင့် ပုံစံတကျဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဟံသာဝတီမြို့ဟောင်း မြို့ရိုးတစ်လျှောက်တွင် ရှေးယခင်ကတည်းကရှိပြီးဖြစ်သည့် ရှေးဟောင်းကျုံးနေရာများအား ပြန်လည်တူးဖော်ထိန်းသိမ်းသွားရန်လိုကြောင်း၊ သိန္နီတံခါးရှိတံတားကိုလည်း ခေတ်မီနည်းပညာများအသုံးပြု၍ ရှေးမူလက်ရာများအတိုင်း ပြန်လည်ပြုပြင်တည် ဆောက်သွားရန်လိုကြောင်း၊ ကျုံးဘေးဝန်းကျင်၌ ပြည်သူများအေးချမ်းစွာဖြင့် အနားယူအပန်းဖြေရန်နေရာများ၊ ကိုယ်လက်ကြံ့ခိုင်ရေးဆောင်ရွက်နိုင်သည့် နေရာ များကို ဆောင်ရွက်ပေးသွားရန်လိုသကဲ့သို့ ကျုံးဘေး၌ မျက်စိပသာဒဖြစ်စေရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဟံသာဝတီမြို့ရိုးနှင့် ကျုံးဘေးတစ်လျှောက်နှင့် ပဲခူးမြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပဲခူးမြို့အတွင်းဖြတ်သန်းစီးဆင်းသွားသည့် ပဲခူးမြစ်အားကျောက်စီ နံရံများပြုလုပ်၍ ရေစီးဆင်းမှုများကောင်းမွန်စေရေး စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။
မြန်မာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃ ) ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် ဟံသာဝတီဒေသ၌ အကျယ်အဝန်း ၃၄၀၀ စတုရန်းမီတာရှိကာ မြို့ရိုးပတ်လည် တစ်ဖက်တစ်ချက်စီတွင် မြို့တံခါးငါးပေါက်ပါရှိပြီး စုစုပေါင်း မြို့တံခါး ၂၀ ဖြင့် တည်ဆောက်ထားသည့် ကြီးကျယ်ခမ်းနားသည့် နန်းတော်သစ်တစ်ခုကို တည် ဆောက်ခဲ့ပြီး “ကမ္ဘောဇသာဒီ” ဟု ခေါ်တွင်စေခဲ့ကြောင်း၊ မြန်မာသက္ကရာဇ် ၉၄၃ ခုနှစ်(အေဒီ ၁၅၈၁) ခုနှစ်၊ သက်တော် ၆၆ နှစ်တွင် ဘုရင့်နောင်မင်းတရားကြီး နတ်ရွာစံခဲ့ပြီး သားတော်နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီမြို့ပျက်စီးခဲ့ရကာ “ကမ္ဘောဇ သာဒီ” နန်းတော်ကြီးမှာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ထို့နောက် နှစ်ပေါင်း ၄၀၀ ကျော်ခန့် အပျက်အစီးများအောက်တွင် တိမ်မြုပ်ပျောက်ကွယ်ခဲ့ရသည့် “ကမ္ဘောဇ သာဒီ”နန်းတော်ကြီးကို ရှေးဟောင်းသုတေသနဦးစီးဌာနက ၁၉၉၀ ပြည့်နှစ် နှစ်ဆန်း ပိုင်းမှ ၁၉၉၇ ခုနှစ်အထိ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြေနန်းပြာသာဒ်ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် စတင်သုတေသနပြုတူးဖော်ခဲ့ရာ မြေနန်းပြာသာဒ်ဆောင်၊ စနုဆောင်၊ လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့၏ အုတ်ခုံပန္နက်များကိုတွေ့ရှိခဲ့ကြောင်း၊ အဆိုပါ နေရာများမှ ကျွန်းတိုင်လုံး အကြွင်းအကျန်များကို တွေ့ရှိခဲ့ရပြီး အချို့ကျွန်းတိုင် များတွင် ပေးပို့ဆက်သသူများ၏ အမည်များကိုရေးထိုးထားသည်ကို တွေ့ရှိရကြောင်း၊ ဘုရင့်နောင်မင်းတရားကြီး၏ မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲဝင်းဆောင်၊ လက်ယာ ဝင်းဆောင်နှင့် စနုဆောင်တို့ကို ပုံစံတူပြန်လည်တည်ဆောက်ရေးအတွက် တူးဖော်တွေ့ရှိရသည့် ပန္နက်ပုံ၊ မှတ်တမ်းအထောက်အထားများနှင့်ညှိနှိုင်း၍ ပုံစံတူ ပြန်လည်တည်ဆောက်ထားခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။